xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ

Saturday, December 3, 2011

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ

လွှတ်တော် နှစ်ရပ်အတွင်းမှာ အပြန်အလှန် ဆွေးနွေးပြီးတဲ့နောက် ပြည်ထောင်စု အစိုးရက တင်သွင်းတဲ့ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခွင့်၊ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးများမှာ အတည်ပြုပေးခဲ့ပါတယ်။ အခုတော့ အခြေခံ ဥပဒေအရ အဲဒီဥပဒေကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ တကယ်တော့ ဒီဥပဒေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့နောက် ပထမဆုံး စနစ်တကျ ပြဋ္ဌာန်းတဲ့ စုဝေး ဆန္ဒပြခွင့်၊ စီတန်း လှည့်လည်ခွင့် ဆိုင်ရာဥပဒေ ဖြစ်ပါတယ်။ အဲဒီ ဥပဒေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်များကို ကောက်နှုတ် တင်ပြပေး လိုက်ပါတယ်။
ရည်ရွယ်ချက်
ဥပဒေရဲ့ ရည်ရွယ်ချက် အဖြစ် သုံးချက် ဖော်ပြထားရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ မူလ အခွင့်အရေး များကို စနစ်ကျ သုံးစွဲနိုင်ဖို့၊ အဲဒီလို သုံးစွဲတာကို ဥပဒေအရ အကာအကွယ် ပေးဖို့နဲ့ ဒီအခွင့်အရေးများကို သုံးစွဲရာမှာ ပြည်သူများကို အနှောက်အယှက် ဖြစ်ခြင်း၊ ထိခိုက် နစ်နာခြင်းတို့ကနေ ကာကွယ်ဖို့ ဆိုပြီး ဖော်ပြထားပါတယ်။
ခွင့်ပြုမိန့်
စုဝေးခြင်း၊ စီတန်း လှည့်လည်ခြင်း ပြုလုပ်လိုတဲ့ နိုင်ငံသား သို့မဟုတ် အဖွဲ့အစည်းက မြို့နယ် ရဲတပ်ဖွဲ့မှူးဆီကို အနည်းဆုံး ငါးရက် ကြိုတင်၍ တင်ပြရမယ်လို့ သတ်မှတ်ထားပါတယ်။ ခွင့်ပြုချက် တင်တဲ့အခါမှ လုပ်မယ့် ရည်ရွယ်ချက်၊ နေ့၊ အချိန်၊ ပြောမယ့်နေရာ၊ အကြောင်းအရာနဲ့ ကြွေးကျော်သံများကို ဖော်ပြရမယ်။ ပြီးရင် ပါမယ့် ခန့်မှန်း လူဦးရေ၊ ဟောပြောမယ့် ပုဂ္ဂိုလ်ရဲ့ ကိုယ်ရေး အချက်အလက်များ ပါဝင်ရမယ်လို့ ဖော်ပြထားပါတယ်။
ခွင့်ပြုမိန့်
မြို့နယ် ရဲတပ်ဖွဲ့မှူးက မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တိုင်ပင်ပြီး ခွင့်ပြုမိန့် ဒါမှမဟုတ် ငြင်းပယ်တဲ့ အမိန့်ကို ၄၈ နာရီကြိုပြီး အကြောင်းကြားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ခွင့်မပြုဘူးဆိုရင် ခွင့်ပြုချက် လျှောက်ထားတဲ့လူ၊ အဖွဲ့အစည်းက ပြည်နယ်၊ တိုင်းရဲတပ်ဖွဲ့မှူးဆီကို အယူခံ တင်နိုင်တယ်။ ပြည်နယ်၊ တိုင်းရဲတပ်ဖွဲ့မှူးရဲ့ အဆုံးအဖြတ်က အတည် ဖြစ်ပါတယ်။
တကယ်လို့ ခွင့်ပြုတယ် ဆိုရင် ခွင့်ပြုမိန့်မှာ စုဝေးရမယ့် နေရာ၊ အချိန်၊ စီတန်း လှည့်လည်မယ် ဆိုရင် သွားရမယ့် လမ်းကြောင်း အချိန်စတဲ့ အချက်တွေကို ဖော်ပြပေးရမယ်။

စည်းကမ်းများ
စည်းကမ်းချက်တွေ ထဲမှာတော့ အဲဒီလို စုဝေး လှည့်လည်တဲ့ အတွက် အများပြည်သူ အနှောင့်အယှက် ဖြစ်အောင်၊ ထိတ်လန့်အောင် မလုပ်ရဘူး၊ ယာဉ်နဲ့ လမ်းသွား လမ်းလာတွေကို ပိတ်ဆို့အောင် မလုပ်ရဘူး၊ လက်နက် ကိုင်ဆောင်ခြင်း မပြုရဘူး၊ ပြည်ထောင်စုကို ဖြစ်စေ၊ လူမျိုးရေး၊ ဘာသာရေးကို ဖြစ်စေ၊ လူ့သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ဖြစ်စေ ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမူတွေ မလုပ်ရဘူး၊ လက်ကိုင် အသံချဲ့စက်ပဲ သုံးရမယ်လို့ ဖော်ပြထားပါတယ်။
လုံခြုံရေး
ခွင့်ပြုမိန့်နဲ့ ဆောင်ရွက်တဲ့ စုဝေး စီတန်း လှည့်လည်မှုတွေကို နှောက်ယှက် ဟန့်တားမှုတွေကနေ ကာကွယ်ပေးဖို့ အတွက် ဒုရဲအုပ် အဆင့်ထက် မနိမ့်တဲ့ ရဲအရာရှိတစ်ဦး ဦးစီးပြီး ဆောင်ရွက် ပေးရမယ်လို့ သတ်မှတ် ထားပါတယ်။
ပြစ်ဒဏ်
ခွင့်ပြုမိန့်နဲ့ ဆောင်ရွက်တဲ့ စုဝေး စီတန်း လှည့်လည်မှုတွေကို နှောက်ယှက် ဟန့်တားရင်၊ အန္တရာယ်ပြုရင် လုပ်တဲ့သူကို ထောင်ဒဏ် နှစ်နှစ်နဲ့ ဒဏ်ငွေ ငါးသောင်း ချမှတ်မှာ ဖြစ်ပါတယ်။
ခွင့်ပြုမိန့် မရဘဲ စုဝေး စီတန်း လှည့်လည်မယ် ဆိုရင် ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ သုံးသောင်း ချမှတ်မှာ ဖြစ်ပါတယ်။
အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ပြု ပြီးတဲ့နောက် အခု ဥပဒေဟာ အခြေခံဥပဒေပါ အခွင့်အရေးများကို ပြည်သူများ ကျင့်သုံး နိုင်ဖို့အတွက် နောက်ထပ် ပြုပြင် ပြောင်းလဲမှု ခြေလှမ်းတစ်ခု အဖြစ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။