သြဂုတ်လ
၁၂ ရက်နေ့က ပြုလုပ်တဲ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ကြားရေး
ဝန်ကြီး ဦးကျော်ဆန်းက ကေအိုင်အေနဲ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စများ၊ အစိုးရသစ်ရဲ့
လုပ်ဆောင်ချက်များကို ရှင်းပြသွားပါတယ်။ ရှင်းလင်းချက်ဟာ နှစ်နာရီ နီးပါး
ကြာမြင့်တဲ့ အတွက် အဲဒီအထဲက အများစိတ်ဝင်စားမယ့် ကေအိုင်အေနဲ့ ပတ်သက်တဲ့
ကိစ္စများကိုပဲ ပြန်လည် စုစည်း ရေးသား တင်ပြလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေးစည်းကမ်းချက်များ
တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များနဲ့ ငြိမ်းချမ်းရေး ယူတဲ့အခါမှာ အောက်ပါ အချက် ၈
ချက်ကို သဘောတူညီခဲ့ကြ တယ်။ ကေအိုင်အေလည်း ပါတယ်။
၁။ တပ်အင်အား မတိုးချဲ့ရ။
၂။ ဆက်ကြေး ကောက်ခြင်းနှင့် ဥပဒေနှင့် မညီသော လုပ်ငန်းများ မပြုလုပ်ရ။
၃။ သတ်မှတ် ထားသော နယ်မြေအတွင်း၌သာ လှုပ်ရှားရန်နှင့် သတ်မှတ်နယ်မြေ ကျော်လွန်၍ လှုပ်ရှားမှုမျိုး မပြုလုပ်ရ။
၎။ ခရီး
သွားလာရာတွင် သတ်မှတ် နယ်မြေအတွင်း လွတ်လပ်စွာ သွားလာ နိုင်သော်လည်း
အခြားနေရာများသို့ သွားလာရန် ရှိပါက သက်ဆိုင်ရာသို့ ခွင့်ပြုချက် ရယူ၍
လက်နက်မဲ့သာ သွားလာရန်။
၅။ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး ကိစ္စများတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုလုပ်ရ။
၆။ အစိုးရအား ဆန့်ကျင်သော အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အဆက်အသွယ် မပြုလုပ်ရ။
၇။ လက်နက် ကိုင်ဆောင်မှုနှင့် ပတ်သက်၍ နောင်ဖြစ်ပေါ် လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဆောင်ရွက်ရန်။
၈။ အသစ်
ရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြည်သူ့ဆန္ဒ ခံယူပြီးသည်နှင့်
လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရန်။ သို့မှသာ ရွေးကောက်ပွဲ ၀င်နိုင်မည်။
ကေအိုင်အေအဖွဲ့အပေါ် ထောက်ပံ့မှုများ
ငြိမ်းချမ်းရေး
ယူပြီးတဲ့နောက် ကေအိုင်အို၊ ကေအိုင်အေ တပ်ဖွဲ့တွေ အတွက် ရိက္ခာ၊ ယာဉ်၊
ငွေကြေး ကျပ်သန်းပေါင်း ၁၄၅.၃၂၉ သန်း ထောက်ပံ့ ပေးခဲ့ပါတယ်။ ကချင် အထူးဒေသ ၁
ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၅၇၉၉၆.၇၅ သန်း
သုံးစွဲခဲ့ပါတယ်။ ဒါ့အပြင် ကေအိုင်အိုအဖွဲ့က လုပ်ချင်တဲ့ စီးပွားရေး
လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့် ပေးခဲ့တယ်လို့ ရှင်းပြသွားပါတယ်။
သဘောတူညီချက်ကို ချိုးဖောက်မှုများ
အပစ်အခတ်
ရပ်စဲရေး သဘော တူညီချက်မှာ ဆက်ကြေး မကောက်ဖို့၊ တပ်အင်အား
မတိုးချဲ့ဖို့သဘောတူ ထားပေမယ့် ကေအိုင်အိုဟာ အပစ်အခတ် ရပ်စဲရေး ကာလ
တစ်လျှောက်လုံးမှာ လူသစ်စု၊ ဆက်ကြေးကောက်၊ အင်အား တိုးချဲ့တာတွေ လုပ်ခဲ့တဲ့
အတွက် မူလ ငြိမ်းချမ်းရေး ရစဉ်တုံးက အတည်ပြု ထားတဲ့ အင်အား ၆၀၅၀ ထက်
ပိုများနေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒီလို ဆက်ကြေးကောက်၊ လူသစ်စုတာတွေ
ဖြစ်လာလို့ အစိုးရဘက်က ကန့်ကွက်တဲ့ အခါမှာလည်း ကေအိုင်အို ဗဟိုက ဒါကို
သူတို့ မသိပါဘူး။ အောက်ခြေက လုပ်တာပါ ဆိုပြီး အမြဲ ဆင်ခြေ
ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
နယ်ခြားစောင့်တပ်ဖွဲ့ဖွဲ့စည်းခြင်း
ဖွဲ့စည်းပုံ
အခြေခံဥပဒေ အတည်ပြု ပြီးတဲ့အခါမှာ လက်နက် ကိုင်ဆောင်မှုကို အခြေခံဥပဒေနဲ့
အညီ ဆောင်ရွက်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ကိစ္စ ဆွေးနွေးတဲ့အခါ ကေအိုင်အိုဘက်က
အခုလို ပြန်တင်ပြပါတယ်။
၁။ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်တဲ့ ကေအိုင်အို ဆက်လက် ရပ်တည် ခွင့်ပြုဖို့၊
၂။ ကေအိုင်အိုရဲ့ စစ်ရေးအဖွဲ့ ဖြစ်တဲ့ ကေအိုင်အေကို ဆက်လက် ရပ်တည် ခွင့်ပြုဖို့၊
၃။ ကေအိုင်အို ဒုတိယဥက္ကဌ (၂) ဒေါက်တာ တူးဂျာနဲ့ အဖွဲ့ဝင် တစ်ချို့ကို သီးခြား ပါတီ ထောင်ခွင့်ပြုဖို့။
အစိုးရဘက်ကတော့ နိုင်ငံရေး ပါတီတစ်ခုဟာ ကိုယ်ပိုင် တပ်မတော် ထားတာကို လက်ခံလို့ မရဘူး။
ကေအိုင်အိုကို ပါတီ အဖြစ် ပြန်လည် ဖွဲ့စည်းဖို့၊ ကေအိုင်အေကို
နယ်ခြားစောင့် တပ်ဖွဲ့ ( BGF) အဖြစ် ပြန်လည်ဖွဲ့စည်းဖို့ အဆိုပြုခဲ့တယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကေအိုင်အို အကြား ဆွေးနွေးမှု ကိုးကြိမ်
လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ကေအိုင်အိုဘက်က အထက်က သုံးချက်အပြင် အခုလိုထပ်ပြီး တောင်းဆိုခဲ့တယ်။
၁။ ကေအိုင်အိုအနေဖြင့်
ကချင်ပြည်နယ် အစိုးရ အာဏာ သုံးရပ်တွင် တိုက်ရိုက် ပါဝင်နိုင်ရေး၊
ကေအိုင်အေကို ကချင်ဒေသ လုံခြုံရေးတပ် (KRGF) အဖြစ် သတ်မှတ်ပြီး လက်ရှိ
အတိုင်းထားရေး၊ KGRF ကို ကချင်ပြည်နယ် အစိုးရ လက်အောက်တွင် ထားရှိရေး။
၂။ ကေအိုင်အိုရဲ့
ရုံးဌာနများ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ သစ်တော
ထိန်းသိမ်းရေးနှင့် စိုက်ပျိုး မွေးမြူရေး ဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဌာန၊
စာပေနှင့် ယဉ်ကျေးမှုဌာန၊ စီးပွားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ တရားရေးဌာန၊
နိုင်ငံခြား ဆက်ဆံရေး ဌာန၊ အမျိုးသမီး ရေးရာဌာနက ၀န်ထမ်းတွေ ဆက်လက် တာဝန်
ထမ်းဆောင်ခွင့် ရရှိရေး။
ဒါ့ကြောင့်
အသွင် ကူးပြောင်းရေးကို မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် အစိုးရ ဟောင်းကရော၊
အစိုးရသစ်ကရော ကေအိုင်အို၊ ကေအိုင်အေအပေါ် အရေးယူ ဆောင်ရွက်တာမျိုး မလုပ်ဘဲ
လက်ရှိအတိုင်း ထားပြီး တစ်ဖြေးဖြေးချင်း သဘောပေါက် နားလည်အောင် စည်းရုံး
သွားမယ် ဆိုတဲ့မူကို ကိုင်ဆွဲ ထားခဲ့တယ်လို့ ဆိုပါတယ်။
အပစ်အခတ် ရပ်စဲရေး ပျက်ပြားခြင်း
အဲဒီအခြေအနေမှာ
ဧပြီလ ၁၆ ရက်နေ့နဲ့ မေလ ၅ ရက်နေ့တွေမှာ မေခ၊မေလိခ ရေအား လျှပ်စစ်
စီမံကိန်းတွေက လုပ်သားတွေကို ခြိမ်းခြောက်ပြီး နေရာ ရွှေ့ခိုင်းတာ၊ လုပ်ငန်း
ရပ်ခိုင်းတာတွေကို ကေအိုင်အေက လုပ်ဆောင် လာခဲ့တယ်။ ဇွန်လ ၈ ရက်နေ့မှာ
မန်စီမြို့နယ် ကိုက်ထိပ် ကျေးရွာရှိ မိုက်ကရိုဝေ့ဖ် ဆက်သွယ်ရေး စခန်းက
ရဲတစ်ယောက်နဲ့ ၀န်ထမ်း တစ်ယောက်ကို ကေအိုင်က ဖမ်းသွားပြီး တပ်မတော်က
သွားတောင်းမှ ဇွန်လ ၁၂ ရက်နေ့မှာ လွှတ်ပေးခဲ့တယ်။
ဇွန်လ
၈ ရက်နေ့မှာပဲ တာပိန် ရေအား လျှပ်စစ်စက်ရုံ လုံခြုံရေး တပ်စခန်းက
အရာရှိနှစ်ဦးနဲ့ စစ်သည် တစ်ဦးကို ကေအိုင်အေ ဒွန်ဘုံစခန်းက ဖမ်းထားခဲ့တယ်။
အဲဒီ ကိစ္စအတွက် လာတဲ့ ဗျူဟာမှူးရဲ့ စစ်ကြောင်းကိုလည်း စက်ရုံအနီးမှာ
ရှိတဲ့ ကေအိုင်ဆန်ဂါ စခန်းနဲ့ ထုံးဘိုစခန်းက စောင့်ပြီး ပစ်ခတ်ခဲ့တယ်။ အဲဒီ
စခန်းနှစ်ခုဟာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်မှာ ကေအိုင်အေ
အတွက် သတ်မှတ်ထားတဲ့ စခန်းနေရာတွေ မဟုတ်ဘဲ တိုးချဲ့ပြီး နေရာ ယူထားတဲ့
စခန်းတွေ ဖြစ်တဲ့ အတွက် ဇွန်လ ၁၁ ရက်နေ့ နောက်ဆုံး ထားပြီး ဖယ်ရှားပေးဖို့
အစိုးရဘက်က တောင်းဆိုခဲ့တယ်။ ဒါကို မလိုက်နာတဲ့ အတွက် စက်ရုံ လုံခြုံရေး
အတွက် အဲဒီစခန်းနှစ်ခုကိုပဲ အကန့်အသတ်နဲ့ တိုက်ခိုက် သိမ်းပိုက်ခဲ့ရတယ်။
တာပိန်ရေအားလျှပ်စစ်စီမံကိန်း
တာပိန်
ရေအား လျှပ်စစ် စီမံကိန်းဟာ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနဲ့
တရုတ်နိုင်ငံ Datang (Yunnan) United Hydropower Developing (DUHD) တို့
ပူးပေါင်း ဆောင်ရွက်တဲ့ စီမံကိန်း ဖြစ်ပြီး အဲဒီ စီမံကိန်းကို မနှောင့်ယှက်ဖို့ အတွက် တရုတ် ကုမ္ပဏီက ယွမ် ၁၅ သန်း ကေအိုင်အိုကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကေအိုင်အိုဘက်က စီမံကိန်းကို နှောင့်ယှက် လာတဲ့အတွက် အခုလို
တိုက်ခိုက် ခဲ့ရတာ ဖြစ်ပြီး ကေအိုင်အေရဲ့ နှောင့်ယှက်မှုတွေကြောင့် တာပိန်
စက်ရုံမှာ ရှိတဲ့ တရုတ် နိုင်ငံသား ၀န်ထမ်းတွေဟာ ဇွန်လ ၉ ရက်နေ့ကနေ စပြီး
ထွက်ခွာ သွားတဲ့ အတွက်ဇွန် ၁၄ ရက်နေ့မှာ စက်ရုံကို ရပ်နားလိုက်ရပါတယ်။
အပစ်အခတ်ရပ်စဲရေး ပြန်လည်ဆွေးနွေးခြင်း
သတ်မှတ်
နယ်မြေပြင်ပမှာ ရောက်နေတဲ့ ကေအိုင်အေ စခန်းနှစ်ခုကို တိုက်ခိုက်
သိမ်းပိုက် ပြီးတဲ့ နောက်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားတာကို
ကာကွယ်နိုင်ဖို့ အတွက် တပ်မတော်ဘက်က ဇွန် ၁၈ ရက်နေ့က စပြီး ကေအိုင်အေ
တပ်ဖွဲ့တွေက စတင် ပစ်ခတ်မှသာ ပြန်လည် ခုခံ တိုက်ခိုက်ဖို့၊ မိမိဘက်က စတင်
တိုက်ခိုက်ခြင်း မပြုဖို့ ညွှန်ကြားခဲ့ပြီး အဲဒီလို ညွှန်ကြား ထားကြောင်း
ကေအိုင်အေကိုလည်း အသိပေးခဲ့တယ်။
အပစ်အခတ်
ရပ်စဲရေး ဆွေးနွေးမှု အတွက် အပြန်အလှန် စာပေးပို့ပြီး သဘော တူညီချက်
စာသားတွေကို ညှိနှိုင်းခဲ့ပြီး တဲ့နောက် ဇူလိုင်လ၂၆ ရက် နေ့မှာတော့
ကေအိုင်အေဘက်က အောက်ပါ မူကြမ်းကို ပေးပို့ခဲ့တယ်။
၁။ ရေရှည်
တည်တံ့မည့် ငြိမ်းချမ်းရေး (ထာဝရ ငြိမ်းချမ်းရေး) တည်ဆောက် နိုင်ရန် အတွက်
လက်ရှိဖြစ်ပေါ် နေသော ကချင် ပြည်နယ် အတွင်းနှင့် ဆက်စပ် နယ်မြေအတွင်း
ဖြစ်ပွားနေသော ပစ်ခတ် တိုက်ခိုက်မှုများကို ယာယီ ရပ်ဆိုင်းထားရန်။
၂။ ပစ်ခတ်မှုများ
ယာယီ ရပ်ဆိုင်းမှုမှသည် ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေး (ထာဝရ
ငြိမ်းချမ်းရေး) တည်ဆောက်ရန် အတွက် ဆက်လက်၍ နိုင်ငံရေး ဆွေးနွေးမှုများ
ဆက်လက် လုပ်ဆောင်သွားရန်။
၃။ နိုင်ငံအတွင်းရှိ ပစ်ခတ် တိုက်ခိုက်မှုများ အားလုံး ရပ်ဆိုင်းပြီး စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရန်။
၎။ နှစ်ဘက်
လက်မှတ် ရေးထိုး ပြီးသည်နှင့် ဤသဘော တူညီချက်သည် အသက်ဝင် အတည် ဖြစ်သည်။
နှစ်ဘက်လုံး လက်အောက် တပ်ဖွဲ့များကို ( ၄၈) နာရီအတွင်း အကြောင်းကြား
လိုက်နာစေရမည်။
၅။ နှစ်ဘက်ကြား ပစ်ခတ် တိုက်ခိုက်မှုများကို ရပ်ဆိုင်း ထားရမည်။
၆။ နှစ်ဘက်
တပ်ဖွဲ့ စစ်ဆင်ရေး လှုပ်ရှားမှုများနှင့် တပ်လှုပ်ရှားမှုများကို ရပ်ဆိုင်း
ထားရမည်။ အခြား ကိစ္စများကြောင့် တပ်များ သွားလာရန် လိုအပ်ပါက နှစ်ဘက်
ကြိုတင် ညှိနှိုင်း သွားလာရမည်။
အဲဒီနောက်ဆုံး
တင်ပြချက်မှာ ပြည်နယ် ငြိမ်းချမ်းရေး အဖွဲ့က အမှတ် ၆ မှာ ပါတဲ့ (နှင့်
တပ်လှုပ်ရှားမှု) ဆိုတဲ့ စာသားကို ဖြုတ်မယ်လို့ ပြောတာက လွဲရင် အချက်
အားလုံးကို သဘောတူတယ်။ အကြောင်း ပြန်ခဲ့တယ်။ ပြီးတော့ လက်မှတ် ရေးထိုးလို့
ရှိရင် ပြည်နယ် အစိုးရနဲ့ တပ်မတော် ကိုယ်စားလှယ် သာမက ကချင် ဘာသာရေး၊
လူမှုရေး ခေါင်းဆောင် များပါ သက်သေ အဖြစ် တက်မယ်လို့ အကြောင်း ကြားခဲ့တယ်။
တက်မယ့် အမည်စာရင်းလည်း တပါတည်း ပို့ပေးခဲ့တယ်။ အစိုးရဘက် ကတော့
ဒီအချိန်မှာ သဘော တူညီချက် ရနိုင်ပြီလို့ ယူဆခဲ့တယ်။
ဒါပေမယ့်
ဇူလိုင် ၂၈ မှာတော့ ကေအိုင်အေက ပြည်နယ် အစိုးရဘက်က ပြင်ဆင် လိုက်တဲ့
မူကြမ်းကို သဘောတူတယ်။ သို့သော် အဲဒီ သဘော တူညီချက်အပြင် နောက်ဆက်တွဲ
အဓိပ္ပါယ် ဖွင့်ဆိုချက် ဆိုတာလည်း လက်မှတ် ထိုးရမယ် ဆိုပြီး ပြောလာတဲ့ အပြင်
အစိုးရဘက်က ၁၅ ရက်အတွင်းမှာ တစ်နိုင်ငံလုံး ကျန်တဲ့ ဒေသတွေမှာပါ
တစ်ဘက်သတ် အပစ် အခတ် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးမယ့် အစီအစဉ်ကို ၁၅
ရက်အတွင်း ကြေညာရမယ်လို့ တောင်းဆိုခဲ့တယ်။
သြဂုတ်လ
၂ ရက်နေ့မှာ နှစ်ဘက် လူချင်းတွေ့ပြီး ထပ်ဆွေးနွေးတယ်။ သြဂုတ်လ ၎
ရက်နေ့မှာတော့ ကေအိုင်အေ ကိုယ်စားလှယ် အဖွဲ့က အခုအထိ ဆွေးနွေး ပြီးသမျှကို
ကေအိုင်အို ဗဟိုကော်မတီကို ထပ်ပြီး တင်ပြဦးမယ်၊ ဗဟို ကော်မတီက
စဉ်းစားပြီး အကြောင်း ပြန်မယ်လို့ စာရေး အကြောင်း ကြားခဲ့တယ်။
အဲဒီနောက်ပိုင်း ထပ်ပြီး တွေ့ဆုံတာ မရှိတော့ဘူး။
ကေအိုင်အေအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများ
ဒါပေမယ့်
ကေအိုင်အေဘက်က ဇွန် ၉ ရက်နဲ့ ဇွန် ၁၈ ရက်နေ့ အတွင်းမှာ ဖောက်ခွဲ ဖျက်ဆီးမှု
၄၉ ကြိမ်လုပ်ခဲ့ တဲ့ အတွက် တံတား ၃၉ စင်း ပျက်စီးခဲ့ရပြီး အဲဒီထဲက ၁၅
စင်းဟာ ယာဉ်သွားလို့ မရအောင် ပျက်စီးခဲ့တယ်။ အဲဒါအပြင် တပ်မတော်
တပ်ဖွဲ့တွေကို တိုက်ခိုက်မှု ၂၁ ကြိမ် လုပ်ခဲ့တဲ့အတွက် စစ်သည်တွေ သေဆုံး
ဒဏ်ရာရရုံမက ပြည်သူနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ
၁၉ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ကြားမှာ ကေအိုင်အေ အနေနဲ့ ကားလမ်း၊ ရထားလမ်း
တံတား ၂၅ စင်းကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး အရပ်သား နှစ်ဦးကို သတ်ဖြတ်၊
နှစ်ဦး ဒဏ်ရာရပြီး ၃၈ ဦးကို ဖမ်းဆီး သွားခဲ့တယ်။ တပ်မတော် တပ်ဖွဲ့တွေ
အပေါ် တိုက်ခိုက်မှု ၂၅ ကြိမ် လုပ်ခဲ့တယ်။
ဇူလိုင်လ ၁ ရက်နေ့နဲ့ သြဂုတ်လ ၈ ရက်
ကြားမှာလည်း ကားလမ်း၊ ရထားလမ်း တံတား၂၉ ခုကို ဖျက်ဆီးခဲ့ပြီး တပ်မတော်
တပ်ဖွဲ့တွေကို တိုက်ခိုက်မှု ၈၄ ကြိမ်၊ မိုင်းထောင် တိုက်ခိုက်မှု ၃၈ ကြိမ်
လုပ်ခဲ့တယ်။ နောက်ပြီး ကေအိုင်အေ တပ်ဖွဲ့များရဲ့ တိုက်ခိုက် ဖမ်းဆီးမှုများကြောင့် အရပ်သား ၁၄ ဦးသေ၊ ၂၂ ဦး ဒဏ်ရာရပြီး ၁၂၀ ဦး အဖမ်းခံခဲ့ရတယ်။
သြဂုတ်လ
၂ ရက်နေ့မှာ နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံနေတုံးမှာပဲ တာပိန် ရေအား
လျှပ်စစ် စက်ရုံမှာ လေအေးပေးစက် ပျက်တာ ပြင်ပြီး ပြန်လာတဲ့ ကားကို
ဝိုင်းပစ်လို့ ရဲတစ်ဦး၊ ပြည်သူ ၇ ဦး သေဆုံးခဲ့ရတယ်။
ငြိမ်းချမ်းရေးအလားအလာ
ဦးကျော်ဆန်းက
ကေအိုင်အို အနေနဲ့ နောက်ဆုံး သဘော တူညီချက် ရခါနီးကျမှ တောင်းဆိုချက်
အသစ်တွေ တင်ပြတာ၊ ဆွေးနွေးပွဲ အစထဲက နှစ်ဘက် အကြီးအကဲများက ကိုယ်စားလှယ်
အဖွဲ့များကို လိုအပ်တာတွေ ညွှန်ကြားပြီး လုပ်ခဲ့တာ ဖြစ်ပေမယ့် အခုအချိန်ကျမှ
ဗဟို ကော်မတီက ထပ်ပြီး စဉ်းစားဦးမယ်လို့ ပြောတာတွေကို ထောက်ရင်
ကေအိုင်အိုရဲ့ ငြိမ်းချမ်းရေး လိုလားမှု ဆိုတာအပေါ် မေးခွန်းထုတ်စရာ
ဖြစ်နေပြီလို့ ပြောသွားပါတယ်။
ဒါပေမယ့် အစိုးရဘက် ကတော့ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက် ထားဆဲပဲ
ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို
ကာကွယ်ဖို့ အတွက်တော့ လိုအပ်တာတွေ လုပ်ရမှာပဲလို့လည်း ပြောသွားပါတယ်။
ပိတောက်မြေမှ ကူးယူဖေါ်ပြသည်။