xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာလူ့အခွင့်အရေး ကော်မရှင်က တိုက်ပွဲများ ရပ်စဲရန်တောင်းဆို

Wednesday, December 14, 2011

မြန်မာလူ့အခွင့်အရေး ကော်မရှင်က တိုက်ပွဲများ ရပ်စဲရန်တောင်းဆို


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကချင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ဒီနေ့ထုတ် အစိုးရ သတင်းစာများမှာ ဖော်ပြထားပါတယ်။
အဲဒီ ကြေညာချက်မှာ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်သုံးဦးဟာ ကချင်ပြည်နယ်ကို ဒီဇင်ဘာလ ၈ ရက်နေ့ ကနေ ၁၀ ရက်နေ့ အထိ သွားရောက်ပြီး တွေ့ရှိချက်များကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကြေညာချက်မှာ လူ့အခွင့်ရေး ကော်မရှင်က တွေ့ရှိချက်များကို အခုလို ဖော်ပြထား ပါတယ်။
၁။ ပြည်နယ် အတွင်းက စခန်း ၅၉ ခုမှာ ရပ်ရွာစွန့်ခွာ ထွက်ပြေးလာသူ ၁၄၁၁၃ ဦးကို ပြည်နယ် အစိုးရက စောင့်ရှောက် ထားတယ်။ ပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် စာသင်ကျောင်း ၅၁ ကျောင်းပိတ်ထား ရပြီး ကျောင်းသား ၇၈၇၂ ဦး စာမသင် နိုင်ဘူး။ အဲဒီအထဲက ကယ်ဆယ်ရေး စခန်းကို ရောက်လာတဲ့ ကျောင်းသား ၃၁၅၃ ဦးကို စာသင်နိုင်အောင် လုပ်ပေး ထားတယ်။
၂။ ပြည်နယ်အစိုးရက စောင့်ရှောက်ထားပေမယ့် ဆောင်းရာသီ အတွက် အနွေးထည်လိုတယ်။ လူတွေစုပြီး နေရတဲ့ အတွက် အခက်အခဲရှိတယ်၊ ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေတယ်။ လူကြီးပိုင်း ကလည်း စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှုမရှိတဲ့ အဖြစ်ကို ခံစားနေရတယ်။
၃။ ကေအိုင်အေ ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ ဒုက္ခသည်များ အတွက် ထောက်ပံ့ရေး ပစ္စည်းတွေကို ဗန်းမော်က တဆင့် လိုင်ဇာကို ပို့ပေးနိုင်အောင် ကော်မရှင်က ညှိနှိုင်း ပေးနိုင်ခဲ့တယ်။
၎။ တိုက်ပွဲများ အတွင်းဒဏ်ရာ ရသူ၊ မိုင်းထိသူ ပြည်သူ ၁၇၇ ဦးကိုဆေးရုံတွေမှာ ကုသပေးနေတယ်။ 

 အဲဒီ့ကြေညာချက်မှာ လူ့အခွင့်အရေး ကော်မရှင်က အခုလို အကြံပြုထား ပါတယ်။
၁။ ကချင်ပြည်နယ် အစိုးရက ပြည်သူ တစ်သောင်းလေးထောင်ကျော် အခြေခံ လိုအပ်ချက်များ၊ ကျန်းမာရေး၊ ပညာ ရေးဆိုင်ရာ စောင့်ရှောက်ပေးမှုကို အသိအမှတ် ပြုတယ်။
၂။ ပြည်သူတွေ ထိခိုက်စေတဲ့ မြေမြှုပ်မိုင်း အသုံးပြုခြင်းကို ရှောင်ရှားဖို့လိုတယ်။
၃။ ဒီနေ့အထိ အစိုးရ၊ စေတနာရှင်၊ ကုလသမဂ္ဂ နဲ့ အင်န်ဂျီအိုများက လှုဒါန်းမှု ကျပ် ၁၄၀၇.၈၇ သန်း ရှိတယ်။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ကလည်း လှုဒါန်းသင့်တယ်။
၎။ လက်နက်ကိုင် တပ်ဖွဲ့များအနေနဲ့ ဒေသတွင်း လုံခြုံမှုပြန်လည် ရရှိအောင် ကြိုးပမ်းပေးဖို့ လိုတယ်။
၅။ သမ္မတက တပ်မတော်ကို မိမိကိုယ် မိမိခုခံတာမှ အပ တိုက်ခိုက်ခြင်း မလုပ်ဖို့ အမိန့်ထုတ်ထားပြီးပြီ၊ ကေအိုင်အေ ဘက် ကလည်း အလားတူ လိုက်လုပ်ဖို့ တိုက်တွန်းတယ်။
လူ့အခွင့်အရေး ကော်မရှင်ဟာ မြစ်ကြီးနား ထောင်ကိုလည်း သွားစစ်ဆေးခဲ့ပြီး ကျန်းမာရေး၊ စားသောက်ရေး၊ ထောင်တွင်း သန့်ရှင်းရေး အခြေအနေများ ကောင်းတယ်၊ အကျဉ်းသားတွေ စာဖတ်၊ ရုပ်မြင်သံကြား ကြည့်ခွင့်ရတယ်လို့ ဆိုတယ်။ ဒါပေမယ့် ထောင်တွင်းလူဦးရေက သတ်မှတ် ဦးရေထက် များနေတယ်၊ ဘာသာရေး အစီအစဉ်မှာ ဘာသာတိုင်း အတွက် လုပ်ပေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။