ဂဒါဖီ တိုင်းပြည်အတွင်းမှာ ဆက်ရှိနေသေးလား၊ မရှိတော့ဘူးလား ဆိုတာကို သူတို့ အတိအကျ မသိဘူးလို့ အတိုက်အခံ  အကြီးအကဲ မူစတာဖာ အက်ဘ်ဒဲလ် ဂျာလေလ် (Mustafa Abdel Jalil) က ပြောပါတယ်။ လစ်ဗျားခေါင်းဆောင် ဂဒါဖီကို ဖမ်းမိရင် မျှတစွာ တရားစီရင်မှာဖြစ်ပြီး ဂဒါဖီကို ဖမ်းမိမှသာ စစ်မှန်တဲ့ အောင်ပွဲကို ခံယူမယ်လို့ သူကဆိုပါတယ်။

 မစ္စတာ ဂဒါဖီ နေထိုင်တဲ့ ဘပ်ဘ် အယ်လ် အဇီဇီယာ (Bab al-Aziziya) နေအိမ်ခြံဝင်းကြီး အပါအ၀င် ထရီပိုလီမြို့ရဲ့ ထက်ဝက် လောက်ကို ဂဒါဖီအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။နှစ်ဘက်တိုက်ပွဲဝင်သူတွေဟာ အခုအခါမှာ အရပ်ဝတ်တွေကိုသာဝတ်ဆင် တိုက်ခိုက်နေကြ တာကြောင့် ဘယ်သူဟာ အတိုက်အခံ ဘယ်သူဟာ အစိုးရလူဆိုတာ ခွဲခြားသိနိုင်ဘို့ မလွယ်တော့တဲ့အတွက် လက်နက်ကိုင် မြင်မြင်သမျှကို ကြောက်နေရတဲ့အနေအထားမျိုးဖြစ်တယ်လို့ ထရီပိုလိမြို့ခံတစ်ဦးက ပြောကြားပါတယ် ။



နေတိုးစစ်အုပ်စုက လနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ဒဏ်ကြောင့် ဂဒါဖီ ပိုင်ဆိုင်တဲ့ တင့်ကားအများအပြား ဖျက်ဆီးခံထားရပြီလို့ယုံကြည်ထားပေမယ့် တနင်္လာနေ့ အစောပိုင်းမှာ ဂဒါဖီခြံဝင်းအတွင်းက တင့်ကားတွေ ထွက်လာပြီး စတင်ပစ်ခတ်ရာက တိုက်ပွဲတွေ ပြန်လည် ပြင်းထန် လာခဲ့တာလို့ သတင်းများကဆိုပါတယ်။

 နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် လစ်ဗျားနိုင်ငံရဲ့ မြို့တော်ဟာ စစ်မြေပြင်ဖြစ်နေပြီး မြို့နေပြည်သူများ အများအပြားသေဆုံးမှုများ နှစ်ဘက်တပ်ဖွဲ့သေဆုံးမှုများ အများအပြားရှိနေပြီး  ရေ ၊ ဆေးဝါး ၊ အစားအသောက် စတဲ့ အခြေခံ လိုအပ်ချက်များ ပြတ်တောက်ကာ အခက်အခဲ မျိုးစုံရင်ဆိုင်နေကြရကြောင်း သိရပါတယ် ။

ရုရှားနဲ့ တရုတ်တို့ကတော့ ကဒါဖီတပ်တွေ အပစ်အခတ်ရပ်စဲပြီး ဆက်လက်ခုခံတိုက်ခံနေကြခြင်း မပြုကြဘို့ ကြေငြာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။