xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထောင်ချောက်များကို ရှောင်နိုင်ဖို့

Monday, January 16, 2012

ထောင်ချောက်များကို ရှောင်နိုင်ဖို့

အကျဉ်းကျရာကနေ လွတ်မြောက်လာတဲ့ ကိုမင်းကိုနိုင်တို့ကို သတိထား ပြောဆိုဖို့ ရေးလိုက်တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပရိသတ် တစ်ယောက်က ခင်ဗျားတို့က ကိုမင်းကိုနိုင်တို့ကို အထင်သေး လှချေလားလို့ အစချီပြီး ပယ်ပယ် နယ်နယ် ဝေဖန်တဲ့ အီးမေးလ်တစ်စောင် ပို့လာပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဘာတွေကို စိုးရိမ်နေသလဲ ဆိုတာ အသေအချာ ပြန်ရှင်းပြချင်ပါတယ်။ အဓိကကတော့ ကိုမင်းကိုနိုင်တို့ နောက်ဆုံး အကြိမ် ဖမ်းဆီးခံရတဲ့ ၂၀၀၇ နဲ့ အခု အခြေအနေတွေ မတူတဲ့ ကိစ္စပါပဲ။ 
 
ပထမဆုံး ကွဲပြားမှုကတော့ နိုင်ငံရေး ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ၂၀၀၇ တုံးက စစ်အစိုးရက အုပ်ချုပ်တယ်။ ဒီမိုကရေစီ အငွေ့အသက် မရှိသလောက်ဘဲ။၂၀၀၄ ကိုမင်းကိုနိုင်တို့ အကျဉ်းက ပြန်လွတ်လာတော့ တိတ်တိတ် ဆိတ်ဆိတ်ပဲ အိမ်ပြန် လာခဲ့ရတယ်။ ၂၀၀၄-၀၇ ကြား လှုပ်ရှားမှုတွေမှာလည်း အင်မတန် ရဲဝံ့သူများလောက်သာ အနားမှာ ၀န်းရံနိုင်ခဲ့ပါတယ်။ အခု ကိုမင်းကိုနိုင် အိမ်ပြန်ခရီးမှာ အာဏာပိုင်တွေက ကူညီခဲ့တာ၊ လူထုကြီးက ကြိုဆိုတဲ့အပေါ် အနှောင့်အယှက် အတားအဆီး ဘာမှ မလုပ်ခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီကနေ့ နိုင်ငံရေး ပတ်ဝန်းကျင် အခြေအနေကို သိနိုင်ပါတယ်။ 
 
ဒုတိယ ကွဲပြားမှုကတော့ မီဒီယာ ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ၂၀၀၄ တုံးက ကိုမင်းကိုနိုင်တို့ကို ပြင်ပ မီဒီယာတွေကပဲ တွေ့ဆုံ မေးမြန်းနိုင်ခဲ့တယ်။ ဒီကနေ့တော့ အားလုံး မြင်တဲ့ အတိုင်းပါပဲ။ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ခေါင်းဆောင်များဟာ ၁၉၈၈- ၁၉၈၉ နဲ့ ၂၀၀၄-၂၀၀၇ ခုနှစ် ကာလသာ ပြင်ပမှာ လှုပ်ရှားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ သူတို့ထက်စာရင် ဒေါ်အောင်ဆန်းစုကြည် ကမှ ပြင်ပမှာ နေရတဲ့အချိန်၊ နိုင်ငံတကာနဲ့ ထိတွေ့မှု ပိုများခဲ့ပါသေးတယ်။ အဲဒီလို အကျဉ်းကျ ကာလနဲ့ အကြာကြီး နေခဲ့ရတဲ့ သူတစ်ယောက်၊ ဒီမိုကရေစီ တော်လှန်ရေး အတွက် ကိုယ်စိတ် နှစ်ပါးလုံး နှစ်မြှု လုပ်ဆောင်ခဲ့တဲ့ သူတစ်ယောက်ဟာ အကျဉ်းကျရာကနေ ထွက်လာတဲ့ အချိန်မှာ လူထုကြီးနဲ့ တွေ့ရ၊ မီဒီယာတွေက ၀ိုင်းဝန်း မေးမြန်းကြဆိုတဲ့ အခြေအနေနဲ့ တွေဆုံရတဲ့အခါ စိတ်အား ထက်သန်မှုတွေ အများကြီး ပေါ်လာမှာ သေချာပါတယ်။ စိတ်လှုပ်ရှားမှုတွေ အများကြီး ဖြစ်လာမှာ သေချာပါတယ်။ အဲဒီအခါမှာ ၈၈ တုံးက စိတ်ဓာတ်တွေ၊ ၂၀၀၇ တုံးက ထက်သန်မှုတွေ ပြန်ဖြစ်လာမှာလည်း အသေအချာပါပဲ။ အဲဒီ Emotion ရဲ့ သယ်ဆောင်အားဟာ စကားကျွံမှုတွေ၊ အဆုံးအဖြတ် မှားမှုတွေကို ဖြစ်စေပါတယ်။ 
 
မြောက်ဥက္ကလာပမှာ ကိုမင်းကိုနိုင် ပြောတဲ့မိန့်ခွန်းကို နားထောင်လိုက်ပါ။ လူထုကို လမ်းပေါ်ထွက်ဖို့ သတ္တိတွေ ရှိရဲ့လား၊ စစ်အာဏာရှင် စနစ်ကို ဖယ်ရှားရမယ် ဆိုတဲ့ အသုံးအနှုန်းတွေ ပါနေတာကို သတိပြုနိုင်ပါတယ်။ ၁၉၈၈၊ ၂၀၀၇ တုံးက Regime Change အတွက် ပြောတာ မှန်ပေမယ့် ဒီကနေ့အစိုးရဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားနေပြီ၊ တစ်ချိန်က အတိုက်အခံ ဖြစ်နေတဲ့ လူတွေနဲ့ လက်တွဲပြီး လုပ်နေတဲ့ အချိန်မှာ Regime Change တို့ လမ်းပေါ် ထွက်မယ့် လူထု တော်လှန်ရေးတို့ ဆိုတာ အပြောင်းအလဲ ဖြစ်ဖို့ထက် ရပြီး အပြောင်းအလဲကို တုန့်ဆိုင်းဖို့ပဲ ရှိပါတယ်။ သမ္မတအနေနဲ့ နိုင်ကျဉ်းတွေကို အစုလိုက် အပြုံလိုက် လွှတ်ပေးဖို့ စဉ်းစားတဲ့အခါ ဒီလူတွေ အားလုံး အပြင်ရောက်ပြီး နောက်တစ်ကြိမ် ၈၈ ပုံစံ လှုပ်ရှားမှုတွေ လုပ်လာရင် ဘယ်လိုလုပ်မလဲ ဆိုပြီး စိုးရိမ်နေတဲ့ သူတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် ဆိုတဲ့ သတင်းတွေ ပေါ်ခဲ့တာ အားလုံး သိပါတယ်။ ဒီလိုအချိန်မှာ အခုပြန် လွတ်မြောက် လာတဲ့ တက်ကြွ လှုပ်ရှားသူများရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေပေါ် တုန့်ပြန်မှုများဟာ သမ္မတရဲ့ အနာဂတ် ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေ အပေါ် ရိုက်ခတ်မှုရှိမှာ အသေအချာပါပဲ။ 
 
ကိုမင်းကိုနိုင် ထက်စာရင် ကိုလှမျိုးနောင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ရဲ့ ပြောကြားချက်များက လက်တွေ့ အခြေအနေနဲ့ ပိုပြီး နီးစပ်တယ်၊ အခြေအနေကို သတိပြုပြီး ထိန်းထိန်း သိမ်းသိမ်း ပြောသွားတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် ၈၈ မျိုးဆက်များ အတွင်းမှာ ကိုမင်းကိုနိုင်ရဲ့ အရှိန်အ၀ါက ပိုကြီးတဲ့အတွက် သူ့အနေနဲ့ လက်ရှိ ပူးပေါင်း ဆောင်ရွက်နေတဲ့ အခြေအနေကို ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမူများကို ရှောင်ရှားဖို့ လိုမယ်လို့ ထင်ပါတယ်။

 
ဒီအတွက် အကောင်းဆုံး ဥပမာကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ၂၀၁၀ ဒီဇင်ဘာလ ပြန်လည် လွတ်မြောက် လာချိန်မှာ ဒေါ်စုအနေနဲ့ အစိုးရက အစိုးရိမ် လွန်မသွားအောင် ပြောတဲ့ စကားတွေ၊ လှုပ်ရှားမှုတွေကို ထိန်းထိန်း သိမ်းသိမ်း လုပ်ခဲ့တာ အားလုံး အသိပါပဲ။ ဒီလို လုပ်ဆောင်ခဲ့တဲ့ အတွက်လည်း သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီး ဒီကနေ့ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ တိုးတက်မှုတွေ ဖြစ်လာခဲ့တာပါ။ ကိုမင်းကိုနိုင်တို့ လွတ်မြောက် လာတာဟာလည်း ဒီအကျိုးဆက်ပါပဲ။ နိုင်ငံတကာ ဖိအား တစ်ခုတည်းနဲ့ ဒီအပြောင်းအလဲတွေ မဖြစ်ပါဘူး။ အစိုးရသစ်ရော၊ ဒီကနေ့ထိ သြဇာ ကြီးမားနေသေးတဲ့ စစ်တပ်ကရော အပြောင်းအလဲတွေဟာ သူတို့အတွက် အန္တရာယ် မဟုတ်ဘူး၊ နှစ်ဘက်လုံး အကျိုးတွက်၊ တိုင်းပြည် အကျိုးတွက် ဖြစ်တယ်လို့ ယုံကြည်လို့ ဖြစ်လာတာပါ။ 
 
ကိုမင်းကိုနိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် လူထုကို ဆွဲဆောင်နိုင်ဆုံး ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာတော့ အရင်တုံးကလို Confrontation လိုင်းပေါ် ပြန်တွန်းတင်ဖို့ ကြိုးစားခဲ့သူတွေ အများကြီး ရှိပါတယ်။ အခု ဖြစ်ပေါ်နေတဲ့ သင့်မြတ်ရေး လမ်းကြောင်းကို ဘ၀င်မကျပဲ Regime Change ပဲ သွားချင်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွန်းတင်လို့ မရတဲ့ လမ်းကြောင်းပေါ်ကို ကိုမင်းကိုနိုင်ကို ဆွဲတင်ဖို့ ကြိုးစားကြဦးမှာပဲ။ ကိုမင်းကိုနိုင် အနေနဲ့ အဲဒီ ထောင်ချောက်တွေကို ရှောင်နိုင်ဖို့ လိုပါတယ်။ ဒါမှာလည်း မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု အရှိန်က ပိုမြန်လာမှာ ဖြစ်ပါတယ်။ 
 
ကျွန်တော်တို့ရဲ့ စိုးရိမ်ချက်က ဒါပါပဲ။ ဒါ့ကြောင့်လည်း ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်များကို အခြေအနေ အားလုံးကို ဆ၀ါးနိုင်တဲ့ အထိ လေ့လာပြီးမှ အနာဂတ် လမ်းကြောင်းကို ရွေးဖို့ တိုက်တွန်း နေရခြင်းပါ။

ပိတောက်မြေ