xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဗိုလ်မှူးချုပ် ချစ်သန်း(ငြိမ်း) ကျွန်းစုမြို့နယ်မှ ရွေးကောက်ပွဲဝင်မည်

Sunday, January 15, 2012

ဗိုလ်မှူးချုပ် ချစ်သန်း(ငြိမ်း) ကျွန်းစုမြို့နယ်မှ ရွေးကောက်ပွဲဝင်မည်


ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်လျက် ရှိသော တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလောင်း နေရာအတွက် ဗိုလ်မှူးချုပ်ချစ်သန်း(ငြိမ်း)အား ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းက (၁၄-၁-၂၀၁၂) ရက်နေ့ မြိတ်မြို့၌ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် တရားဝင် ကြေညာလိုက်သည်။ ဦးမောင်မောင်သိမ်းသည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး ပါတီ တာဝန်ခံလည်းဖြစ်သည်။
 
ဗိုလ်ချုပ်ချစ်သန်း (ငြိမ်း) သည် ဘုတ်ပြင်းမြို့ အခြေစိုက် အမှတ်(၁၃) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တွင် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ်ပါ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။ ယခု လက်ရှိတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တွင် ရထားဝန်ကြီး ဦးအောင်မင်းနှင့် အတူ ပါဝင် ဆောင်ရွက်လျက် ရှိပြီး ၄င်းအား ကရင်လူမျိုး အများစု က ယုံကြည် လေးစား ကြကြောင်း သိရှိသည်။
 
ဗိုလ်ချုပ်ချစ်သန်း(ငြိမ်း) ၀င်ရောက် ယှဉ်ပြိုင်မည့် ကျွန်းစုမြို့နယ် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာတင်မျိုးဝင်း ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သတင်း ထွက်လျက် ရှိသည်။ ဒေါက်တာတင်မျိုးဝင်း အနေဖြင့် အနိုင်ရရင် မလွယ်ကူကြောင်း ဝေဖန် ပြောကြားလျက် ရှိသည်။

လစ်လပ်လျက်ရှိသော ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သည် ယခု လက်ရှိ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၏ လစ်လပ်နေရာ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပြိုင်ဖက် မရှိကြောင်း သိရှိ ရသည်။