အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာတဲ့အခါ ကျွန်တော်သိပ်ချစ်တဲ့မြန်မာနိုင်ငံကို ကိုလိုနီခေတ်က နယ်ချဲ့တွေခေါ်သွားတဲ့ Burma ဆိုတဲ့အသုံးကိုပဲသုံးပြီး ပြောသွားဆိုသွားပါတယ် ၊ ပြည်တွင်းကဒေါ်အောင်ဆန်းစုကြည်ကလည်း Burma ဆိုပြီးတော့ပဲသုံးသွားတာကို သတိပြုမိပါတယ် အစိုးရက မြန်မာလို့သုံးစေချင်မှန်းသိလို့ တမင် Burma လုပ်သွားကြတာပါ ဒီလိုအချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းမြင်ချင်သလိုလို ဖြစ်လာတဲ့ ကျွန်တော့်စိတ်ကို မျိုးချစ်စိတ်က ပြန်လည်အနိုင်ယူသွားခဲ့ပါတယ် ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့တဲ့
အခြေခံဥပဒေက စပြီး ဖြစ်လာတဲ့ မြန်မာဆိုတဲ့ နိုင်ငံအမည်ကို
ဒေါ်အောင်ဆန်းစုကြည်က အစ Myanmar လို့ပဲ ပြောတာ ကြားချင်ပါတယ်။ ( ဒေါက်တာဆိတ်ဖွား )
ပြဿနာအစ
ဒီကနေ့
မြန်မာ့နိုင်ငံရေး ပြဿနာတွေထဲမှာ မြန်မာနိုင်ငံရဲ့ အမည်ကို အင်္ဂလိပ်လို
ရေးတဲ့၊ ပြောတဲ့အခါ Myanmar လား Burma
လား ဆိုတဲ့ ကိစ္စဟာလည်း အတော် ရှေ့တန်း ရောက်ပါတယ်။ ဒီပြဿနာဟာ န၀တ
လက်ထက်မှာ မြန်မာစကား အသံထွက်များကို အင်္ဂလိပ်လို အသံထွက်နဲ့ ရေးထားတဲ့
စာလုံးပေါင်းတွေ ပြင်တယ်။ ဒီအခါမှာ အင်္ဂလိပ်က Burma လို့ ရေးတာကို မြန်မာ
အသံထွက်နဲ့ အညီဖြစ်အောင် Myanmar လို့ပြင်တယ်။ ဒီလိုပဲ ရန်ကုန်ကို အင်္ဂလိပ်က
Rangoon လို့ စာလုံး ပေါင်းခဲ့တာကို Yangoon လို့ပြင်တယ်။ အဲဒီလို
ပြင်လိုက်တဲ့ မြို့အမည်၊ နေရာဒေသ အမည်တွေ အများကြီးပါပဲ။ ဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရက ဒီလိုပြင်တာကို လက်မခံဘူး၊ သူကတော့ Burma လို့ပဲ သုံးမယ်လို့ လူသိရှင်ကြား ပြောခဲ့တယ်။
နိုင်ငံတကာ သတင်း ဌာနတွေနဲ့ တွေ့တဲ့ အခါမှာလည်း Burma လို့ပဲ သုံးပြီး
ပြောတယ်။ အဲဒီ အခါမယ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အမေရိကန်နဲ့
အနောက်အုပ်စု နိုင်ငံများ၊ သြစတေးလျ၊ ကနေဒါလို နိုင်ငံများကလည်း Burma
လို့ဆက်သုံးပြီး စစ်အစိုးရကို အသိအမှတ် မပြုဘူးဆိုတဲ့ Political Message
ကို ဖော်ထုတ်လာ ကြတယ်။ ဒီလိုနဲ့ Myanmarလား Burma လား ဆိုတာဟာ စစ်အုပ်စုကို ထောက်ခံသလား၊ ဆန့်ကျင်သလား ဆိုတဲ့ ပေတံတစ်ခု ဖြစ်လာခဲ့တယ်။
အသံထွက်ပြဿနာ
ကျွန်တော်ဟာ
ဘာသာစကား ပညာရှင် မဟုတ်သလို၊ သမိုင်း ပညာရှင်လည်း မဟုတ်ဘူး။ ဒါ့ကြောင့်
Myanmar လား Burma လား ဆိုတဲ့ကိစ္စကို လက်တွေ့ လက်လှမ်းမီတဲ့ အခြေအနေနဲ့
လက်တွေ့ကျတဲ့ ရှုထောင့်ကပဲ သုံးသပ်ချင်ပါတယ်။ တကယ်တော့ Burma ဆိုတာဟာ အသံထွက် ပြဿနာသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တစ်တွေက နိုင်ငံခြား တိုင်းပြည်တွေရဲ့ အမည်တွေ၊
အခေါ်အဝေါ်တွေကို မြန်မာ ဘာသာနဲ့ ရေးတဲ့အခါ ကိုယ်အသံလှယ်ပြီး ထွက်တတ်သလို
ထွက်ခဲ့ကြတာပဲ။ ဥပမာ Paris ကို ပဲရစ်လို့ရေးခဲ့ ( အခုတော့ ပါရီ
ဖြစ်ပြန်ပေါ့) Newyork ကို နယူးယောက် (တကယ့် အသံထွက်က နူးယော့ ဆိုရင်
ပိုနီးစပ်ပါတယ်။) လို့ရေးခဲ့ကြတာပါ။ ဒီလိုပဲ အင်္ဂလိပ် ရောက်လာတော့
ဗမာလူမျိုးကို ကုလားတွေက ဗရမာလို့ခေါ်တာကို စွဲပြီး Burma လုပ်ခဲ့ပါတယ်။
(ဂျပန်ကတော့ ဘိရုမာပေါ့) ဒါ့ကြောင့်လည်း ပုသိမ် ကို Bassein ပဲခူး ကို Pegu
ပြည်ကို Prome ၊ အင်းဝကို Ava စသည်ဖြင့် သူတို့ ခေါ်တတ်သလို ခေါ်ပြီး
မြေပုံတွေ ထုတ်ခဲ့တာပါ။ နောက်ပြီး အုပ်ချုပ်ရေး လုပ်တဲ့အခါမှာ ဗမာလူမျိုး
အများစုနေတဲ့ မြေပြန့် ဒေသတွေကို Proper Burma ( နောင် Ministerial Burma) လို့
ခေါ်ပြီး တောင်တန်း ဒေသတွေကိုတော့ (Frontier Areas) သို့ သတ်မှတ်ခဲ့ပါတယ်။
အဲဒီတုံးက ရုံးသုံး ဘာသာ စကားဟာ အင်္ဂလိပ် ဘာသာစကား ဖြစ်လို့ တရားဝင်
စာတွေမှာလည်း Burma လို့ပဲ သုံးခဲ့ပါတယ်။
မြန်မာနိုင်ငံကို
မသိမ်းခင်ကတော့ အင်္ဂလိပ်တွေက မြန်မာဘုရင်များနဲ့ ဆက်ဆံရာမှာ နန်းမြို့
တည်ရာနေရာကိုပဲ အစွဲပြုပြီး ခေါ်ပါတယ်။ အိန္ဒိယ မဟာရာဂျာ စော်ဘွားတွေကို
ခေါ်တဲ့ပုံစံမျိုးပါ။ ဒါ့ကြောင့် Kingdom of Ava, Kings of Ava, Kingdom of
Amarapura လို့ပဲ သုံးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါတောင်
တကယ်တော့ မြန်မာနိုင်ငံကို စရောက်ခဲ့တဲ့ ပေါ်တူဂီတွေက စပြီး ကုလားတွေခေါ်တဲ့
ဗရမာကို အခြေခံပြီး ဥရောပတိုက်သားများက ကျွန်တော်တို့ နိုင်ငံကို
ခေါ်ခဲ့ကြတဲ့ စာလုံးပေါင်းများကို အခုလို တွေ့နိုင်ပါတယ်။
၁။ Bermah (Earliest European maps as old as 18th century spelled Burma with an 'e'.)
၂။ Birmah (Charles Thomson map of 1827)
၃။ Brama (Thomas Kitchin's map of 1787)
၎။ Burmah (Samuel Dunn's map 1787)
၅။ Burma (Keith Johnson's map 1803)
၆။ Burmah (Eugene William's map, 1883)
၇။ Burma ကိုတော့ ၁၈၈၅ နောက်ပိုင်း ဗြိတိသျှတို့က သတ်သတ် မှတ်မှတ် သုံးခဲ့ပါတယ်။
မြန်မာဆိုတာ
မြန်မာဘုရင်တွေ
လက်ထက်က ကင်းဝန်မင်းကြီးရဲ့ လန်ဒန်သွား မှတ်တမ်းမှာလည်း မြန်မာ
တိုင်းပြည်နိုင်ငံနှင့် အင်္ဂလိပ် တိုင်းပြည် နိုင်ငံကြား ၊ မြန်မာမင်းမြတ်၊
မြန်မာမင်းနိုင်ငံ စသည့် သုံးနှုန်း သွားခဲ့တာ တွေ့ရပါတယ်။
အဲဒီမြန်မာ
ဆိုတဲ့ စကားဟာ ကိုလိုနီခေတ်မှာတော့ ဗမာ ဆိုတဲ့စကားနဲ့ ရောထွေး
သုံးစွဲသွားခဲ့ပါတယ်။ ဂျီစီဘီအေကို မြန်မာလို ရေးတဲ့နေရာမှာ မြန်မာ့
အသင်းချုပ်ကြီးလို့ ရေးခဲ့သလို ဒေါက်တာ ဘမော်ကလည်း မြန်မာ့ဝံသာနု
အဖွဲ့လို့လည်း သုံးခဲ့ပါတယ်။ ဒါပေမယ့် သခင်များရဲ့ ဒို့ဗမာ အစည်းအရုံး
ပေါ်လာတော့ ဗမာဆိုတဲ့ စကားက ရှေ့တန်း ပြန်ရောက် လာပါတယ်။ ဒါပေမယ့် ဒါဟာ
တကယ်တော့ ဗမာလူမျိုးတွေကိုပဲ ညွှန်းတာလို့ ယူဆနိုင်ပါတယ်။ ဘာ့ကြောင့်လည်း
ဆိုတော့ ကြွေးကြော်သံတွေမှာ ဗမာစာသည် ဒို့စာ၊ ဗမာ စကားသည် ဒို့စကား ဆိုပြီး
ပါနေလို့ပါပဲ။
၁၉၄၇ အခြေခံဥပဒေ
ဗိုလ်ချုပ်
ဦးဆောင် ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေမှာတော့ မြန်မာ ဆိုတဲ့
စကားလုံးကို တရားဝင် နိုင်ငံအဖြစ်နဲ့ ပြဋ္ဌာန်းခဲ့ပါတယ်။ အခြေခံဥပဒေရဲ့
နိဒါန်းမှာ နယ်စပ်ဒေသများနှင့် ကရင်နီနယ်များ အပါအ၀င် မြန်မာနိုင်ငံတော်၏
နိုင်ငံသားများ ဖြစ်ကြသော ကျွန်ုပ်တို့သည် ××××× လို့ ဖော်ပြထားပါတယ်။
အခြေခံဥပဒေ
အခန်း ၁ ပုဒ်မ ၁ မှာလည်း မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်
သမ္မတနိုင်ငံ ဖြစ်သည်။ ထိုနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံဟု
ခေါ်ရမည်ဟု အတိအကျ ပြဋ္ဌာန်းထားခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလိပ် ဘာသာ အသုံးအနှုန်း အရတော့ အင်္ဂလိပ် သုံးခဲ့တဲ့ Burma လို့ပဲ သုံးခဲ့တယ်။
ဒါပေမယ့် အင်္ဂလိပ် ဘာသာ အသုံးအနှုန်း အရတော့ အင်္ဂလိပ် သုံးခဲ့တဲ့ Burma လို့ပဲ သုံးခဲ့တယ်။
အဲဒီအချိန်အထိ
အင်္ဂလိပ် ဘာသာဟာ ရုံးသုံး အဖြစ်ရှိနေပြီး ဥပဒေ အများစုဟာလည်း အင်္ဂလိပ်
ဘာသာနဲ့ ရှိနေတဲ့အတွက် ပုဒ်မ ၂၁၇ မှာ မြန်မာ ဘာသာသည် ရုံးသုံး ဘာသာ
ဖြစ်သည်။ အင်္ဂလိပ် ဘာသာကိုလည်း အသုံးပြု နိုင်သည်ဟု ရေးပေးခဲ့ ရပါတယ်။ အရင်
အသံထွက်အရ ဖလှယ်ခဲ့တဲ့ Burma, Prome, Bassine တို့ဟာလည်း အဲဒီစာလုံးပေါင်း
အတိုင်းပဲ ဆက်ရှိနေခဲ့ပါတယ်။
ဒီတော့
အရင်က မြန်မာ၊ ဗမာဆိုတာကို ဘယ်လိုအနက်နဲ့ သုံးခဲ့သုံးခဲ့ ၁၉၄၈ ခုနှစ်
လွတ်လပ်ရေးရတဲ့ အချိန်ကစပြီး ခေတ်သစ် နိုင်ငံအမည်ဟာ ဗမာနိုင်ငံ မဟုတ်ပါဘူး။
မြန်မာနိုင်ငံ ဖြစ်ပါတယ်။ လူမျိုးအနေနဲ့ ကတော့ ဗမာ၊ ကချင်၊ကရင် စသည်ဖြင့်
သတ်မှတ် ခေါ်ဝေါ် ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ ရှမ်းပြည်နယ်က ရှမ်းမူဆိုပြီး ဖက်ဒရယ် ကိစ္စကို တင်ပြတော့
ပြည်မလို့ သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊
စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့ကို
ဗမာပြည်နယ် အဖြစ်ဖွဲ့ပြီး ရှစ်ပြည်နယ် ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ
အဖြစ် သတ်မှတ်ဖို့ ပြောခဲ့တာကို ကြည့်ရင် လွတ်လပ်ရေး ရပြီးနောက်မှာ
ဗမာလူမျိုး၊ တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ နိုင်ငံကို
မြန်မာနိုင်ငံလို့ အားလုံးက လက်ခံခဲ့တာကို တွေ့နိုင်ပါတယ်။ အင်္ဂလိပ်လို
ရေးတဲ့နေရာမှာသာ အင်္ဂလိပ်သုံးခဲ့တဲ့ စာလုံးပေါင်းအတိုင်း Burma လို့
ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ
မိမိနိုင်ငံဒေသ
အမည်များ၊ လူမျိုး အမည်များ၊ နိုင်ငံအမည်များကို ကျူးကျော်
သိမ်းပိုက်သူများက သူတို့ နားလည်သလို အသံ ထွက်ခဲ့၊ ရေးခဲ့ကြတဲ့ ပြဿနာဟာ
ကိုလိုနီ ဖြစ်ခဲ့ဘူးတဲ့ နိုင်ငံတိုင်း ကြုံခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။
လွတ်လပ်ရေး ရကာစ ဒီကိစ္စကို အလေးအနက်ထား ကိုင်တွယ်နိုင်တာ မရှိပေမယ့် ၁၉၈၀
ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာတော့ ကိုလိုနီဘ၀ကနေ လွတ်လပ်ရေး ရလာတဲ့
နိုင်ငံအတော် များများဟာ မိမိတို့ အမည်များကို မိမိတို့ဒေသိယ အသံထွက်
အတိုင်း ရေးကြ၊ ပြောကြဖို့ လုပ်ခဲ့ကြပါတယ်။
အာရှတိုက်မှာ
တရုတ်နိုင်ငံ ဆိုရင် အရင်က တရုတ် အမည်တွေကို အင်္ဂလိပ်တွေ အသံ ဖလှယ်ခဲ့တာတွေ
အားလုံးကို တရုတ် ဘာသာ အသံထွက်နဲ့ အနီးဆုံး ရေးနိုင် အသံထွက်နိုင်မယ့်
Pinyin စနစ်ကို သုံးပြီး ပြင်ဆင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း Peking က Beijing
ဖြစ်လာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း နိုင်ငံအမည် စာလုံးပေါင်းကို မပြောင်းပေမယ့်
မြို့အမည်တွေကို ပြောင်းလဲခဲ့ပါတယ်။ ဒါ့ကြောင့် Bombay က Mumbai ၊
Calcutta က Kolkata ဖြစ်လာခဲပါတယ်။ သီဟိုကတော့ အင်္ဂလိပ်ခေါ်တဲ့ Ceylon ကနေ
မူလအမည်ဖြစ်တဲ့ Lanka ကို အမှီပြုပြီး Sri Lanka လို့ ပြောင်းခဲ့ပါတယ်။
ဒီအဖြစ်အပျက်မျိုးကို အာဖရိကတိုက် နိုင်ငံများမှာလည်း တွေ့နိုင်ပါတယ်။
ဘယ်လိုခေါ်မှာတုံး
ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပတ်သက်ပြီး ဗွီအိုအေကနေ မေးခွန်းတွေ ဖြေကြားတဲ့ အခါမှာ ဒီလို Burma ကနေ Myanmar
လို့ပြောင်းလဲ ခေါ်ဝေါ်တာကို ပြည်သူ့ဆန္ဒမပါဘဲ လုပ်တာဖြစ်လို့
သူလက်မခံနိုင်ဘူးလို့ဆိုတယ်။ ဒါပေမယ့် Burma ဆိုတဲ့ အခေါ်အဝေါ်ကိုလည်း
အင်္ဂလိပ်က မြန်မာကို သိမ်းပြီးတဲ့ အခါမှာ သူ့သဘောနဲ့သူ သတ်မှတ် ခေါ်ဝေါ်ခဲ့တာ
ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းပြချက် အတိုင်း ဆိုရင် Burma လို့
အင်္ဂလိပ်က ခေါ်တဲ့နံမည်ကို လွတ်လပ်ရေး ကြိုးပမ်းမှု ကာလထဲက ပယ်ဖျက်ပစ်ခဲ့ရမှာ
ဖြစ်ပါတယ်။
ရိုးရိုးလေး
စဉ်းစားကြည့် ရအောင်ဗျာ၊ ကျွန်တော်တို့နိုင်ငံကို ၁၉၄၈ ခုနှစ်မှာ
တည်ထောင်တော့ ပြည်ထောင်စု မြန်မာနိုင်ငံလို့ အားလုံး သဘောတူ သတ်မှတ်ခဲ့တဲ့။
မြန်မာဆိုတဲ့ စကားလုံးကို အရင်က အင်္ဂလိပ်လို သတ်မှတ်ထားတာ
မရှိဘူးဆိုပါစို့၊ အဲဒါဆိုရင် ကျွန်တော့်တို့က မြန်မာဆိုတဲ့ စကားကို
အင်္ဂလိပ်လိုရေးရင် ဒီအသံထွက်ကို ဘယ်လို စာလုံးပေါင်း ပြမလဲဗျာ။ Myanmar လို့
ရေးပြမလား Burma လို့ ပေါင်းပြမှာလား။ ဒီလိုပဲ ရန်ကုန်ကို Yangon လို့
ရေးပြမလား Rangoon လို့ ရေးမလား၊ ပဲခူးကို Pegu လို့ ရေးပြမလား Bago
လို့ရေးမလား။ ကရင်ကို Karen လို့ ရေးမလား Kayin ရေးမလား။
တကယ်တော့
ဒါဟာ ဗမာနံမည်တွေ၊ ကရင်နံမည်တွေစတဲ့ မိမိတို့ အမည်များကို
တိုင်းတပါးသားတွေ ထွက်တတ်သလို ထွက်၊ ရေးတတ်သလို ရေးခဲ့တာတွေကို
ကိုယ့်လူမျိုး အသံထွက်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ပြင်ဆင် ရေးသားတဲ့ကိစ္စသာ
ဖြစ်ပါတယ်။
ဒါပေမယ့် ဒါကို နိုင်ငံရေး issue အဖြစ် ပုံဖော်ခဲ့တဲ့ အတွက် မလိုအပ်ဘဲ ရှုပ်ထွေးခဲ့ရပါတယ်။ တကယ်တော့
နိုင်ငံတကာ ကျင့်ထုံးအရ နိုင်ငံတစ်ခုဟာ သူ့အမည်ကို သူ့ဘာသာနဲ့ ဖြစ်ဖြစ်၊
အင်္ဂလိပ် ဘာသာနဲ့ ဖြစ်ဖြစ် ပြောင်းလဲ ခေါ်ဆိုတာဟာ အဲဒီနိုင်ငံရဲ့ အချုပ်အခြာ
အာဏာပိုင် အခွင့်အရေးသာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကုလသမဂ္ဂက တရားဝင် အင်္ဂလိပ်အမည်ကို Myanmar ကို သုံးစွဲခဲ့သလို CNN.,
Aljazeera စတဲ့ သတင်း ဌာနများကလည်း ဒီအတိုင်းပဲ ကျင့်သုံးခဲ့ကြတာ
ဖြစ်ပါတယ်။ Burma ဆိုတဲ့ အသုံးအနှုန်းကို လက်ရှိအစိုးရကို ကသိကအောက်
ဖြစ်အောင် လုပ်ချင်သူများ အတွက် နည်းလမ်း တစ်ခုအဖြစ် အသုံးပြုတဲ့ အဆင့်ပဲ
ရှိပါတယ်။ အီးယူတောင်မှ အချင်းချင်း ညှိမရလို့ Burma/ Myanmar ဆိုပြီး
နှစ်မျိုးစပ် သုံးပေးနေပါတယ်။
အခုအချိန်ဟာ
အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ဒါမှမဟုတ် ပြန်လည် ရင်ကြားစေ့ရေးကို
လုပ်ရမယ့်အချိန် ဖြစ်ပါတယ်။ မနေ့က ဦးအောင်ကြည်နဲ့
ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံမှုဟာ ဒီလုပ်ငန်းစဉ်ရဲ့ အစဖြစ်မှာပါ။ အခုလို
အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဟိုတုံးက စစ်အစိုးရကို
ကသိကအောက် ဖြစ်အောင် လုပ်ခဲ့တဲ့ Burma ကိစ္စကို ဆက်လုပ် နေဦးမှာလား၊
လုပ်သင့်သေးလား ဆိုတာ စဉ်းစား စေချင်ပါတယ်။ ဒီလို ပြောင်းလိုက်ဖို့
ဘာမှ မခက်ပေမယ့် နှစ်ဘက်ကြား ယုံကြည်မှု တည်ဆောက်ရေးမှာ အများကြီးတာ
သွားပါတယ်။ ဒီနေရာမှာ တစ်ချက် ထောက်ပြချင်တယ်။ ၂၀၀၄
ခုနှစ် မတိုင်ခင်က ဆိုရင် အစိုးရ ဆောင်းပါးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို
ဒေါ်စုကြည်လို့ အမြဲရေးတယ်။ ဒီလို ခေါ်တာကို ဒေါ်အောင်ဆန်းစုကြည်
လုံးဝမကြိုက်ဘူး၊ မကြိုက်မှန်း သိလိုလည်း သုံးခဲ့တယ်။ အခုနောက်ပိုင်း
ဆောင်းပါးတွေမှာ အဲဒီလို မသုံးတော့တာ အတော်ကြာပါပြီ။ ဒါဟာ အစိုးရဘက်က အသိအမှတ်ပြုမှု တစ်ခုလို့ မြင်ရင် မရဘူးလား။
ကျွန်တော်ကတော့
ကိုယ့်နိုင်ငံနံမည်ရော၊ မြို့နံမည်တွေပါ Burma, Rangoon လို့ ပြောတာ
ကြားရရင် မကြိုက်ပါဘူး။ ကိုယ့်နိုင်ငံကို သိမ်းပြီး သူတို့ ခေါ်တတ်သလို
ခေါ်ခဲ့တာကို ကျွန်တော်တို့ မျိုးရိုးစဉ်ဆက် လိုက်သုံး နေရတာ မခံနိုင်ပါဘူး။
အဲဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့တဲ့
အခြေခံဥပဒေက စပြီး ဖြစ်လာတဲ့ မြန်မာဆိုတဲ့ နိုင်ငံအမည်ကိုလည်း
ဒေါ်အောင်ဆန်းစုကြည်က အစ Myanmar လို့ပဲ ပြောတာ ကြားချင်ပါတယ်။