xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တောင်းပန်လိုက်ပါဦး

Tuesday, December 6, 2011

တောင်းပန်လိုက်ပါဦး

အောင်ထက်
၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ဒီချုပ်က မှတ်ပုံ မတင်ဘူးလို့ ဆုံးဖြတ်ပြီးချိန်၊ ဒေါ်စုက ကိုယ်မဲပေးချင်တဲ့ ပါတီ မရှိရင် ရွေးကောက်ပွဲ မဝင်နဲ့ပေါ့လို့ သွယ်ဝိုက်ပြီး သပိတ်မှောက်ဖို့ ပြောတဲ့အချိန်၊ NDF အပါအ၀င် ရွေးကောက်ပွဲ ဝင်တဲ့ ပါတီတွေကို နအဖ အောက်ဆွဲတွေလို့ ပုတ်ခတ်နေတဲ့ အချိန်တုန်းက ပိတောက်မြေမှာ ဆောင်းပါး တစ်စောင် ရေးခဲ့ဖူးတယ်။ 
 
အဲဒီဆောင်းပါးမှာ ရွေးကောက်ပွဲ မဝင်ဖို့ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက်ဟာ မှားတယ်။ ဒီလို ဆုံးဖြတ်တဲ့ အတွက်လည်း လမ်းပြမြေပုံက ရပ်သွားမှာ မဟုတ်ဘူး။ နောက်ကျတော့မှ ဒီချုပ်ဟာ အဲဒီ လမ်းပြမြေပုံထဲ ပါချင်လို့ နောက်ဖေးပေါက်က တက်ရတဲ့ကိန်း ဆိုက်မယ်လို့ ရေးခဲ့တယ်။ အဲဒီလို ရေးလိုက်တော့ ဒီချုပ်နဲ့ ဒေါ်စုကို ထောက်ခံသူ တွေက ခါးခါးသီးသီး တုံ့ပြန်ခဲ့တယ် ။
 
ဒါပေမယ့် အခုတော့ ဒေါ်စုနဲ့ ဒီချုပ်က သမိုင်းတွင်မယ့် ဆုံးဖြတ်ချက်လို့ သူတို့ဘာသာ အမည်ပေးထားတဲ့ နောက်ဖေး ပေါက်က ပြန်တက်ရေး လမ်းစဉ်ကို ရွေးခဲ့ပါပြီ။ အစထဲက လွှတ်တော် ထဲကနေ ဒီချုပ် ဝင်လုပ်စေချင်တဲ့ အတွက် ဒီဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ သို့သော် ဒေါ်စုနဲ့ ဒီချုပ်ဟာ ပြည်သူတွေကို တောင်းပန်ဖို့တော့ လိုလိမ့်မယ်။ ဘာ့ကြောင့် တောင်းပန်ဖို့ လိုသလဲ ဆိုတော့ ---
၂၀၁၀ ရွေးကောက်ပွဲမှာ မပါဖို့ ဆုံးဖြတ်တုန်းက အဓိက အကြောင်း နှစ်ချက်ကြောင့်လို့ ဒေါ်စုတို့က ပြောခဲ့တယ်။ ပထမ အချက်က ရွေးကောက်ပွဲ ဥပဒေမှာ အကျဉ်းကျခံ နေရသူ တွေကို ပါတီဝင်အဖြစ် သတ်မှတ်လို့ မရတဲ့ကိစ္စ၊ နောက်တစ်ချက်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်ဖူး ဆိုတဲ့ကိစ္စ၊ ဦးဝင်းတင် ကတော့ နအဖ နွားတင်းကုတ် ထဲကို နဖားကြိုး ဆွဲသွင်းတာ မခံနိုင်ဘူးလို့ ဆိုတယ်။ ရွေးကောက်ပွဲ ဝင်မယ်လို့ ဆုံးဖြတ်တဲ့ သူတွေကိုလည်း စစ်ကျွန် အဖြစ် ဒီချုပ်က ပုတ်ခတ်ခဲ့တယ်။ 
 
အဲဒီတုန်းထဲက ရွေးကောက်ပွဲ ဥပဒေမှာ လက်ရှိ အကျဉ်းကျ နေသူပဲ ပါတီဝင် လုပ်လို့ မရတာ၊ ပြန်လွတ်လာရင် လုပ်လို့ ရတာပဲ။ ၉၀ တုန်းကလည်း ဒေါ်စုကို ပါတီမှ အထွေထွေ အတွင်းရေးမှူး အဖြစ်က ထုတ်ပယ်ကြောင်း ကြေညာပြီး လုပ်ခဲ့ရတာ ပဲလို့ ပြောသူတွေ ရှိပေမယ့်လည်း ခေါင်းမာသူ တွေက ခါးခါးသီးသီး ငြင်းခဲ့ကြတယ်။ 

 
အဲဒီလို ဒီချုပ်က သပိတ်မှောက်ရေး လမ်းကို ရွေးခဲ့တဲ့ အတွက် ပြည်ခိုင်ဖြိုး အတွက် အသာစီးရဖို့ လုပ်ပေး လိုက်သလို ဖြစ်ခဲ့တယ် ဆိုတာ လူတိုင်းသိတယ်။ ဒီချုပ် ဒေါက်ဖြုတ်လို့ NDF အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရတာ လူတိုင်းသိတယ်။ အခုတော့ ၂၀၁၀ တုန်းက ပြောခဲ့တာတွေ လွယ်လွယ်နဲ့ မေ့ပြီး နောက်ဖေးပေါက်က တက်ဖို့ ဆုံးဖြတ် လိုက်ပြန်ပြီ။ 
 
အဲဒီလို ဆုံးဖြတ်တဲ့အခါ အစိုးရဘက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးလို့ ဆိုပြီး အကြောင်း ပြတယ်။ ဒါပေမယ့် စစ်ကျွန်ဖြစ်မယ့် ဥပဒေလို့ တစ်လျှောက်လုံး ပုတ်ခတ်လာခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက် လို့တော့ ဘာတစ်ခွန်းမှ ဟမသွားဘူး။ ဒီဥပဒေကို လွှတ်တော်ထဲက ဝင်ပြင်မယ်လို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှင်းမပြခဲ့ဘူး။ 
 
ဒေါ်စုက နိုင်ငံရေးသမား ဆိုတာ ရိုးသား ရတယ်လို့ အမြဲပြောတယ်။ ဒါကို တကယ်လက်တွေ့ ကျင့်သုံးမယ် ဆိုရင် ဒေါ်စုနဲ့ ဒီချုပ်ခေါင်းဆောင် တွေဟာ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ အတွက်၊ NDF ကို ပြည်ခိုင်ဖြိုး ထက်တောင် ခါးခါးသီးသီး တိုက်ခဲ့တဲ့ အတွက် ဒီမို အင်အားစုတွေ လွှတ်တော်ထဲကို ရောက်သင့် သလောက် မရောက်ခဲ့ဘူး၊ အခြေခံအရ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အခင်းအကျင်း အပေါ် အကဲခတ်တာ မှားခဲ့ပါတယ် ဆိုတဲ့ အမှားကို ဝန်ခံသင့်တယ်။ 
 
ဒါ့ကြောင့် ကြားဖြတ် ရွေးကောက်ပွဲ မစခင်မှာ ဒေါ်စုက ရိုးရိုးသားသားနဲ့ မှားခဲ့ပါတယ်လို့ တောင်းပန်ခဲ့ပါဦးလို့ တိုက်တွန်း လိုက်ပါတယ်။ 
 
( ပိတောက်မြေမှ ကူးယူဖေါ်ပြသည် )