xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဦးစိုင်းလင်းခေါင်းဆောင်သော အထူးဒေသ(၄) ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ အချက်(၆)ချက်သဘောတူညီ

Wednesday, December 28, 2011

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဦးစိုင်းလင်းခေါင်းဆောင်သော အထူးဒေသ(၄) ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ အချက်(၆)ချက်သဘောတူညီ


 

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အထူးဒေသ(၄) ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးချက်အရ အောက်ပါအချက်များကို ၂၀၁၁ခုနှစ် ဒီဇင်ဘာ (၂၇)ရက်နေ့တွင် မိုင်းလားမြို့၌ သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည် ။

၁။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အထူးဒေသ(၄) ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့ ၂၀၁၁ခုနှစ် အောက်တိုဘာ (၉)ရက်နေ့တွင် ကျိုင်းတုံမြို့၌ သဘောတူလက်မှတ်ရေးထိုး ခဲ့ကြသော သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်ကြရန် သဘောတူသည်။
 
၂။ အထူးဒေသ(၄) နယ်မြေအတွင်း မှီတင်းနေထိုင်ကြသော တိုင်ရင်းသားများ၏ လူမှုဘ၀မြင့်မားရေးနှင့်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပြည်ထောင်စုအစိုးရမှ ပါဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးရန်အတွက် နှစ်ဖက်ညှိနှိုင်းပြီး နှစ်တို နှစ်ရှည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များချမှတ်ဆောင်ရွက်ရန် သဘောတူသည်။


  ၃။ အထူးဒေသ(၄)နယ်မြေအတွင်းရှိ တိုင်းရင်းသားလူငယ်များ၏ တွေးခေါ်မြော်မြင်မှု၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာများတတ်မြောက်မှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့ကိုမျှော်မှန်းပြီး ပညာသင်ယူနိုင်မှု အခွင့်အလမ်းများ တိုးတက်မြင့်မား လာစေရေးအတွက် ပြည်ထောင်စုအစိုးရမှ ကူညီဆောင်ရွက်ပေးရန်သဘောတူသည်။
 
၎။ အထူးဒေသ(၄)နယ်မြေအတွင်းရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့်ရှောက်နိုင်မှုအတွက် ကုသရေး၊ကာကွယ်ရေး၊ ပညာပေးရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများပါ ကျန်းမာရေးအသိစိတ်ဓါတ်များရရှိလာပြီး ကိုယ်တိုင်ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်သော အဆင့်ရှိလာရန် ရှေရှည်စီမံချကများချမှတ်၍ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရမှ အစီအမံများချမှတ်ဆောင်ရွက်ပေးရန် သဘောတူသည်။
 
၅။ အထူးဒေသ(၄) နယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူ့ကိုယ်စားလှယ် များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွှတ်တော်အဆင့်ဆင့်တွင်ပါဝင်ပြီး နိုင်ငံတော်နှင့်ဒေသ အတွင်းအရေးအရာများကို အထူးဒေသ(၄) နယ်မြေရှိ ပြည်သူ့ဆန္ဒများနှင့်အညီဖော်ထုတ် တင်ပြ၊စီမံခွင့်ရရှိနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရန် သဘောတူသည်။
 
၆။ အထူးဒေသ(၄) သည် နိုင်ငံတော်အားသွေကွဲစေခြင်း၊နိုင်ငံတော်မှ ခွဲထွက်ခြင်းစသည်တို့ကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက် အထူးဒေသ(၄)၏ စွမ်းရည်များအား လှုဒါန်းပေးဆောင်သွားရန် သဘောတူညီပြီးဖြစ်သည်နှင့်အညီ ဆက်လက်၍ နိုင်ငံတော်၏လုံခြုံရေး ကာကွယ်ရေးအတွက် နိုင်ငံတော်၏ ကာကွယ်ရေးအင်အားစုများနှင့် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆက်လက်ညှိနှိုင်းဆွေးနွေးသွားရန် သဘောတူသည်။