xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ် အကျိုးစီးပွားများ

Saturday, October 8, 2011

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ် အကျိုးစီးပွားများ

အခုအချိန်မှာ မြန်မာနိုင်ငံဘက်က မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထား လိုက်တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက် ဘယ်လို တုန့်ပြန် လာနိုင်သလဲ ဆိုတာ အမျိုးမျိုး မှန်းဆနေ ကြပါတယ်။ မြစ်ဆုံကိစ္စကို ဘယ်လို တုန့်ပြန်မလဲ ဆိုတာဟာ နောက်ထပ် မြန်မာနိုင်ငံထဲမှာ တရုတ်အတွက် ဘာအကျိုး စီးပွားတွေ ရှိနေသေးသလဲ၊ အဲဒါတွေက သူ့နိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲ ဆိုတဲ့ အချက် ပေါ်မှာလည်း မူတည်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံ အပေါ်မှာ ရှိနေတဲ့ တရုတ်ရဲ့ ရည်မှန်းချက်တွေ၊ အကျိုးစီးပွား တွေက ဘာတွေ ဖြစ်နိုင်သလဲ။
 
စွမ်းအင် ( ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း၊ ရေအားလျှပ်စစ်)
 
၂၀၁၀ ဇွန်လက စပြီး တရုတ်ဘက်က ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းကို စတည်ဆောက် နေပြီ။ ဒီ ပိုက်လိုင်း ပြီးသွားရင် မလက္ကာ ရေလက်ကြားကို မှီခိုနေရတဲ့ တရုတ်အတွက် အတော် စိတ်သက်သာရာ ရမယ်။ အခု တရုတ်အတွက် ရေနံ ၈၀% ကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနေယူနေရပြီး အဲဒါအားလုံးဟာ မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး သယ်နေရတာ ဖြစ်တယ်။ မလက္ကာ ရေလက်ကြားက အကြမ်းဖက်မှု၊ ပင်လယ် ဒါးမြတိုက်မှုတွေကြောင့် ပိတ်သွား နိုင်သလို အမေရိကန်နဲ့ ပဋိပက္ခ ပြင်းထန်ချိန်မှာ အမေရိကန်ဘက် ကလည်းအချိန်မရွေး ပိတ်လို့ရတယ်။ နောက်ဆုံး တောင်တရုတ် ပင်လယ် ဋိပက္ခကြောင့် အာဆီယံ နိုင်ငံတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ရင်တောင် အာဆီယံ နိုင်ငံတွေက ပိတ်ထားလို့ ရတဲ့နေရာ မျိုး ဖြစ်တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက ဖြတ်သွားတဲ့ ရေနံပိုက်လိုင်းဟာ မလက္ကာ ရေလက်ကြားကို လုံးလုံး မှီခိုနေရတဲ့ အခြေအနေကို သက်သာစေမှာ ဖြစ်တယ်။ ဒါဟာ တရုတ်အတွက် မဟာဗျူဟာ စီမံကိန်းပဲ။ 
 
နောက်တစ်ခါ ရခိုင်ကမ်းလွန်က ရတဲ့ သဘာဝဓာတ်ငွေ့ဟာ တရုတ် အနောက်တောင်ဘက် ပြည်နယ်တွေ အတွက်အရေးကြီးတယ်။ အဲဒီ ဓာတ်ငွေ့တွေကို ၂၀၁၃ ခုနှစ်မှာပို့ပြီဆိုရင် တရုတ်ဟာ ထိုင်းကို ကျော်တက်ပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဓာတ်ငွေ့ ဖောက်သယ် နိုင်ငံဖြစ်လာမယ်။ 
 
ရေအားလျှပ်စစ်ကတော့ နောက်ထပ် တရုတ်အတွက် အရေးကြီးတဲ့ အကျိုးစီးပွား ဖြစ်တယ်။ မြန်မာနိုင်ငံက ရေအရင်းအမြစ်ရဲ့ ၃% နီးပါးကိုပဲ ရေအားလျှပ်စစ် အတွက်ထုတ်ပြီး သုံးရသေးတယ်။ တရုတ်နိုင်ငံရဲ့ လျှပ်စစ် စွမ်းအင် လိုအပ်ချက် အများစုက ကျောက်မီးသွေးက ရနေတာ ဖြစ်ပြီး အဲဒီ ကျောက်မီးသွေးသိုက် တွေက ကုန်ခမ်းတော့မှာ ဖြစ်တယ်။ ဒီတော့ မြန်မာနိုင်ငံက ရေအားလျှပ်စစ် ကိုသာ ယူနိုင်ရင် မကုန်ခမ်းနိုင်တဲ့ စွမ်းအင် အရင်းအမြစ်ကို ရမှာ ဖြစ်တဲ့အပြင် ကျောက်မီးသွေး စက်ရုံတွေကြောင့် ဖြစ်တဲ့ လေထုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ကိုလည်း လျှော့ချနိုင်မှာ ဖြစ်တယ်။ 
 
အနောက်ဘက်ထွက်ပေါက်
 
မော်စီတုံး လက်ထက်ထဲက တရုတ် မဟာဗျူဟာ သမားတွေက တရုတ်ဟာ ပင်လယ် တစ်ခုထဲကို အားကိုး နေရတဲ့ ဘဝကနေ ပင်လယ်နှစ်ခု ပိုင်တဲ့ ဘဝရောက်အောင် လုပ်ရမယ်လို့ စဉ်းစားခဲ့ကြ တယ်လို့ ဆိုတယ်။ ပင်လယ်တစ်ခု ဆိုတာက ပစိဖိတ် သမုဒ္ဒရာဘက်ကိုပဲ မျက်နှာမူနေရတဲ့ဘ၀ကနေ ပင်လယ်နှစ်ခုအဖြစ် အိန္ဒိယ သမုဒ္ဒရာ ဘက်ကိုပါ မျက်နှာ မူနိုင်ရမယ်။ ဒါမှာ အမေရိကန်နဲ့ ဂျပန် ရေတပ်ရဲ့ ပိတ်ဆို့ခြင်း ကနေ ထွက်ပေါက် ရမယ်လို့ ဆိုတာ ဖြစ်တယ်။ ဒါ့ကြောင့်လည်း အရင်တုံးက ဗမာပြည် ကွန်မြူနစ် ပါတီကို ငွေ၊ ပစ္စည်း၊ လူပုံပြီး ထောက်ခံခဲ့တာ ဖြစ်ပြီး ဗကပတွေ အလုပ် မဖြစ်နိုင်မှန်း သိတော့မှ နဝတဘက် ကိုလုံးလုံး မျက်နှာမူပြီး ပူးပေါင်း ကူညီလာတာ ဖြစ်တယ် သုံးသပ်မယ် ဆိုရင် သုံးသပ်လို့ ရတယ်။ ၁၉၈၈ နောက်ပိုင်း အနောက် နိုင်ငံတွေက မြန်မာကို ပိတ်ဆို့ထာားတဲ့ အတွက်လည်း တရုတ်တို့ မဟာဗျူဟာ အကောင်အထည် ဖော်ရတာ ပိုပြီး လွယ်သွားတာလည်း ဖြစ်နိုင်တယ်။ 

 
နောက်တစ်ချက်က တရုတ် နိုင်ငံထဲက ယူနန်၊ စီချွမ် စတဲ့ အနောက်တောင်ပိုင်းက ပြည်နယ်တွေဟာ ကမ်းရိုးတန်းနဲ့ အလယ်ပိုင်း ဒေသ ပြည်နယ်တွေထက် အများကြီး ဖွံ့ဖြိုးမှု နောက်ကျနေတယ်။ အဲဒီ ပြည်နယ်တွေ တိုးတက်ဖို့ အတွက် မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား ဈေးကွက်တွေက အရေးကြီးတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် ရှိတဲ့အပြင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ တောင်အာရှ ဈေးကွက်နဲ့လည်း ချိတ်လို့ရတယ်။ ဒါ့ကြောင့် မြန်မာဟာ တရုတ်အတွက် အရေးကြီးတဲ့ အနောက်ဘက် ထွက်ပေါက် ဖြစ်နေပါတယ်။ 
 
အမေရိကန်လွှမ်းမိုးမှု
 
တရုတ်တွေက အမေရိကန်ဟာ စစ်အေးတိုက်ပွဲ တုံးက ဆိုဗီယက်ကို လုပ်ခဲ့သလိုပဲ ပစိဖိတ် တောင်ပိုင်းဒေသနဲ့ အိန္ဒိယ သမုဒ္ဒရာမှာ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ မဟာမိတ် အဖွဲ့တွေ၊ စစ်စခန်း ချထားခွင့်တွေ လုပ်ပြီး တရုတ် နိုင်ငံကို ထိန်းချုပ်ဖို့၊ ဝိုင်းပတ်ဖို့ ကြိုးစား နေတယ်လို့ ယူဆနေတယ်။ စက်တင်ဘာ ၁၁ နောက်ပိုင်းမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ခေါင်းစဉ်၊ မလက္ကာ ရေလက်ကြား လုံခြုံရေး ခေါင်းစဉ်တွေ အောက်က စစ်ရေး လေ့ကျင့်မှုတွေ၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်တာအပေါ် တရုတ်က အမြဲသံသယရှိတယ်။ အိုဘားမားအစိုးရလက်ထက်မှာ မြန်မာကို ပိတ်ဆို့ရေး တစ်ခုတည်း မဟုတ်ပဲ ပိတ်လည်းပိတ်၊ စကားလည်းပြောမူဝါဒကိုပြောင်းကျင့်သုံးတာဟာလည်း ဒီမဟာဗျူဟာ ကြောင့်လို့ တရုတ်ဘက်က ယူဆထားတယ်။ မြန်မာနဲ့ အမေရိကန်သာ အဆင်ပြေသွားရင် တရုတ်ရဲ့ ပိုက်လိုင်းတွေ လုံခြုံရေး အတွက် စိုးရိမ်ရတဲ့ အပြင် ပိတ်ဆို့မှုအောက်မှာ အလုပ်ဖြစ်ခဲ့တဲ့ တရုတ် ကုမ္ပဏီတွေလည်း အခက်တွေ့မှာ ဖြစ်တယ်။ ဒီတော့ အနာဂတ်မှာ တရုတ်ဟာ မြန်မာနိုင်ငံနဲ့ ပက်သက်ရင် ကဏ္ဍအားလုံးမှာ အမေရိကန်နဲ့ ပြိုင်ဖို့ လိုလာတော့မှာ ဖြစ်သလို အိန္ဒိယနိုင်ငံနဲ့လည်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 
 
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အိုင်စီဂျီက ထုတ်တဲ့ စာတမ်း တစ်စောင်မှာ မြန်မာဟာ အမေရိကန်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ခြင်းဖြင့် မြန်မာနိုင်ငံ အတွင်းမှာ တရုတ်ရဲ့ သြဇာ လွှမ်းမိုးလာမှုကို တန်ပြန်နိုင်အောင် ကြိုးစား နေတယ်လို့ သုံးသပ်ထားတယ်။ 
 
တရုတ်ကလည်း ဒီလို မြင်တဲ့အတွက် မြန်မာနဲ့ ဆက်ဆံရေးကို ပိုပြီးခိုင်မာအောင် လုပ်ဖို့ကြိုးစားနေတာဖြစ်တယ်။ ၂၀၀၉ မတ်လနဲ့ ၂၀၁၀ ဇူလိုင်လကြားမှာ တရုတ်ပေါ်လစ်ဗျူရို အဖွဲ့ဝင်ကိုးဦးအနက်သုံးဦးက မြန်မာနိုင်ငံကို လာခဲ့တယ်။ အစိုးရ သစ်တာဝန်ယူပြီးနောက် ပေါ်လစ်ဗျူရို အဖွဲ့ဝင်နှစ်ဦးနဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌတစ်ယောက်တို့ လာခဲ့တယ်။ ဒါဟာ တရုတ်နိုင်ငံအနေနဲ့ မြန်မာ-တရုတ်ဆက်ဆံရေးကို အလေးထားမှု၊ သူတို့ရဲ့ မဟာဗျူဟာအကျိုးစီးပွားအရ အရေးပါ မှုကို သက်သေပြနေတာလည်းဖြစ်တယ်။
 
သုံးသပ်ချက်
 
ဒီတော့ မဟာဗျူဟာအရ ပြောရရင် မြစ်ဆုံ ကိစ္စဟာ ယူနန်ပြည်နယ် လျှပ်စစ် လိုအပ်ချက် အတွက် အရေးကြီးတာ မှန်ပေမယ့် ဒီထက် အရေးကြီးတဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေ ရှိနေသေးတဲ့ အတွက် တရုတ် အနေနဲ့ လူသိရှင်ကြား ပြင်းပြင်း ထန်ထန် တုန့်ပြန် လိမ့်မယ်လို့ မထင်ဘူး။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အကြောင်းပြပြီး သိမ်သိမ်မွေ့မွေ့ ဖြေရှင်း သွားလိမ့်မယ် လို့ ထင်ရတယ်။ 
 
နောက်တစ်ချက်က တရုတ်အစိုးရ ဘက်က လူသိရှင်ကြား ပြင်းပြင်းထန်ထန် လုပ်လာမယ် ဆိုရင် အခုဖြစ်နေတဲ့ တရုတ် ဆန့်ကျင်ရေး ခံစားချက်တွေက ပိုကျယ်ပြန့် သွားပြီး လွှတ်တော်ထဲမှာ တရုတ်နဲ့ ဖက်စပ် စီမံကိန်း မှန်သမျှ မေးခွန်းထုတ် ခံရ ကန့်ကွက်ခံရတဲ့ အဖြစ်ကို ရောက်သွား နိုင်တယ် ဆိုတာ တရုတ်တို့ ထည့်တွက်မှာပဲ ဖြစ်ပါတယ်။ 
 
ဒါကတော့ ဖြစ်လာနိုင်တဲ့ အခြေအနေပါ။ သို့သော် အခု ပြောနေတာက ပြောင်ကျကျ ဖြစ်လာနိုင်တဲ့ အခြေအနေကို ပြောတာသာ ဖြစ်တယ်။ လက်သီးပုန်း ထိုးတဲ့ ကိစ္စတွေ အတွက်လည်း မျှော်လင့်ထားဖို့ လိုပါတယ်။ ဥပမာ။ ဖွံ့ဖြိုးရေး ချေးငွေ ကိစ္စ၊ နယ်စပ်ဒေသက တိုင်းရင်းသား အဖွဲ့တွေ ကိစ္စ၊ အခု အတိုက်အခံတွေ တောင်းဆိုနေတဲ့ စုံစမ်းရေး ကော်မရှင်ကိစ္စ၊ စစ်တပ် အတွက် လက်နက်ပစ္စည်း ၀ယ်ယူမှုတွေမှာ သွယ်ဝိုက်တဲ့ နည်းနဲ့ ညစ်ကွက်တွေ လုပ်လာနိုင် တာလည်း ရှိသေးတယ်။ 
 
ဘာပဲဖြစ်ဖြစ် ပြည်တွင်းမှာ အခု အစကောင်းနေတဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေးကိုသာ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ် ဆိုရင်တော့ ဘာကိုမှ ကြောက်ဖို့ မလိုဘူးလို့ ထင်ပါတယ်။ 

ပိတောက်မြေ