xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ABSDF အဖွဲ့၏ တောင်ပိုင်းစစ်ကော်မရှင်ဥက္ကဌဟောင်း စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းဖတ်ကြားတင်သွင်း

Friday, August 19, 2011

ABSDF အဖွဲ့၏ တောင်ပိုင်းစစ်ကော်မရှင်ဥက္ကဌဟောင်း စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းဖတ်ကြားတင်သွင်း

ဒေါက်တာဇော်ဦး
 
ABSDF (All Burma Students Democratic Front) ခေါင်းဆောင်ဟောင်း  အမေရိကန်ရောက် မြန်မာစီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးသည်  နေပြည်တော်တွင် ကျင်းပပြုလုပ်လျက် ရှိသည့် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌  ၂၀၁၅ အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း အဖွဲ့ဝင်သစ်များအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ  ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင် ဖတ်ကြားတင်သွင်းခဲ့ကြောင်း သတင်းရရှိပါသည် ။

ဒေါက်တာဇော်ဦးသည် ထိုင်းနိုင်ငံ အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူသားအရင်းမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်ခဲ့သော ABSDF ၏ တောင်ပိုင်းစစ်ဒေသ ကော်မတီ ဥက္ကဋ္ဌအဖြစ် ယခင်ကတာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်သည်။
 
ဒေါက်တာဇော်ဦးသည် အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်တွင် နိုင်ငံတကာ လေ့လာရေးဆိုင်ရာ မဟာဘွဲ့ကို ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့ပြီး ဝါရှင်တန်ဒီစီ မြို့တော်ရှိ အမေရိကန် တက္ကသိုလ် စီးပွားရေးပညာ ဌာနမှလည်း ဖွံ့ဖြိုးမှု ငွေရေးကြေးရေးနှင့် ဘဏ်များဆိုင်ရာ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၉၈ မှ ၂၀၀၆ ခုနှစ်အထိ အမေရိကန် အခြေစိုက် မြန်မာ့ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့တွင် သုတေသနနှင့် ပေါ်လစီများဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပါသည်။


ယခုလ ၁၇ ရက်နေ့၌ နိုင်ငံတော်သမ္မတသည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား အားလုံးကို အမိနိုင်ငံ ပြန်လာခွင့် ပြုခဲ့ပြီး ပြည်တွင်းရှိ သဘောထားအမြင် မတူသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုလည်း မတူကွဲပြားမှုများကို ဘေးဖယ်၍ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုး စီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ပြီး နောက် ဒေါက်တာဇော်ဦး၏ ပူးပေါင်းပါဝင်လာမှုသည် ထင်ရှားသော ပူးပေါင်းပါဝင်လာမှုဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေကြောင်း သိရှိရပါသည် ။

ဒေါက်တာဇော်ဦးကဲ့သို့ အစိုးရကိုလက်နက်ကိုင်တော်လှန်ခဲ့သော ABSDF အဖွဲ့၏ တောင်ပိုင်း စစ်ကော်မရှင်ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့ဘူးသူကိုပင် ယခုကဲ့သို့ နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်လာတက်ရောက်ခွင့်ပြုခြင်းသည် နိုင်ငံတော်၏ ပြည်ပရောက်မြန်မာများ ပြန်လည်ဖိတ်ခေါ်မှုကို စိတ်ပူ သံသယရှိနေသူများ အတွက် စိတ်ပူမှုများနှင့် သံသယများကိုလျော့ပါးသွားစေခဲ့ပြီး အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် ကောင်းမွန်သော လက္ခဏာများအဖြစ် အပြုသဘောရှုမြင်လာသူများ တိုးပွားလာနေကြောင်းသတင်းရရှိပါသည် ။

Voice Of Myanmar