xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာ

Tuesday, January 17, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာ

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ယခင်က ထိုင်းနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက် ဆန္ဒပြလေ့ရှိသည့် အတိုက်အခံ တစ်ဦးဖြစ်သူ သန်းဖေခေါင်းဆောင်သည့် ၂၀ ဦးခန့်နှင့် သတင်းမီဒီယာသမား ၁၀ ဦးခန့်တို့သည် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးသည့်အတွက် သမ္မတကြီး ဦးသိန်းစိန်အား ကျန်းမာချမ်းသာပါစေ ဆုတောင်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တစ်ဆင့် နိုင်ငံတော် သမ္မတကြီး ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်အားပေးပို့ခဲ့ကြောင်း သိရှိရပါသည် ၊ အဆိုပါစာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ။ ၁၆-၁-၂၀၁၂
 
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ယခု အိတ်ဖွင့် ပေးစာအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ထံသို့ ပေးပို့အပ်ပါသည်။ ပေးပို့ရသည့် အကြောင်းအရင်းများမှာ နိုင်ငံတော် သမ္မတကြီး တာဝန် ထမ်းဆောင် ခဲ့သည်မှ စတင်ပြီး ယနေ့အထိ
(၁)
ယခင်အစိုးရများ အဆက်ဆက် လုပ်ဆောင်ခဲ့ဖူးခြင်း မရှိပါသော ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ အရေးအား အထူး အလေးထား စိတ်ဝင်စားစွာ ဆောင်ရွက် လာသည်ကို ကျွန်ုပ်တို့ ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ တွေ့မြင်လာရခြင်း။
(၂)
ထိုင်းနိုင်ငံအတွင်း ရေဘေး ဒုက္ခရောက်နေစဉ် သမ္မတကြီး၏ လမ်းညွှန်မှုနှင့် အညီ ထိုင်းနိုင်ငံ မြန်မာသံရုံးမှ ထိုင်းနိုင်ငံသားများနှင့် မြန်မာ နိုင်ငံသားများအား ဆေးဝါးပစ္စည်း၊ အစားအသောက်များ ပေးပို့ လှူဒါန်းခြင်းများကို ကျွန်ုပ်တို့ ကိုယ်တိုင် သိရှိ ခံစားရခြင်း။
(၃)
မြန်မာပြည်တွင်း ငြိမ်းချမ်းရေး အတွက် လက်ရှိ စေ့စပ်လျှက် ရှိနေပါသော အဖွဲ့အစည်းများ၊ ကချင်လူမျိုးများနှင့် ငြိမ်းချမ်းရေးများ ရယူနိုင်ပါစေရန် နှစ်ဘက်စလုံးမှ လူကြီးများအား တောင်းဆိုအပ်ခြင်း အပြင် ရှမ်း၊ ကရင်၊ ချင်းတိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရယူနိုင်ခြင်း။
(၄)
တစ်ဆက်တည်းမှာပင်လျှင် ယခင်အစိုးရများ လက်ထက်မှ ယခုအထိ (၁၈)ကြိမ်မြောက် ရှိခဲ့ပါသော လွတ်ငြိမ်း ချမ်းသာခွင့်များ အတွင်း သမ္မတကြီး၏ ယခု စတုတ္ထ အကြိမ်မြောက် လွတ်ငြိမ်း ချမ်းသာခွင့်သည် ကျွန်ုပ်တို့ မြန်မာပြည်သူ ပြည်သားများနှင့် တကွ တစ်ကမ္ဘာလုံးမှ လူအပေါင်း အတွက် အထူး ၀မ်းသာပီတိ ကြည်နှုးမှု ဖြစ်ရခြင်း။
စသည့် အကြောင်းအရင်းများကြောင့် ယခု အိတ်ဖွင့် ပေးစာအား ပေးပို့အပ်ပါသည်။ နောင်သော အချိန်များတွင်လည်း ကျွန်ုပ်တို့ ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသားများ အားလုံးအား ယခုထက်ပိုမို၍ မေတ္တာတရား ထားပြီး စောင့်ရှောက် ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
 
ကြွေးကြော်သံများ
(၁)
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

(ကျန်းမာပါစေ)
(၂)
မြန်မာနိုင်ငံတော်ကြီးနှင့် မြန်မာပြည်သူပြည်သားများအားလုံး

(ငြိမ်းချမ်းပါစေ)
(၃)
အမိမြန်မာနိုင်ငံတော်ကြီး

(တိုးတက်သာယာဝပြောပါစေ)


ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ
၁။ ဦးသန်းဖေ (ONSOB)
၂။ ဦးခိုင်အံ့မောင် (ALD)
၃။ ဦးမျိုးခိုင်
၎။ ဦးဝင်းကိုကို
၅။ ဒေါ်သက်သက်ဦး