xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၂ဝ၁၁ ခုနှစ် အတွက် သတင်း အချက်အလက် နည်းပညာ လုံခြုံရေး ဆိုင်ရာ အထူးခြားဆုံးများ

Friday, January 6, 2012

၂ဝ၁၁ ခုနှစ် အတွက် သတင်း အချက်အလက် နည်းပညာ လုံခြုံရေး ဆိုင်ရာ အထူးခြားဆုံးများ

သတင်း အချက်အလက် နည်းပညာလုံခြုံရေးဆိုင်ရာ အထူးခြားဆုံးများကို The Hacker News မှ Hacking Award အဖြစ် နှစ်စဉ် သတ်မှတ်ခဲ့ရာ ၂ဝ၁၁ အတွင်း အထူးခြားဆုံးဟု သတ်မှတ်ချက် များကို  ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
 
 
1.   ၂ဝ၁၁ အတွက် Person of the Year အဖြစ် ဝီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အက်ဆင်းအား သတ်မှတ်ပါသည်။
အသက် ၃၉ နှစ် ရှိပြီ ဖြစ်သော ပိန်ပိန်ပါးပါး၊ အသားဖြူဖျော့ဖျော့ ဟက်ကာသည် ကမ္ဘာကို တုန်လှုပ် စေခဲ့သည်။ ၂ဝ၁၁ ကို ဝီကီလိခ်စ် ၏ နှစ်ဟုပင် ပြောစမှတ် ဖြစ်ခဲ့၏။ ‘ဝီကီလိခ်စ်၏ အသက်ဝိညာဉ်၊ တည်ထောင်သူ၊ ဝီကီလိခ်စ်၏ ဒဿန အရင်းအမြစ်၊ ပြောရေးဆို ခွင့်ရှိသူ၊ မူရင်း ပရိုဂရမ်မာ၊ စည်းရုံးရေးမှူး၊ ငွေကြေး စိုက်ထုတ်သူနှင့် ဝီကီလိခ်စ် နှင့်ပတ်သက် သမျှ တာဝန်ရှိသူ’ဟု သူ့ကိုယ်သူ ရဲဝံ့စွာ ကြေညာခဲ့သည်။ ဝီကီလိခ်စ်သည် ၂ဝ၁၁၊ အောက်တိုဘာ ၄ ရက်နေ့တွင် ၅ နှစ်သား ဖြစ်ခဲ့၏။ ငါးနှစ်တာ ကာလအတွင်း ကမ္ဘာသားများ အတွက် ထူးခြားစွာ စွမ်းဆောင်ခဲ့သည်။ ဝီကီလိခ်စ်အား The Hacker News က လိုအပ်သမျှ ပံ့ပိုး ကူညီရန် အသင့် ရှိသည်ဆို၏။

 
2. ၂ဝ၁၁ ခုနှစ်အတွက် Best Hacking Group အဖြစ် Hacking Group တို့အား သတ်မှတ်ပါသည်။
ANONYMOUS တို့သည် အမှန်အားဖြင့်မူ အဖွဲ့အစည်း မဟုတ်။ ခေါင်းဆောင် မရှိ။ ဂုရု မရှိ။ အတိုင်ပင်ခံ မရှိ။ မူဝါဒ ရေးဆွဲသူ မရှိ။ သို့သော် ဆွေးနွေး တိုင်ပင်မှုများ မရှိဘဲ နည်းပညာသမားများ ပီသစွာပင် အားလုံး အချက်ကျကျ အချိတ်အဆက် မိမိ လှုပ်ရှားကြရာတွင် ကမ္ဘာကျော်ခဲ့သည်။ အိုင်တီသမား ဟူသည် ဥာဏ်ရည် မြင့်ပြီး သားဖြစ်၏။
သူတို့သည် ကွန်ပျူတာ ပရိုဂရမ်ရေး သကဲ့သို့သာ အလုပ် လုပ်လေ့ ရှိကြ၏။ ကွန်ပျူတာ ပရိုဂရမ်တစ်ခု ဟူသည် ရေးဆွဲသူက အလုံးစုံ မသိဘဲရေး၍ မဖြစ်။ ထို့ကြောင့် သူတို့သည် အလုံးစုံကို သိပြီးမှ သာလျှင် သူတို့ သိသလို ကွန်ပျူတာအား ခိုင်းစေနိုင်သူများ ဖြစ်ကြ၏။
ထိုနည်းတူစွာပင်  ANONYMOUS တို့သည်လည်း သတင်းအချက် အလက်နည်းပညာကို အသုံးပြု၍ ကမ္ဘာကို ကိုင်လှုပ်ခဲ့ကြသည်။ HBGary Federal အား ထိုးနှက်မှု၊ Bank of America မှ အချက်အလက်များ ထုတ်ပြန်စေရေး၊ Operation Sony, Operation Anti-Security စသည်ဖြင့် လှုပ်ရှားမှု များစွာ ပြုလုပ် ခဲ့သည်။
သို့ရာတွင် ဘယ်သူတွေ ပူးပေါင်း ပါဝင်နေမှန်း မည်သူကမျှ ရေရေရာရာ မသိ။ ယုတ်စွ အဆုံး စီအိုင်အေတောင် မသိ။

 
3.၂ဝ၁၁ ခုနှစ် အတွက် အကောင်းဆုံး Whitehat Hacker အဖြစ် ချာလီ မီလာအား သတ်မှတ်ပါသည်။
ချာလီမီလာသည် ယခင်က ဟက်ကာ ဟောင်းတစ်ဦး ဖြစ်ပြီး ယခုသော် အမေရိကန် ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်း အချက်အလက် နည်းပညာ ဆိုင်ရာ လုံခြုံရေး အတိုင်ပင်ခံ အဖြစ် တာဝန်ယူလျက် ရှိသည်။ သူသည် အမေရိကန် ပြည်ထောင်စု အမျိုးသား လုံခြုံရေး အေဂျင်စီ အတွက်လည်း ငါးနှစ်မျှ အလုပ် လုပ်ပေးခဲ့သေးသည်။ သူသည် ပန်းသီး ကွန်ပျူတာများအား ဖောက်ထွင်းခြင်းကို ပြည်သူရှေ့ဝယ် သရုပ်ပြ ဆောင်ရွက်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ပန်းသီးမှ ထုတ် လုပ်သော MacBook Air ၏ အရေးကြီးသော အားနည်းချက်ကို ရှာဖွေနိုင်ခဲ့သဖြင့် ကန်ဒေါ်လာ တစ်သောင်း ဆုရခဲ့သည်။
၂ဝဝ၉ တွင် ပန်းသီး၏ ဆာဖာရီ အင်တာနက် ရှာဖွေရေး ဆော့ဖ်ဝဲလ်၏ အားနည်းချက်ကို ရှာဖွေနိုင်ခဲ့ ပြန်သဖြင့် ကန်ဒေါ်လာ ငါးထောင် ဆုရခဲ့ပြန်သည်။ ထိုနှစ်တွင်ပင် SMS  များကို သုံး၍ ပန်းသီးမှ ထုတ်လုပ်သော iPhone  ဖြင့် အခြားဖုန်း များအား အခက်တွေ့အောင် လုပ်ပြနိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် iPhone နှင့် iPad တို့၏ မလုံခြုံမှုများကို ရှာဖွေ ပေးနိုင်ခဲ့သည်။ ချာလီ မီလာသည် ပန်းသီး၏အား နည်းချက် များစွာကို ထောက်ပြ နိုင်ခဲ့သည်။

 
4.၂ဝ၁၁ ခုနှစ်အတွက် အဆိုးရွားဆုံး ပေါက် ကြားမှုအဖြစ် HB Gary Federal မှ အီး မေးလ်များ ပေါက်ကြားမှုအား သတ်မှတ်ပါသည်။
အင်တာနက်မှ လှုပ်ရှားသူများ နှင့်ပတ်သက်သော သတင်းအချက် အလက်များကို HBGary Federal က ပြည်နယ် အစိုးရအား ရှာဖွေ ကူညီပေးလျက်ရှိသည်။ သို့ရာတွင် ANONYMOUS တို့က social engine-ering ခေါ် အယုံသွင်း လှည့်ဖြားသည့် နည်းပညာဖြင့် အချက်အလက် များစွာကို ရယူနိုင်ခဲ့သည်။ ထိုအချက် အလက် များအနက် အီးမေးလ် လိပ်စာနှင့် စကားဝှက် ပေါင်းတို့ကို HBGary ၏ ဆော့ဖ်ဝဲလ် ဆိုင်ရာ အမှုဆောင် အရာရှိချုပ်ထံမှ ရယူနိုင်ခဲ့သည်။
 
 
5.၂ဝ၁၁ ခုနှစ် အတွက် အကောင်းဆုံး တန်ဆာ ပလာအဖြစ်Android Network Toolkit ကို သတ်မှတ်ပါသည်။
Android Network Toolkit သည် အရွယ်အစားအားဖြင့် သေးငယ်သော်ငြား Android မောင်းနှင် စနစ်ကိုသုံးသော ဖုန်းများအတွက် အထူးပင် အသုံး ဝင်သော ဆော့ဖ်ဝဲလ် တစ်ခု ဖြစ်လာသည်။ ယင်းကို အသုံးပြု၍ ကွန်ပျူတာ ကွန်ရက်များ၏ အကျိုးအပြစ် တို့ကို ရှာဖွေ နိုင်သည်။ ကွန်ပျူတာ ကွန်ရက် အမျိုးမျိုးတို့အား စစ်ဆေးနိုင်သည်။
 
 
6.၂ဝ၁၁ ခုနှစ် အတွင်း မလိုလား အပ်သော အချက်အလက်များ အများဆုံးအဖြစ် facebook ကို သတ်မှတ်ပါသည်။
၂ဝ၁၁ ဝယ် Facebook, Twitter, Google+ တို့ ထိပ်တန်း ရောက်ခဲ့ကြ၏။ ထိုလူမှု ကွန်ရက်များ အနက် facebook သည် မလိုလားအပ်သော အချက် အလက်များ အများဆုံး စုပုံနေရာ တစ်ခု ဖြစ်ခဲ့သည်။ ယင်းတို့ကို အသုံးပြု၍ ထိုးနှက်မှု မျိုးစုံ ပေါ်ပေါက်ခဲ့သည်။ ကိုယ်ရေး အချက်အလက်ပေါင်း များစွာ အခိုးခံခဲ့ကြ ရသည်။ အနိုင်ကျင့်မှု ပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ မလိုလားအပ်သော လူထုအုံကြွမှု များလည်း ပေါ်ပေါက်ခဲ့သည်။
 
 
7. ၂ဝ၁၁ ခုနှစ်ဝယ် ဖောက်ထွင်းမှု အခံရ ဆုံးသော ကွန်ပျူတာ မောင်းနှင်စနစ် အဖြစ် ANDROID ကို သတ်မှတ်ပါသည်။
ဂူးဂဲလ်၏ ANDROID မောင်းနှင်စနစ်သည် အများသူငါ ပြုပြင်သုံးစွဲ နိုင်သော open source တစ်ခု ဖြစ်သည်။ ထိုနည်းတူစွာပင် အပြန်အလှန် သဘောအရ ယင်း၏ အားနည်းချက် များကို အသုံးချ၍လည်း ဖောက်ထွင်း ဝင်ရောက်မှုများ ပြုလုပ်နိုင်ပြန်သည်။ အမှန်အားဖြင့်မူ ခရီးဆောင် ဖုန်းကဲ့သို့သော အသုံး အဆောင် များအတွက် open source မောင်းနှင် စနစ်ကို သုံးရာတွင် စဉ်ဆက်မပြတ် အဆင့်မြှင့် နေနိုင်ရန် လိုအပ်၏။ ထိုသို့ အဆင့်မြှင့် မနေနိုင်ပါက မသမာသော ဆော့ဖ်ဝဲလ် ဖန်တီး သူများ၏ သားကောင်ဖြစ်ဖို့ ရာခိုင်နှုန်း များလေသည်။ ထို့ကြောင့်ပင်လျှင် မိမိ၏ ခရီးဆောင် ဖုန်းထဲဝယ် အရေးကြီးသော အချက် အလက်များကို သိမ်းဆည်းလေ့ ရှိပြီး ထိုသို့ စဉ်ဆက်မပြတ် အဆင့်မြှင့်မနေ နိုင်သူတို့မှာ ANDROID မောင်းနှင်စနစ်သုံး ဖုန်းများကို မကိုင်ကြတော့။ ၂ဝ၁၁ အတွင်းဝယ် ANDROID စနစ်ကို ဖောက်ထွင်းသော ကွန်ပျူတာ ပရိုဂရမ်ပေါင်း ရာနှင့်ချီ၍ ပေါ်ပေါက်ခဲ့ပြီး ANDROID စနစ်သုံး ဖုန်းအားလုံး၏ ၄၅ ရာခိုင်နှုန်း ဆီသို့ ဖြန့်ဝေမှုများ ပြုနိုင်ခဲ့ကြ သည်။ ထိုအချက်ကပင် ANDROID ကို အထူးသတိပြု ကိုင်တွယ်သင့်ကြောင်း ထောက်ပြနေသည်။
 
 
8.၂ဝ၁၁ ခုနှစ် အတွက် သတင်း အချက်အလက် နည်းပညာ လုံခြုံရေးဆိုင်ရာ အကောင်းဆုံး စာအုပ်အဖြစ် BACKTRACK 5 WIRELESS PENETRATION TESTING ကို သတ်မှတ်ပါသည်။
သတင်း အချက်အလက် နည်းပညာ လုံခြုံရေးကို လေ့လာသူများ ဆိုပါက BACKTRACK ကို မသိမရှိ သိကြပါလိမ့်မည်။ ကမ္ဘာ တစ်ဝန်းရှိ အကောင်းဆုံးသော သတင်း အချက်အလက်နည်းပညာ လုံခြုံရေး ဆိုင်ရာ စစ်ဆေးရေး ဆော့ဖ်ဝဲလ် အားလုံးလိုလိုကို စုစည်းပေးထားသော ကွန်ပျူတာ မောင်းနှင် စနစ်တစ်ခုဖြစ်ပါသည်။ သို့ရာတွင် ယင်းသည် Windows မဟုတ်။ Linux သာဖြစ်သည်။ အဆိုပါ BACKTRACK မောင်းနှင် စနစ်ဝယ် စုစည်း ပေးထားသော ကြိုးမဲ့ကွန်ပျူတာ ကွန်ရက်များကို စစ်ဆေး သည့်ဆော့ဖ်ဝဲလ် များကို ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ် အသုံးပြုနိုင်စေရန် လမ်းညွှန်ရေး သားထားသော စာအုပ်သည် ၂ဝ၁၁ တွင် ကမ္ဘာကျော်ခဲ့ပါသည်။
 
 
9.အမိုက်မဲဆုံးသော ဟက်ကာ အဖြစ် TiGER-M@te ကို သတ်မှတ်ပါသည်။
မိမိကိုယ်မိမိ  TiGER-M@te ဟု အမည်ပေးထားသော ထိုသူသည် အင်တာနက် စာမျက်နှာပေါင်း ၇ သိန်းခန့်ကို တရားမဝင် ပြုပြင်ခဲ့၏။ ထို့အတွက် အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိသည်ဟုလည်း သတင်းမကြားမိ။ အင်တာနက် ဝက်ဘ်ဆိုက် ပိုင်ရှင် ထောင်ပေါင်းများစွာတို့ အလ ဟဿ ဆုံးရှုံး နစ်နာမှုများ ဖြစ်ခဲ့ကြရသည်။

 
10.၂ဝ၁၁ ခုနှစ် အတွင်း အဆိုးရွားဆုံးသော သိမ်း ပိုက်ခံရမှုအဖြစ် SONY PLAYSTA-TION ဝက်ဘ်ဆိုက် သိမ်းပိုက်ခံရမှုကို သတ်မှတ်ပါသည်။
Play Station အင်တာနက် ကွန်ရက်သည် ကွန်ပျူတာ ဂိမ်းကစားသူပေါင်း များစွာတို့၏ မဟာ ဝက်ဘ်ဆိုက်ကြီး jဖစ်ပြီး Sony ဖျော်ဖြေရေး ကုမ္ပဏီကြီးက ပိုင်ဆိုင် သည်။သို့ရာတွင် ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၇ မှ ၁၉ ရက်နေ့ အထိ အဖျက် အမှောင့်ပြုသူ ကွန်ပျူတာ ဟက်ကာတို့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး သန်း ၇ဝ မျှသော အသုံးပြုသူ တို့၏ အချက်အလက် များကို အသုံးချ သွားကြကြောင်း ဆိုနီက ဧပြီလ ၂၆ ရက်နေ့က တရားဝင် ကြေညာခဲ့သည်။


ပေါ်ပြူလာသတင်းဂျာနယ်