xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မဏ္ဍိုင်တွေအများကြီးနဲ့မြန်မာ့နိုင်ငံရေး

Friday, January 6, 2012

မဏ္ဍိုင်တွေအများကြီးနဲ့မြန်မာ့နိုင်ငံရေး

 
ဒီကနေ့ နိုင်ငံတကာ ရေးရာတွေကို ကြည့်လိုက်ရင် မဏ္ဍိုင်တစ်ခုနဲ့ မဏ္ဍိုင်အများ ( Uni Polar , Multi Polar) ဆိုတဲ့ စကားလုံး တွေကို တွေ့ရမှာပါ။ ဆိုလိုချက်ကတော့ အမေရိကန် တစ်နိုင်ငံထဲ ကြီးစိုးတဲ့ ကမ္ဘာ အခြေအနေ ကနေ နောက်ထပ် နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကို ဗဟိုပြုတဲ့ ကမ္ဘာ့ အခြေအနေ ပြောင်းလာနေပြီ ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ အရင်းရှင်နဲ့ ကွန်မြူနစ် အားပြိုင်တဲ့ စစ်အေးတိုက်ပွဲမှာ ဆိုဗီယက်ကြီး ရှုံးသွား ပြီးတဲ့နောက် ကမ္ဘာမှာ အမေရိကန်က စူပါပါဝါ ဖြစ်လာခဲ့တယ်။ အခုအချိန် ကြတော့ အမေရိကန်က အင်အား အကြီးဆုံး နိုင်ငံ ဖြစ်နေတုန်း ဆိုပေမယ့် နေရာတိုင်းမှာ သူ့သဘော အတိုင်း လုပ်လို့ မရတော့ဘူး။ နောက်ပေါက် ဇာတ်လိုက်တွေ၊ မဟာမိတ်တွေ၊ ဒေသ အဖွဲ့အစည်း တွေရဲ့ သဘောထား ကိုလည်း အတိုင်းအတာ တစ်ခုအထိ ထည့်တွက် လာရပြီ။ ဥပမာ အခုဖြစ်နေတဲ့ စီးပွားရေး ပျက်ကပ် ဆိုရင် တရုတ်ရဲ့ သဘောထားက အရေးပါလာတဲ့ ကိစ္စမျိုးပေါ့။ ဒါ့ကြောင့်လည်း မဏ္ဍိုင် အများနဲ့ ကမ္ဘာ ( Multi Polar ) စကားလုံးက နိုင်ငံတကာ ဆက်ဆံရေးမှာ ခေတ်စားလာတာ ဖြစ်ပါတယ်။  ဒီကနေ့ မြန်မာ့နိုင်ငံရေးကို ကြည့်ရင်လည်း Multi Polar လို့ပြောနိုင်ပါတယ်။ 
 
နိုင်ငံ အုပ်ချုပ်ရေး ဘက်ကို ကြည့်လိုက်ရင် အရင်က နိုင်ငံကို အုပ်ချုပ်ခဲ့တာ စစ်တပ်၊ စစ်တပ် ခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံ အကြီးအကဲလည်း ဖြစ်တယ်။ အမိန့်တွေ၊ မူဝါဒတွေ အများစုဟာ သူ့သဘော တစ်ခု တည်းပဲ။ အခု အချိန်ကျတော့ လွှတ်တော်ရှိတယ်၊ သမ္မတ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ (အုပ်ချုပ်ရေး) ရှိတယ်။ ပြီးရင် တရားရေး အဖွဲ့တွေ ရှိတယ်။ အစိုးရအဖွဲ့ ထဲမှာတောင် အရေးကြီးတဲ့ ဝန်ကြီးဌာန သုံးခုမှာ တပ်ချုပ်က အမည်စာရင်း ပေးတဲ့ ဝန်ကြီး သုံးပါး ရှိတယ်။ ကာလုံ ၁၁ ဦးထဲမှာ စစ်ယူနီဖောင်း ဝတ်ထားသူ ငါးဦး ပါတယ်။ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးက အများစု ဆိုပေမယ့် တပ်ဘက်က ၂၅% ရှိသလို ပြည်ခိုင်ဖြိုး မဟုတ်တဲ့ ပါတီတွေလည်း ရှိသေးတယ်။ သမ္မတက ပြည်ခိုင်ဖြိုး ပါတီရဲ့ ဥက္ကဌ ဖြစ်ပေမယ့် အခုအချိန်မှာ အခြေခံ ဥပဒေအရ ပါတီကို ဦးဆောင်လို့ မရဘူး။ သမ္မတနဲ့ ဝန်ကြီးတွေဟာ ပါတီလုပ်ငန်း တွေမှာ ပါဝင် ပတ်သက်လို့ မရဘူး။ နောက်ပြီး သမ္မတက အမေရိကန် သမ္မတလို၊ ပြင်သစ် သမ္မတ တို့လို လွှတ်တော်က အတည်ပြုတဲ့ ဥပဒေတွေကို ဗီတိုအာဏာနဲ့ ပယ်ချလို့ မရဘူး။ 

 
ဒါ့ကြောင့် နိုင်ငံ တည်ဆောက်ပုံဟာ အရင်တုန်းကလို နိုင်ငံ့ အကြီးအကဲ တစ်ခုတည်း သဘောနဲ့ ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ လုပ်ပိုင်ခွင့် အာဏာတွေက ခွဲခြားထားတယ်။ သမ္မတအနေနဲ့ အရေးကြီးတဲ့ ကိစ္စများမှာ ကာလုံရဲ့ သဘော တူညီချက် ရဖို့ လိုသလို ဥပဒေအဖြစ် လုပ်မယ် ဆိုရင် လွှတ်တော် ထောက်ခံမှုလည်း ရဖို့လိုတယ်။ လိုရင်းချုပ် ပြောလိုက်ရင် ကျွန်တော်တို့က ကိုယ်ကြီးပြင်းလာတဲ့ အတွေ့အကြုံ အရ နိုင်ငံ့ ခေါင်းဆောင်ဆိုရင် စေတလုံး ပိုင်ရှင်လို့ သတ်မှတ် ထားခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာ အဲဒီလို မဟုတ်တော့ ပါဘူး။ သမ္မတရဲ့ လုပ်ပိုင်ခွင့်ဟာ အကန့်အသတ်နဲ့ ဖြစ်လာပြီး တစ်ခြား ပုဂ္ဂိုလ်များ၊ အဖွဲ့ များ၊ အုပ်စုများရဲ့ သဘောထား ကိုလည်း ထည့်ပြီး စဉ်းစားနေရပါပြီ။
  
နိုင်ငံ အုပ်ချုပ်ရေး မှာတင် ဒီလို မဟုတ်ပါဘူး။ နိုင်ငံရေး လောကမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အရှိန်အဝါ ကြီးနေဆဲ ဖြစ်ပေမယ့် ၈၈၊ ၈၉ တုန်းကလို မဟုတ်တော့ပါဘူး။ ပြည်ခိုင်ဖြိုး၊ တစည အပြင် အင်န်အယ်လ်ဒီ ထီးရိပ် အောက်ကို မ၀င်ဘဲ သူ့မူနဲ့သူ ရပ်တည်နေတဲ့ ပါတီတွေ ရှိနေပါပြီ။ ၈၈ နောက်ပိုင်း ပြည်တွင်း၊ ပြည်ပကနေ တပ်မတော် အစိုးရကို ဆန့်ကျင် လှုပ်ရှား နေခဲ့တဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အတွင်းမှာပင် ဒေါ်အောင်ဆန်း စုကြည်နဲ့ သဘောထား ကွဲပြားသူတွေ၊ သူတို့ အယူအဆကို ဒေါ်အောင်ဆန်းစုကြည် လက်ခံအောင် တိုက်တွန်းနေသူတွေ အမျိုးမျိုး ရှိနေပါပြီ။ 
 
မြန်မာနိုင်ငံ အရေးမှာ နိုင်ငံတကာက ပါဝင် ပတ်သက်မှု မှာလည်း ဒီလိုပါပဲ။ ၈၈ နောက်ပိုင်း အစမှာ အမေရိကန်နဲ့ အနောက် ဥရောပက အခရာ ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အားလုံးသိတဲ့အတိုင်း တရုတ်၊ အိန္ဒိယ၊ အာဆီယံ ဆိုတာတွေ ပါလာပါပြီ။ 
 
ဒါကတော့ အခြေအနေ အကျဉ်းချုပ်ပါ။ ဒါကို တင်ပြ ရတာကတော့ ရှေ့မှာ စကားဦး သန်းခဲ့သလိုပဲ မြန်မာနိုင်ငံရေးဟာ လည်း Multi Polar ဖြစ်လာပါပြီ။ ဟိုတုန်းက ဒီကိစ္စတွေ အကြောင်းပြောရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်း စုကြည် နှစ်ဦးက အဓိကပဲ၊ သူတို့ အဆုံးအဖြတ်က အတည်ပဲလို့ မြင်ကြပါတယ်။ 
 
အခု အချိန်မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးက အဓိက ပုဂ္ဂိုလ်များ အဖြစ် ရှိနေဆဲ ဖြစ်ပေမယ့် အားလုံးကို သူတို့ သဘော တစ်ခုတည်းနဲ့ လုပ်လို့ မရတော့ပါဘူး။ ကျန်တဲ့ ဇာတ်ကောင်များရဲ့ အမြင်များ ကိုလည်း ကဏ္ဍ အလိုက် ထည့်စဉ်းစား နေရပြီ ဖြစ်ပါတယ်။ 
 
အခု နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အကျဉ်းသားတွေ ပြစ်ဒဏ်လျှော့ပေါ့ လွှတ်ပေးမှုနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ဆုံးဖြတ်ချက် အပေါ် မှာရော၊ ဒါနဲ့ ဆက်စပ်ပြီး သင့်မြတ်ရေး လမ်းပေါ် လျှောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာရော ပြင်းပြင်း ထန်ထန် ဝေဖန်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒီလိုလူတွေ အနေနဲ့ သူတို့ နှစ်ယောက်အား အမြင် အမျိုးမျိုး၊ အကျိုးစီးပွား အမျိုးမျိုး ရှိသူတွေကြားမှာ လှုပ်ရှားရင်း အကောင်းဆုံး ဖြစ်နိုင်မယ့် လမ်းကို ချိန်ချိန်ဆဆ လုပ်ဆောင် နေကြရတယ် ဆိုတာရယ်၊ သွားနေတဲ့ လမ်းကြောင်းဟာ ဦးတည်ချက် မှန်နေပြီ ဆိုတာရယ်ကို နားလည်ပေးနိုင်ဖို့ လိုပါလိမ့်မယ်။ 
ပိတောက်မြေ