(Foreign
Policy မဂ္ဂဇင်း အောက်တိုဘာ ၁၃ ရက်နေ့ အင်တာနက် စာမျက်နှာမှာ တင်ထားတဲ့ JIM
DELLA-GIACOMA ရဲ့ Burma Spring ကို ဆီလျော်အောင် ဘာသာပြန်ဆို
တင်ပြလိုက်ပါတယ်။)
အခုအချိန်
ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ဖို့အတွက် နှစ်ပေါင်းများစွာ
စောင့်မျှော်လာခဲ့ သူတွေအတွက် စိတ်လှုပ်ရှားစရာ နေ့တွေပါပဲ။ စစ်ဗိုလ်တွေ
အရပ်ဝတ် လဲပြီး အာဏာ ဆက်ယူထားဖို့ လုပ်ခဲ့တာလို့ စွတ်စွဲခံရတဲ့
ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရဟာ ရည်မှန်းချက် ကြီးမားတဲ့
ပြုပြင်ပြောင်းလဲရေး အစီအစဉ် တစ်ခုကို ချပြခဲ့ပြီး အဲဒီအတိုင်း
လုပ်နိုင်အောင် ကြိုးစားနေတာကို တွေ့နေရပါတယ်။
နှစ်နှစ်ဆယ်ကျော်
လွှတ်တော်မရှိ၊ ဒီမိုကရေစီ ကျင့်စဉ်မရှိဘဲ ဖြစ်နေခဲ့ ပြီးတဲ့နောက်
အစိုးရသစ်ဟာ လက်ရှိ အခြေအနေ ကနေ ပြောင်းလဲနိုင်ဖို့၊ အုပ်ချုပ်ပုံ
နည်းလမ်းတွေကို ပြောင်းလဲနိုင်ဖို့ အံအားသင့်စရာ ကောင်းလောက်အောင် ကြိုးစား
လာနေပါတယ်။ အစိုးရသစ်က ထောင်ထဲမှာ ရှိနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ
ခံနေရသူတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်ဟာ သဘောထား ကွဲပြားနေတဲ့
နိုင်ငံအတွင်းမှာ အမျိုးသား ရင်ကြားစေ့ရေး အတွက် ကြိုးပမ်း လုပ်ဆောင်ချက်
ဖြစ်ပါတယ်။ လွှတ်တော်က သမိုင်းတွင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် ဆိုင်ရာ
အဆိုကို အတည်ပြု ခဲ့ပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့မှာ အစိုးရက အထွေထွေ
လွတ်ငြိမ်းချမ်းသာခွင့် အဖြစ် အကျဉ်းသား ၆၃၅၉ ဦးကို ပြန်လွှတ် ပေးခဲ့ပါတယ်။
အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါတယ် ဆိုတာ အတိအကျ မသိရ သေးပေမယ့်
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကတော့ အနည်းဆုံး ၁၂၀ လောက်
ပါတယ်လို့ ခန့်မှန်း ထားပါတယ်။
အရေအတွက် ဘယ်လောက်များတယ် ဆိုတာ ငြင်းစရာ ဖြစ်နေပေမယ့် ပါဝင်တဲ့ လူတွေရဲ့ အရည်အသွေးက အရေအတွက် လိုပဲ တာသွားပါတယ်။ လွှတ်ပေးလိုက်သူတွေ ထဲမှာ ရှမ်းပြည်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ် ဆေးထင်နဲ့ ထင်ရှားတဲ့ လူရွှင်တော် ဇာဂနာတို့ ပါဝင်နေပါတယ်။ နောက်ပြီး
အကျဉ်းသားတွေ လွတ်မြောက်ရေးကို လွှတ်တော်၊ အသစ်ဖွဲ့တဲ့ လူ့အခွင့်အရေး
ကော်မရှင်နဲ့ သမ္မတရုံး စတဲ့ အင်စတီကျူးရှင်း အသစ်တွေကို ဖြတ်သန်းပြီး
လုပ်ဆောင် ခဲ့တာဟာ ထူးခြားပြီး အရင်တုန်းက မရှိခဲ့တဲ့ အင်စတီကျူးရှင်းကို
အခြေခံတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါဟာ နောက်ပြန်လှည့်လို့ မရတဲ့
လုပ်ဆောင်ချက်မျိုးလည်း ဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စကို
လွှတ်တော်မှာ ဆွေးနွေးတော့ တပ်မတော်သား အုပ်စုတွေက ပါဝင်ဆွေးနွေးပြီး
ထောက်ခံခဲ့တာကြောင့် ဒီလုပ်ဆောင်ချက်ကို တပ်မတော် ကလည်း ပွင့်ပွင့်လင်းလင်း
ထောက်ခံတယ် ဆိုတာ သိနိုင်တယ်။ အရင် အကျဉ်းသားတွေ ပြန်လွှတ်တုန်းက ဒီလို
လုပ်ဆောင်တာ မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံထဲက အတိုက်အခံ ခေါင်းဆောင်တွေ
ကတော့ ဒီလွှတ်ပေးမှုဟာ ပထမ အဆင့်ပဲ ရှိသေးတယ်၊ နောက်ထပ် နှစ်သုတ်လောက်
လွှတ်ပေးဦးမယ်လို့ ခန့်မှန်း နေကြတယ်။
ဒီလွှတ်ပေးမှုဟာ
သီးခြားဖြစ်စဉ် တစ်ခု မဟုတ်ဘူး။ ပြီးခဲ့တဲ့လတွေ အတွင်းမှာ သမ္မတ
ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ခဲ့တယ်။ တိုင်းရင်းသား
အဖွဲ့အစည်း တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး ဝ၊ မိုင်းလား
အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ် ထိုးနိုင်ခဲ့တယ်။ လွတ်လပ်စွာ ထုတ်ဖော်
ပြောကြားခွင့်နဲ့ အဖွဲ့အစည်း ဖွဲ့စည်းခွင့် တွေကို လျှော့ပေါ့ ပေးလာခဲ့တယ်။
မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဌ ရာထူးကို ရယူဖို့ မျှော်မှန်း
ထားတာကြောင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ပိုမိုပေါင်းစည်း နိုင်ဖို့၊
နိုင်ငံအတွင်းက အမူအကျင့်ဟောင်း တွေကို ပြန်ပြင်နိုင်ဖို့ နောက်ထပ်
အပြောင်းအလဲတွေ အများကြီး လုပ်ရဦးမှာ ဖြစ်ပါတယ်။
တစ်ချို့
ဝေဖန်သူတွေ ကတော့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ အပေါ်
သံသယ ရှိနေတုန်းပဲ။ ဒါပေမယ့် နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့က
စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ Myanmar: Major Reform Underway,
စာတမ်းမှာ ခန့်မှန်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ဆိုင်ရာ
ပြုပြင် ပြောင်းလဲမှုတွေ ထဲက လက်တွေ့ ဖြစ်လာတာ တွေဟာ ကျွန်တော်တို့ အားလုံး
မျှော်လင့်ထားတာထက် ကျော်လွန်နေပါတယ်။ အဲဒီထဲမှာ တရုတ်နဲ့ ပူးပေါင်း
ဆောင်ရွက်နေတဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းကို ရပ်ဆိုင်း လိုက်တာလည်း
ပါဝင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေ အားလုံးက မြန်မာနိုင်ငံဟာ အထီးကျန်
ဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားနေပြီ ဆိုတာ သက်သေ ပြနေတာလည်း ဖြစ်ပါတယ်။
အခုအချိန်မှာ
မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့သူတွေ အားလုံးကလည်း ဒီလိုပဲ
မြင်ကြပါတယ်။ ဗီဇာတွေ ကလည်း ပြည်ပ မီဒီယာတွေ ကိုတောင် လွတ်လွတ်လပ်လပ်
ထုတ်ပေး နေပါတယ်။ နော်ဝေ ဒုတိယနိုင်ငံခြားရေး
ဝန်ကြီး Espen Barth Eide က ဖိုင်နယ်ရှယ်တိုင်းမ် သတင်းစာကို ပြောတဲ့အခါ
မြန်မာနိုင်ငံက ပြန်လာတော့ သူတို့ဟာ လိုတာထက်တောင် ပိုပြီး မြန်မြန်
ပြောင်းနေတယ်လို့ ခံစားမိတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံနဲ့
ပတ်သက်ပြီး ဒီလို မှတ်ချက် ပေးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလို့
ထည့်ပြော သွားပါတယ်။ သူက ဝက်ဘ်ဆိုက် ပိတ်ထားတာ အများစုကို
ဖွင့်ပေးလိုက်တာ၊ စာပေစိစစ်ရေး မူဝါဒ တွေကို ပြန်သုံးသပ်နေတာ၊
လွှတ်တော်အတွင်း လွတ်လပ်စွာ ဆွေးနွေး နေတာ၊ အစိုးရဲ့ ဝါဒဖြန့်ချိရေးတွေ အသံ
လျော့သွားတာနဲ့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတနဲ့ တွေ့ပြီးတဲ့နောက် အပြုသဘော
ဆောင်တဲ့ မှတ်ချက် ပေးတာတွေကို ထောက်ပြ သွားပါတယ်။
ဒီအဖြစ်တွေက
အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ ဖြစ်နေတာ တွေပါ။ ဒီပြောင်းလဲမှုတွေကြောင့်
ပြည်တွင်းက နိုင်ငံရေး လုပ်ဆောင်မှုတွေမှာ ပိုပြီး ပွင့်လင်းလာပြီး နောက်ထပ်
အပြောင်းအလဲတွေ ဖြစ်ဖို့အတွက် တွန်းအား ဖြစ်စေပါတယ်။ ဒါပေမယ့် ဒါတွေဟာ
ရှည်လျားလှတဲ့ ခရီးလမ်းရဲ့ အစပဲ ရှိသေးတယ်။ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းတွေ အောင်မြင်မယ် လို့လည်း အာမ မခံနိုင်သေးဘူး။ ဖြေရှင်းရမယ့်
စိန်ခေါ်မှုတွေ အများကြီး ကျန်သေးတယ်။ တိုင်းရင်းသား တွေနဲ့ ပဋိပက္ခ ဖြစ်နေတာ၊
စစ်တပ်ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖြေရှင်းမှုတွေကို ထိန်းချုပ်ဖို့ လိုတာ၊
နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ဖို့လိုတာ၊ မီဒီယာ လွတ်လပ်ခွင့် အပါအဝင်
စစ်မှန်တဲ့ လွတ်လပ်ခွင့်တွေ ပေးဖို့ လိုတာတွေဟာ အဲဒီ စိန်ခေါ်မှုတွေ ထဲက
တစ်ချို့ ဖြစ်ပါတယ်။
ဒါပေမယ့်
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကောင်းဆုံးကို မျှော်လင့်နိုင်ဖို့ အတွက်
လုံလောက်တဲ့ အကြောင်းအချက် တွေလည်း ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို
လွှတ်ပေးနေခြင်းဟာ အနောက် နိုင်ငံတွေက အစဉ်တစိုက် တောင်းဆိုခဲ့တဲ့ အချက်ကို
ဖြည့်ဆည်း ပေးလိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းက သံသယ
ရှိနေသူတွေဟာ ဒီလို လုပ်ဆောင်ချက် များကို အသိအမှတ်ပြုဖို့၊ ထောက်ခံဖို့
လိုပါတယ်။ အဲဒီလို ထောက်ခံ အားပေးဖို့ ဆိုရင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ
အဖွဲ့နဲ့ ကမ္ဘာ့ဘဏ် တို့လို အဖွဲ့အစည်းတွေကို အစိုးရ၊ လွှတ်တော်၊
လူ့အခွင့်အရေး ကော်မရှင် စတဲ့ အဖွဲ့တွေနဲ့ ထိတွေ့ပြီး အကူအညီနဲ့
အကြံဉာဏ်တွေ ပေးခိုင်းဖို့ လိုမယ်။ နောက်ထပ် တိုးတက်မှုတွေ ပြပါဦး ဆိုပြီး
ထိုင်စောင့်နေမယ် ဆိုရင်တော့ မှားသွား ပါလိမ့်မယ်။
အကျဉ်းသားတွေကို
လွှတ်ပေး လိုက်တာဟာ စစ်မှန်တဲ့ ပြောင်းလဲမှု တစ်ခုဖြစ်ပြီး အနောက်အုပ်စု
အနေနဲ့ ထိတွေ့ ဆက်ဆံဖို့ကို အလေးအနက် ထားကြောင်း ပြန်လည် ပြသဖို့
လိုနေပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း တွေက အကြံဉာဏ်နဲ့ အကူအညီ ပေးတာကို
ကန့်သတ် ထားမှုတွေကို အမြန်ဆုံး ဖယ်ရှားဖို့ လိုပါတယ်။ အဲဒီလို
မလုပ်ဘဲ နောက်ထပ် တောင်းဆိုချက် အသစ်တွေ ထပ်လုပ်မယ်ဆိုရင် အနောက်နိုင်ငံ
တွေရဲ့ မူဝါဒအပေါ် ယုံကြည်မှုတွေ လျော့ပါး သွားပါလိမ့်မယ်။ အခုအချိန်ဟာ
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး သမားတွေကို ထောက်ခံ အားပေးရမယ့် အချိန်
ရောက်နေပါပြီ၊ နောက်ထပ် သြဝါဒတွေ ထပ်ပေးရမယ့် အချိန် မဟုတ်တော့ဘူး။
ပိတောက်မြေ