xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သဘောထားမှန် ၊ အယူအဆမှန်မှ လမ်းကြောင်းမှန်ဆီသို့

Friday, October 14, 2011

သဘောထားမှန် ၊ အယူအဆမှန်မှ လမ်းကြောင်းမှန်ဆီသို့

 ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီး


ဒကာကြီးရယ် .... သဘောထားကွဲလွဲမှုဆိုတာ ဓမ္မတာအတိုင်း လောကမှာရှိတာမျိုးပေါ့ သူ့ဘက် ကိုယ့်ဘက် ပြောစရာရှိတာတော့ ပြောရမှာပေါ့ ...

ဒါပေမယ့်ငယ်သူကကြီးသူနဲ့ ပြောကြတဲ့အခါ သဘောထားကွဲလွဲမှုပင် ဖြစ်စေကာမူ ဂါရဝေါစနဲ့ ပြောရတယ် 

ကြီးသူကလည်းငယ်သူနဲ့ပြောကြတဲ့အခါ သဘောထားကွဲလွဲချက်ပင် ဖြစ်စေကာမူ  ငါအကြီးပဲဆိုပြီး အထက်စီးကနေမပြောရဘူး  နိဝါတောစ နဲ့ပြောရတယ် ...

( ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီး )


 မျက်မှောက်ကာလနှင့်ကိုက်ညီ

အထက်ပါဆရာတော်ကြီး၏ ဆုံးမသြဝါဒစကားသည် မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ်အချိန်အခါနှင့် အလွန် ကိုက်ညီသော ဆုံးမစကားဖြစ်ပါသည် ။အမြင်သဘောထား မတူကြသူများ တစ်ဘက်နှင့်တစ်ဘက် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြသောအခါ ကိုယ်နှုတ်အမူအယာတို့သည် များစွာအရေးပါပြီး အယူအဆ ကွဲပြားမှုများအပေါ်တစ်ဘက်နှင့်တစ်ဘက် သဲသဲမဲမဲဆိုသလို အားနည်းချက်များကို ဆုပ်ကိုင် ထိုးနှက်တိုက်ခိုက်ကြပါလျှင် အကောင်းဘက်သို့ ပြောင်းလဲလာနိုင်မည်မဟုတ်ပါ ...

အတ္တမာနကို မထိခိုက်ရန်လို 

ပြောဟန်ဆိုဟန် ကိုယ်နှုတ်အမူအယာတို့သည် တစ်ဘက်၏အတ္တမာနကို အခြားတစ်ဘက်က မထိခိုက်စေပဲ ဖျောင်းဖျောင်းဖြဖြ နှင့် ယဉ်ကျေးလိမ္မာစွာ ဆွေးနွေးညှိနှိုင်းရန် အထူးလိုအပ်လှပေသည်  အခြားတစ်ဘက်၏ အတ္တမာနကို ကျန်အခြားတစ်ဘက်က ထိပါးပုတ်ခတ်ပြောဆိုမိပါမူ တစ်ဘက်ကလည်း မှားမှန်းသိနေစေကာမူ အယူအဆဟောင်းကို လက်လွှတ်တော့မည်မဟုတ်ပါ ။

သဘောထားပျော့ပျောင်းသောအစိုးရ

လက်ရှိ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရသစ်သည် စစ်ဗိုလ်ချုပ်ဟောင်းများ အများစုပါဝင်စေကာမူ ယခင်အဆက်ဆက်သောအစိုးရများထက် သဘောထားပျော့ပျောင်းသာ ၊ ပြည်သူ့အသံကို နားထောင်သော အကောင်းဘက်ဦးတည်သောအရွေ့ကို အရှိန်အဟုန်အတန်ငယ်နှေးနေစေကာမူ ရွှေ့နေသော အစိုးရဖြစ်သည် ဆိုသောအချက်မှာ နိုင်ငံတကာအပါအ၀င် ပြည်သူအများစုကပါ လက်ခံထားသော အယူအဆဖြစ်လေသည် ။


 ၆လအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်

အစိုးရသက်တမ်း ၆ လအတွင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်ပေးကာမြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းထောင်ပေါင်း ၄၂ ခု၊ အလုပ်ကြမ်း ရဲဘက်စခန်းပေါင်း ၁၀၉ ခုမှ အကျဉ်းသားဦးရေ ၆၀,၀၀၀ ကျော်ရှိသည့်အနက် ၂၁၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ပြီးဖြစ်လေသည် ။ ယခုနောက်ဆုံးအကြိမ် လွှတ်ပေးသော အကျဉ်းသား ၆၃၅၉ ဦးတွင် ထင်ရှားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အများအပြားပါဝင်ခဲ့ရာ ထိုသူတို့၏ လှုပ်ရှားပြောဆိုမှုများ ၊ ထိုသို့လွှတ်ပေးခြင်းအပေါ်အကျိုးအကြောင်းအဆိုးအကောင်းကို နိုင်ငံတော်အစိုးရအနေဖြင့် စောင့်ကြည့် နေ မည်မှာ မလွဲဧကန်ဖြစ်ပေသည် ။ တစ်နည်းဆိုရသော် ယခုလွှတ်ပေးလိုက်သူတို့၏ ပြောဆို လှုပ်ရှားမှုအဖုံဖုံတို့သည် နိုင်ငံတော်၏ တည်ငြိမ်ရေးကို အာမခံချက်ရှိမှသာ ၊သို့တည်းမဟုတ် ယခုကဲ့သော လွှတ်ပေးလိုက်ခြင်းသည် ထင်ထားသလို စိုးရိမ်စရာမဖြစ်လာ ၊ အေးအေးချမ်းချမ်းရှိကြောင်း အစိုးရအနေဖြင့် ယုံကြည်လာမှသာ ကျန်ရစ်နေသော အကျဉ်းသားများ၏ လွတ်မြောက်ရေးကို ဆက်လက်စဉ်းစား မည်မှာ သေချာလှပါသည် ။

ပြောမှားဆိုမှား သတိထား

" မစို့မပို့ပေါ့ဗျာ ဒါလေးပဲ လွတ်လာတဲ့ အခါကျတော့ တကယ် ပြေလည်ချင်တဲ့ ဆန္ဒရှိရဲ့လား အမျိုးသား သင့်မြတ်ရေး ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆိုတာကိုရော တကယ်ဖြစ်ဖို့အတွက် ဦးတည်တာမှ ဟုတ်ရဲ့လားလို့ ကျနော် သံသယ ဝင်သွားတယ်။ ဒီသမ္မတကိုလဲ တိုက်ရိုက်မေးချင်တယ် ဘာလို့ တွန့်တို နေရတာလဲလို့ သူ့အိတ်ထဲက စိုက်ရတာမှ မဟုတ်ဘဲနဲ့” ဒါကတော့ အကျဉ်းထောင်ကလွတ်လာလာချင်းဆိုသလို လူရွှင်တော်ဇာဂနာကလေသံမာမာနှင့် အင်တာဗျူးတစ်ခု မှာပြောဆိုလိုက် တာဖြစ်ပါတယ် ။ အဆိုပါစကားစု သည် အထက်ဖေါ်ပြပါ ဆရာတော်ကြီး ၏အဆုံးအမနှင့်မညီပါ ဂါရဝေါစ မဖြစ်ပါ ၊ တစ်ဘက်၏ အတ္တမာနကို ထိခိုက်ပါသည် ၊ ဤသို့ပြောဆိုလိုက်သဖြင့် အစိုးရသည် ကြောက်ပြီး ကျန်ရစ်သူ အကျဉ်းသားများကို လွှတ်ပေးလိမ့်မည်ဟု မထင်ပါ ။

သဘောထားမှန် အယူအဆမှန်ဆီသို့

သို့ဖြစ်ပါ၍ ကျေးဇူးရှင်မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ ဆုံးမသြ၀ါဒတော် အတိုင်း အုပ်ချုပ်သူအစိုးရတာဝန်ရှိသူများနှင့် တိုင်းသူပြည်သားလူအများတို့သည် ဂါရဝေါစ ၊နိဝါတောစ ဖြင့် မင်္ဂလာတရားတော်နှင့်အညီအပြန်အလှန်ပြောဆိုဆက်ဆံသွားကြပါမူ   ပြောဆိုဆွေးနွေး သူ နှစ်ဦးနှစ်ဘက် စလုံး အမုန်းမဖက် ၊ ရင်းနှီးချစ်ခင်မှုမပျက်ဘဲ သဘောထားအမှန် ၊ အယူအဆ အမှန်များဖြင့် နိုင်ငံတော်အားလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်သွားနိုင်မည် မှာမလွဲဧကန်ဖြစ် သည်ဟု  ယုံကြည်မိပါကြောင်း ။

ဒေါက်တာဆိတ်ဖွား