xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသား ၆၆၅၆ ဦးလွတ်မြောက် ၊ အစိုးရသစ်သက်တမ်း ၁၀ လအတွင်း အကျဉ်းသား ၂၇၇၇၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီးဖြစ်

Thursday, January 5, 2012

တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသား ၆၆၅၆ ဦးလွတ်မြောက် ၊ အစိုးရသစ်သက်တမ်း ၁၀ လအတွင်း အကျဉ်းသား ၂၇၇၇၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီးဖြစ်

 
(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တို့အတွက် လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေး သောအားဖြင့် လည်းကောင်း အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသားများအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) နှင့်အညီ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များ ပေးနိုင်ရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး၏ ၂ - ၁ -၂၀၁၂ ရက်စွဲပါ အမိန့်အမှတ် ( (၁/၂၀၁၂) ဖြင့် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်များ ထုတ်ပြန် ပေးခဲ့သည်။ 

အဆိုပါ အမိန့်များအရ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃ ရက်တွင် အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသားများအနက်မှ အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးတို့ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များ ရရှိခဲ့ကြောင်း သိရှိရသည်။
  ထို့အပြင် ပြစ်ဒဏ် ပြောင်းလဲ ခံစားခွင့်အဖြစ် သေဒဏ်မှ ထောင်တစ်သက်သို့ ပြောင်းလဲကျခံရသူ အကျဉ်းသား ၃၁ ဦး၊ အကျဉ်းသူ နှစ်ဦး စုစုပေါင်း ၃၃ ဦး၊ ထောင်ဒဏ် (၃၀)နှစ်အထက်မှ ထောင်ဒဏ် (၃၀)နှစ်သို့ ပြောင်းလဲ သတ်မှတ်ခံရသူ အကျဉ်းသား ၉၈၈ ဦး၊ အကျဉ်းသူ ၁၃၀ ဦး စုစုပေါင်း ၁၁၁၈ ဦး၊ ထောင်ဒဏ် (၂၀)နှစ်သို့ ပြောင်းလဲသတ်မှတ် ခံရသူ အကျဉ်းသား ၂၃၀၀ ဦး၊ အကျဉ်းသူ ၄၀၂ ဦး စုစုပေါင်း ၂၇၀၂ ဦးနှင့် ထောင်ဒဏ် (၂၀)နှစ်အောက် ပြစ်ဒဏ်မှ ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ရက်အဖြစ် ခံစားခွင့် ရရှိသူ အကျဉ်းသား ၂၉၈၅၅ ဦး၊ အကျဉ်းသူ ၅၂၅၆ ဦး စုစုပေါင်း ၃၅၁၁၁ ဦးရှိကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည် ။
 
 သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ်သည် အစိုးရသက်တမ်း ၁၀ လအတွင်း တွင် လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ် ပြုခဲ့ပြီး ၂၀၁၁ခု မေလ ပထမအကြိမ်မှာ အကျဉ်းသား ၁၄၇၅၈ ဦး ၊၂၀၁၁ခု အောက်တိုဘာလ ဒုတိယအကြိမ်မှာ ၆၃၅၉  ဦး လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ၂၀၁၂ခု ဇန်န၀ါရီလ တတိယအကြိမ် တွင် ၆၆၅၆ ဦး ထပ်မံလွှတ်ပေးလိုက်ပြန်သဖြင့် အစိုးရသက်တမ်း ၁၀ လအတွင်း စုစုပေါင်း ၂၇၇၇၃ ဦးလွတ်မြောက်ခဲ့ပြီး ဖြစ်သည့်အပြင် ပြစ်ဒဏ်လျော့ပေါ့မှုများကြောင့် နေ့စဉ်လွတ်ရက်စေ့သူ ဦးရေပိုမိုများပြား လာနေကြောင်း သိရှိရပါသည် ။