xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အစိုးရသစ် လက်ထက် စည်သူဘွဲ့ ရ အနုပညာရှင်များ

Tuesday, January 10, 2012

အစိုးရသစ် လက်ထက် စည်သူဘွဲ့ ရ အနုပညာရှင်များ

 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေ စည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် သည် ဇန်နဝါရီ ၄ရက်(လွတ်လပ်ရေးနေ့)၊  နေ့ထူး   နေ့မြတ်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MIIC) ညီလာခန်းမ၌ နံနက်(၈)နာရီခွဲက ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့် အပ်နှင်းကျင်းပခဲ့ကြောင်း သိရပြီး ယင်းသို့ ဘွဲ့များအပ်နှင်းရာတွင်  နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာစာ အမှတ် (၂/၂ဝ၁၂)ဖြင့်စည်သူဘွဲ့ချီးမြှင့် အပ်နှင်းခြင်းခံရသူ ၃ဝ ဦးရှိသည့်အနက် စာပေနှင့် အနုပညာရှင် ၂၅ ဦးပါဝင် ကြောင်း သိရှိရသည်။ အဆိုပါ စည်သူဘွဲ့ ရရှိသော စာပေနှင့် အနုပညာရှင်များမှာ ဦးလှကြိုင် (ပါရဂူ)၊ ဦးထင်ဖတ်(မောင်ထင်)၊ ဦးဌေးမောင်(ဌေးမောင်)၊ ဦးလေးမြိုင် (လေးမြိုင်)၊ ဒေါ်ရင်ရင်(စောမုံညင်း)၊ ဒေါ်ကြန်(မကြန်)၊ ဦးကြည်အေး(ဆင်ဖြူ ကျွန်းအောင်သိန်း) ၊ ဒေါက်တာကျော်စိန်၊ ဒေါက်တာခင်မောင်ညွန့်နှင့် ဒေါက်တာ သော်ကောင်း၊ ဦးမြတ်သူ(တက္ကသိုလ်မြတ်  သူ)၊ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)၊ ဗိုလ်ကလေး ဦးတင့်အောင်၊ ဦးရွှေနန်းတင်၊ ဦးမောင်မောင်ကြီး၊ ဦးမင်းနောင်၊ ဒေါ်တင်တင်မြ၊ ဒေါ်သင်းသင်းမြတ်၊ ဒေါ်တင်တင်အေး(ထား)၊ ဒေါ်နွဲ့နွဲ့စန်း၊ ဦးစိန်ဘမော်နှင့်   ဒေါ်စန်းရင် (စံရှားတင်)၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်မြင့်မြတ်နှင့် ဦး ကြည်စိုးထွန်း တို့ဖြစ်ကြသည်။ စာပေ အနုပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဝတစ်သက်တာလုံး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားရေး အတွက် တာဝန်ကျေပွန်စွာ ထူးထူးချွန်ချွန်ကြိုးပမ်းထမ်းဆောင်ခဲ့သူများ၊ မြန်မာ စာပေနှင့်   မြန်မာ့ ယဉ်ကျေးမှုအနုပညာများ မပျောက်ပျက်စေရေးနှင့် ရိုးရာအမွေအနှစ် များ အစဉ်ရှင်သန်ခိုင်မြဲစေရေးအတွက် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ၁၇ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဂီတနှင့် သဘင်ပညာရှင်များ၊ နိုင်ငံနှင့်လူမျိုးအကျိုး၊ အမျိုးသားရေးအကျိုးတို့ကို အစဉ်ရှေးရှုလျက် အနုပညာဖြင့် တိုင်းကျိုးပြည်ပြု တာဝန်ကျေပွန်ခဲ့ကြသော ရုပ်ရှင် ပညာရှင်များဖြစ်ခြင်းကြောင့် ယခု ကဲ့သို့စည်သူဘွဲ့ချီးမြှင့်ခဲ့ ကြောင်းသိရသည်။ စည်သူဘွဲ့ချီးမြှင့် အပ်နှင်းခြင်းခံရသူတချို့၏ ပီတိစကားသံ တွေကို မေးမြန်းကြည့်ရာ ပေါ်ပြူလာ ဂျာနယ်ကိုယခုလို ဖြေကြားပေးခဲ့သည်။

ဒေါ်နွဲ့နွဲ့စန်း(သဘင်)
“ဒီဘွဲ့က တစ်သက်စာပေးတာပါ။ ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ချီးမြှင့် တာပါ။ စည်သူဘွဲ့ကို ကိုယ်နဲ့အတူရတဲ့ အနုပညာရှင်တွေအတွက် ဝမ်းသာတယ်။ အကုန်လုံး ကလည်း မျှော်လင့်ချက်တွေနဲ့ လုပ်တာမဟုတ်ဘဲ ကျရာတာဝန်ကို တိုင်း ပြည်အတွက် လုပ်ပေးမယ်ဆိုတဲ့ စိတ်မျိုးနဲ့ ပဲလုပ်ကြတာပါ။ ဒီဘွဲ့က ဝဏ္ဏကျော်ထင် ဘွဲ့ထက် တစ်ဆင့်မြင့်တယ်။ အရင်တုန်း ကလူမှုထူးချွန်(ပထမအဆင့်)ကိုလည်း ချီးမြှင့်ခြင်းခံရဖူးတယ်။ ရုပ်ရှင်မှာလည်း မှတ် တိုင်တစ်ခုအဖြစ် ကျန်ခဲ့မှာ။ ဒီမှတ်တိုင် တွေက လည်းတန်ဖိုးမဖြတ်နိုင်ပါဘူး”။

ဒေါ်တင်တင်မြ(ဂီတ)
“ဒီလို အထွတ်အထိပ်ထားတဲ့ဘွဲ့ကို ချီးမြှင့်ခံရတဲ့အတွက် ဝမ်းသာတယ်။ ကိုယ်တွေ ဆောင်ရွက်ခဲ့တဲ့အပေါ် ဂုဏ်ပြု ချီးမြှင့်ခဲ့တဲ့ပွဲပါ။ အရင်တုန်းကတော့ လူမှု ထူးချွန် (ဒုတိယအဆင့်)၊ ဝိဇ္ဇာထူးချွန်ဆုတွေ ချီးမြှင့်ခြင်းခံရဖူးတယ်။ ဒီနှစ်က နိုင်ငံတော် သမ္မတကြီးက စည်သူဘွဲ့ချီးမြှင့်ခဲ့တာပါ။ ကိုယ်နဲ့အတူတူ အနုပညာရှင်တွေပါရတဲ့ အတွက် ဝမ်းသာသလို နောက်ကျန်ရှိတဲ့ သူတွေကိုလည်း ရစေချင်ပါတယ်”။

လယ်တွင်းသားစောချစ်(စာပေ)
“ဒီဆုရတဲ့အတွက် ဝမ်းသာပါတယ်။ ဟိုတုန်းကတော့ စည်သူဘွဲ့ချီးမြှင့်တာရှိ ပါတယ်။ ဗိုလ်ချုပ်တင်ဖေကို စည်သူတင်ဖေလို့ ချီးမြှင့်တာတို့၊ ရန်ကုန်က မြို့ တော် ခန်းမ ကြီးကိုဆောက်တဲ့ ဗိသုကာ ပညာရှင်ဦးတင်ကို စည်သူဦးတင်လို့ ချီးမြှင့်တာတို့ အဲဒါမျိုးတွေရှိခဲ့တဲ့အကြောင်း ကြားဖူးပါတယ်။ ရုပ်ရှင်ရယ်၊ ဂီတရယ်၊ စာပေရယ် အားလုံး ကို စည်သူဘွဲ့ချီးမြှင့် တာဆိုတော့အနုပညာစွမ်းဆောင်နိုင်မှုနဲ့ နိုင်ငံအကျိုးလုပ်တာနဲ့ဆိုင်တယ်လို့ ထင်ရ တာပါပဲ။ ဆရာက ဝိဇ္ဇာပညာထူးချွန်ဆု (ဒုတိယအဆင့်) ရဖူးပါတယ်။ အကုန်လုံး ကလည်း ရင်းနှီးကြပါတယ်။ နေပြည်တော်မှာ ဂုဏ်ထူးဆောင်ဘွဲ့ ဆု တံဆိပ်အပ်နှင်းခြင်းအခမ်းအနားကို တက်ရောက်ပါလို့ ဖိတ်တယ်။ ဘာဆုရ မယ်လို့ မသိပါဘူး။ ဆုချီးမြှင့်တဲ့အခါကျ တော့ စည်သူဘွဲ့ကို ဘယ်သူတွေရတယ်။ တက်ရောက်ယူပါရန်ဆိုမှ ဒီဘွဲ့မှန်းသိတာ ပါ။ နိုင်ငံတော် လူမျိုးအကျိုးကို တစိုက် မတ်မတ်ဆောင်ရွက်တဲ့အတွက် ဒီဆုကို ချီးမြှင့်တာပါ။ သားစဉ်မြေးဆက်ဂုဏ်ယူ အပ်တဲ့ဆုဖြစ်ကြောင်း သမ္မတကြီးပြောတဲ့ မိန့်ခွန်းထဲမှာပါပါတယ်။ ဆက်လက်ပြီး တော့ သားစဉ်မြေးဆက် နိုင်ငံနဲ့လူမျိုးကို ချစ်ခင်ပြီး ကောင်းကျိုးပြုကြဖို့၊ စောင့် ရှောက်ဖို့ ပြောခဲ့ပါတယ်”။


ဒါရိုက်တာအောင်မြင့်မြတ်(ရုပ်ရှင်)
”အနုပညာသက်တမ်း တစ်လျှောက် နိုင်ငံတော်အစိုးရ လက်ထက်မှာ သမ္မတကြီး ကိုယ်တိုင်ပေးခဲ့တဲ့ စွမ်းဆောင်ရည်ဆု စည်သူ ဘွဲ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရ ပါတယ်။ တစ်သက်လုံး အနုပညာရှင်တွေက တိုင်းပြည် အတွက် အလုပ်တွေလုပ်ခဲ့ကြတဲ့အထဲမှာ ဒီ လောက်တန်ဖိုးရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ အနုပညာသည်တွေပါ ရတယ်ဆိုတဲ့ အပေါ် မှာလည်း အရင်က အနုပညာအလုပ်တွေကို လက်ရည်တစ်ပြင်တည်းလုပ်လာတဲ့သူဖြစ်နေ တယ်၊၊ဒီအတွက်လည်း ပီတိဖြစ်ရပါတယ်၊၊ ဘာလို့ လဲဆိုရင် ရုပ်ရှင်ဆိုတာက လက်ရည်တစ်ပြင် တည်းလုပ်မှအကုန်လုံးကသဟဇာတဖြစ်ပြီး အောင်မြင်မှာ။ တစ်ယောက်ကောင်းနဲ့လုပ်လို့ရတဲ့ အရာမဟုတ်ဘူး။ စည်းစည်း လုံးလုံးညီ ညီညွတ်ညွတ်လုပ်မှ ရနိုင်တဲ့ ကိစ္စတစ်ခုပါ”။

အကယ်ဒမီမြင့်မြင့်ခင်(ရုပ်ရှင်)
”နိုင်ငံတော်ကနေ ကိုယ့်ကိုချီးမြှောက် တယ်ဆိုတော့ တအားဂုဏ်ယူတာပေါ့၊ အန် တီတို့ လောကသားတွေ အနေနဲ့ဆိုရင် ဒီဘွဲ့ရတာ ပထမဦးဆုံးပေါ့။ ကိုယ့်ကိုဖိတ်လို့ သာသွား တာ ဘာဘွဲ့ပေးမယ်ဆိုတာမသိဘူး။ နောက်မှ အံ့သြသွားရတာပေါ့။ တအားဂုဏ်ယူတာ ပေါ့၊၊သမ္မတကြီးကိုယ်တိုင်ကချီးမြှင့်တာဆိုတော့ အကယ်ဒမီရတာ ထက်ကို ပိုပြီးဂုဏ်ယူဝမ်း သာရပါတယ်။ ဒီအသက် ဒီအရွယ်ရောက်မှ ရတယ်ဆိုတော့မှတ်တမ်းတင်ရမှာပေါ့”။

ဒါရိုက်တာကြည်စိုးထွန်း(ရုပ်ရှင်)
”ဒီဆုရတဲ့အတွက် ဝမ်းသာရတာပေါ့၊ ရုပ်ရှင်သမားတွေကို ဒီဆုမပေးတာလည်းကြာ ပြီ။ အရင်ကတော့ အလင်္ကာကျော်စွာ၊ ဝဏ္ဏ ကျော်ထင်ဘွဲ့တွေပေးခဲ့တာပေါ့။ ဦးသုခတို့၊ ဦးချင်းစိန်တို့က အလင်္ကာကျော်စွာ ဘွဲ့ရသူ တွေပေါ့။ အခုအနုပညာသမားတွေလည်းပါ တယ်။ ကိုယ့်ထက်အင်မတန်သာတဲ့ ကိုယ် ကြည်ညိုတဲ့သူတွေနဲ့ အတူတူရတော့ ဝမ်း သာတာပေါ့။ ဒီဆုရပြီးတော့ ဒီထက်ပို ကောင်းအောင်လုပ်ဖို့နဲ့ ဒီထက်ပိုကောင်း အောင်နေဖို့ပဲ စဉ်းစားထားပါတယ်”။

အဆိုတော်ထား(ဂီတ)
”နိုင်ငံတော်က ချီးမြှင့်တဲ့ဘွဲ့လေးရတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်တာပေါ့။  ငယ် ငယ်လေးကတည်းက နိုင်ငံတော်ရဲ့တာဝန် ကိုထမ်းဆောင်ခဲ့တဲ့ အတွက်ကြောင့်လည်း ပါတာ ပေါ့။’ဆို၊ က၊ ရေး၊ တီး’မှာ အန်တီတို့က ၁၇ နှစ်လုံးမပျက်မကွက်လုပ်လာခဲ့တာတွေကြောင့် လည်းပါတယ်။ ဂီတနဲ့ကျရာတာဝန်ကို နိုင်ငံ အတွက် ထမ်းဆောင်ခဲ့တဲ့ အတွက်ကြောင့် ဒီဆုကိုရတယ်လို့ အန်တီယူဆပါတယ်”။


ပေါ်ပြူလာဂျာနယ်