ဇင်မာဝင်း
(၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၁ ရက် နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်က အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ
စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံမေးမြန်းခန်းဖြစ်ပါတယ်။ )
မေး -
ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အင်န်အယ်လ်ဒီ ရပ်တည်ခွင့်နဲ့
ပတ်သတ်ပြီး ပြည်ထဲရေး ဝန်ကြီးက အကြောင်းကြားစာ ပေးပို့ခဲ့တယ်။ ဒါနဲ့
ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်ထဲရေး ဝန်ကြီးနဲ့ တွေ့ဆုံပါရစေ
ဆိုပြီး အကြောင်း ပြန်ခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လိုမြင်လဲ၊
ဖျက်သိမ်းရန် ညွှန်ကြားထားပြီး ဖြစ်သော NLD ကိုရော ဘယ်လို ဖြစ်စေချင်ပါလဲ။
ဖြေ -
အဲ့ဒါတော့ ပြောဖို့ ခက်တယ်။ ဘာလို့ဆို ဒေါ်အောင်ဆန်းစုကြည်တို့
ဖျက်သိမ်းရန် ညွှန်ကြားထားပြီး ဖြစ်တဲ့ NLD နဲ့ ပတ်သက်လို့လည်း ၁၉၉၀
ရွေးကောက်ပွဲမှာ ရွေးကောက် ခံပြီးမှ နိုင်ခဲ့တဲ့ ပါတီတစ်ခု။ နောက်ဆုံး ဗဟို
တရားရုံးအထိ တင်ပြီးကာမှ ရပ်တည်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ဘက်နဲ့
ပြိုင်ကြတာလေ။ တရားသူကြီးတွေက ဘယ်လို ဆုံးဖြတ်လဲတော့ မသိဘူး။ ပါတီ
မှတ်ပုံတင်ရမယ် ဆိုရင်တော့ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံကို လက်ခံပါတယ်
ဆိုပြီး လက်မှတ် ထိုးပေးရပါမယ်။ ကျွန်တော်တို့ မြင်တာကတော့ ဖျက်သိမ်းရန်
ညွှန်ကြားထားပြီး ဖြစ်တဲ့ NLD မှာ ရွေးစရာလမ်း ၂ လမ်း လောက်တော့ ရှိမှာပေါ့။
တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံကြမလား။ နောက်တစ်ခုက ၁၉၉၀ ကတည်းက မှတ်ပုံ
တင်ထားတဲ့အတိုင်း ဆက်နေမလား၊ ဒီမှာရှိတဲ့
တရားရုံးချုပ် ဆိုတာကလည်း သီးသန့် Judiciary Imdependent ရ မရ
ကျွန်တော်တို့ သုံးသပ်ဖို့ စောသေးတယ် ထင်တယ်။ ဖွဲ့စည်းပုံ အရလည်း မဏ္ဍိုင် ၃
ခုကို သီးသန့်စီ အပြန်အလှန် ထိန်းညှိပေးမယ် လို့တော့ ပြောထား တယ်လေ။ အဲ့တော့
တရားသူကြီးချုပ်တို့ တရားရုံးတို့ ဆိုတာက အမေရိကန် ပုံစံလို သီးသန့်
မဟုတ်ဘူးလေ။ နိုင်ငံတော် သမ္မတကြီးက အဆိုပြုတဲ့ ပုဂ္ဂိုလ်တွေကို ပြည်ထောင်စု
လွှတ်တော်က အတည်ပြု ပေးရတာကိုး၊ အဲ့တော့ ၁၉၉၀ တုန်းက ရပ်တည် ခဲ့တာက အခု ၂၀၀၈
ဖွဲ့စည်းပုံကလည်း ရှိနေပြီ ဆိုရင် ကျွန်တော် ထင်တာကတော့ ဖျက်သိမ်းရန်
ညွှန်ကြားထားပြီး ဖြစ်တဲ့ NLD မှာ ဗျူဟာကတော့ ရှိရမှာပေါ့။ ကျွန်တော့်ကို
မေးရင်တော့ ကျွန်တော်က ၂၀၀၈ ဘောလုံးပွဲကြီးကို ဝင်ကန်စေ ချင်တယ်။ ကြိုက်သည်
မကြိုက်သည် လက်ခံသည် လက်မခံသည်ကို မပြောနဲ့တော့၊ အဲ့ဒါက တစ်ပိုင်းပေါ့။
၂၀၀၈ ဖွဲ့စည်းပုံ ရှိနေတဲ့ အခါကျတော့ ဒီအထဲမှာ ဝင်ပါသင့်တယ်လို့ ကျွန်တော်
ထင်တယ်။ ပြီးမှ အတွင်း အပြင်ဆိုတာ ရှိတာပဲ။ Election မှာ သူပါလို့ ရပြီလေ။
တိုင်းရင်းသား တော်တော်များများ ကလည်း ပြည်မဘက်မှာ အင်အားကြီးတဲ့ ဗမာ
အမျိုးသားတွေ ဦးဆောင်တဲ့ ပါတီတစ်ခု ရှိစေချင်တယ်။ ဒါ ကျွန်တော်တို့
တိုင်းရင်းသား တော်တော် များများရဲ့ သဘောထားပါ။
မေး - နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေတွေကိုရော ဖျက်သိမ်းရန် ညွှန်ကြားထားပြီး ဖြစ်သော NLD အနေနဲ့ လက်ခံ နိုင်ဖွယ်ရှိလား။
ဖြေ - ပါတီမှတ်ပုံတင်ခြင်း
ဥပဒေ၊ နည်းဥပဒေတွေ ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်
လာတာပဲလေ။ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လို သဘောထားလဲ ဆိုတာကိုတော့
မှတ်ပုံတင်တဲ့ ပါတီ တော်တော် များများက လက်ခံကြ တယ်လေ။ ၂၀၀၈ ဖွဲ့စည်းပုံကို
နိုင်ငံသားတိုင်းကို ကာကွယ်ဖို့ တာဝန်ရှိတယ် ဆိုပြီး ဖွဲ့စည်းပုံ မှာလည်း
ရေးထားတာကိုး။ ၂၀၀၈ ပြင်တဲ့အပိုင်းက နောက်အပိုင်းပေါ့။ ကျွန်တော်တို့ ကတော့
နောက်အပိုင်းပေါ့။ ကျွန်တော်တို့ ကတော့ ဖျက်သိမ်းရန် ညွှန်ကြားထားပြီး
ဖြစ်တဲ့ NLD ကို အရှည်သဖြင့် ပန်းတိုင်တစ်ခုကို သွားတဲ့အခါ ဘက်ပေါင်းစုံက
တွေးစေချင်တယ်။ အမြဲတမ်း ဒီဘက်ကြီးပဲ ဆိုတာထက် အလျှော့လည်း ရှိရမယ်။
အတင်းလည်း ရှိရမယ်။ ဝင်ကစား သင့်တဲ့ အခါလည်း ကစားသင့်တယ်လို့ ထင်တယ်လေ။
ဖွဲ့စည်းပုံအရ ရွေးကောက် တင်မြှောက်တဲ့ လွှတ်တော် ၃ ရပ်ရှိတာပေါ့။ လက်ရှိ
ဖွဲ့စည်းပုံ အခန်း ၈ မှာပါတဲ့ နိုင်ငံသား တစ်ဦးချင်းကို ပေးတဲ့ အခွင့်အရေး
တွေက ပုဒ်မ ၄၆ ခုလောက် ရှိတယ်။ အဲ့ဒီ နိုင်ငံသား အခွင့်အရေးနဲ့ ပတ်သတ်တဲ့
၄၆ ခုလောက်ကို ပထမဆုံးရအောင် လုပ်ကြရအောင်၊ ၄၆ ခုဆိုတာ နည်းတာ မဟုတ်ဘူး။ ၄၆
ခုသော ပုဒ်မတွေနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို သူတို့ ပေးထားပြီးသား။
အဲ့ဒါတွေကို အရင်ဆုံး ရအောင် လုပ်ကြရအောင်၊ ဒီဖွဲ့စည်းပုံမှာလည်း
ပြုပြင်စရာတွေ အများကြီးပဲ။ ပြည်ခိုင်ဖြိုးပါတီရဲ့ အမာခံကြီးတွေက တောင်
ပြုပြင်ချင်ကြတယ်။ ဥပမာ - လောကပါလ တရားဆိုတာ ကျွန်တော်တို့ သိတာက
ဟီရိသြတ္တပ္ပလို့ ဘာသာပြန်တာ ကိုး။ ဒီမှာ ရေးထားတာက မျှတခြင်း၊ ညီမျှခြင်း၊
လွတ်လပ်ခြင်း ဆိုတာမျိုး ဘာသာပြန်ထားတယ်။ အဲ့ဒါမျိုးက အစ လွဲနေတယ် ဆိုပြီး
လူကြီး တစ်ယောက်က လာဆွေးနွေးထားတာ ရှိတယ်။ တစ်ခုချင်း၊ တစ်ခုချင်း
ကြက်ယက်သလို ရှာလို့ရှိရင် ပြည်သူ့ လွှတ်တော်ကို ကိုယ်စားပြုတဲ့
ပုဂ္ဂိုလ်တွေက ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာတွေ အများကြီး ရှိမှာပဲ။ ၂၀၀၈
ဖွဲ့စည်းပုံ အရဆိုရင် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ လွှတ်တော် ၂
ရပ်ရဲ့ ဥက္ကဋ္ဌတွေ ပါတယ်။ အရေးပေါ် ပြဋ္ဌာန်းခြင်းနဲ့ ပတ်သက်တဲ့အခါ အဲ့ဒီပုဂ္ဂိုလ်
၂ ယောက်ကို ပုဒ်မတစ်ခုမှာ ထားခဲ့ပြန်ရောဗျ။ အရေးပေါ် အခြေအနေ ဖြစ်တဲ့အခါမှာ
နိုင်ငံတော် သမ္မတဟာ တပ်မတော်က ပေးထားတဲ့ ကာကွယ်ရေး ဝန်ကြီးရယ် ပြည်ထဲရေး
ဝန်ကြီးရယ် နယ်စပ်ရေးရာ ဝန်ကြီးတွေနဲ့ တိုင်ပင်ပြီးကာမှ အရေးပေါ်
အခြေအနေကို ကြေညာနိုင်တယ် ဆိုတဲ့ ကိစ္စမျိုးမှာ လွှတ်တော် ၂ ရပ် ဥက္ကဋ္ဌတွေကို
ထားခဲ့ပြန်ရော။ ဒါပေမဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ ကျတော့ ဥက္ကဋ္ဌ
တွေက ပါနေတယ်။ ဒုတိယသမ္မတ ပြီးရင် သူတို့ ၂ ယောက်ဗျ။ အဲ့ဒါလေးတွေက
ပြုပြင်စရာ လေးတွေပေါ့။ လက်ရှိ ၂၀၀၈ မှာကိုက ပြုပြင်စရာ လေးတွေ ရှိတယ်။ ၂၀၀၈
ဖွဲ့စည်းပုံကို ကစားစရာ ဘောလုံးပွဲကြီး တစ်ခုလို မသတ်မှတ် နိုင်ဘူးလား။
၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာ အိမ်တွင်း အဝေးကွင်းဆိုရင် ကိုယ့်ကွင်းမှ မဟုတ်တာ
အဝေးကွင်းပေါ့။ ဒါမှ အတွင်းစည်း အပြင်စည်းမှာ ဆွေးနွေးလို့ ရမယ်လေ။ အဲတော့
ဖျက်သိမ်းရန် ညွှန်ကြားထားပြီး ဖြစ်တဲ့ NLD ကို ပါစေချင်တယ်ဗျ။ ဘယ်လိုပဲ
ဖြစ်ဖြစ် နိုင်ငံရေး သမားလုပ်ရင် ပရိယာယ်တော့ ရှိရမှာပေါ့။
မေး - အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြားက မပြေလည်မှုတွေကို ဘယ်လို ဆောင်ရွက်သင့်တယ်လို့ အကြံဉာဏ် ပေးချင်ပါလဲ။
ဖြေ -
ကိုယ့်သမိုင်း ကိုယ်ရေးကြတာပဲ၊ ဖျက်သိမ်းရန် ညွှန်ကြားထားပြီး ဖြစ်တဲ့ NLD
ကလည်း သမိုင်းတွေ ရှိတယ်လေ။ သမိုင်းဖြစ်ရပ် တစ်ခုက လူထုဆန္ဒနဲ့ ကင်းလွတ်လို့
မရဘူးပေါ့။ ၁၉၈၈ အစကနေ ကျွန်တော်တို့ ဖြတ်သန်း ခဲ့တာကို ကြည့်ရင်
တော်တော်လေး ကြာခဲ့ပြီပဲ။ ၈၈ နောက်ပိုင်းမှ လူထု လှုပ်ရှားမှုတွေ အများကြီး
ပေါ်ခဲ့တာပဲ။ ဦးဆောင်နိုင်တဲ့ ကဏ္ဍလေးတွေလည်း ပါတီကြီး တချို့မှာ ရှိကောင်း
ရှိမယ်လေ။ ၉၃ ကစပြီး အမျိုးသားညီလာခံ သမိုင်းတွေ အများကြီး ဖြတ်ပြီး
ဖွဲ့စည်းပုံကြီး ဆိုတဲ့ လက်ထဲကို ပြန်ထည့်တာပဲ။ ဖွဲ့စည်းပုံကို ဘာဘာ ညာညာ
မပြောလိုတော့ ပါဘူး။ ဒါကြီးက လက်ရှိ ရှိနေပြီ၊ နိုင်ငံတကာ သံတမန်တွေ ကလည်း
လာကြတယ်လေ။ ပထမဆုံး လှမ်းတဲ့ ခြေလှမ်းလေးကို လှမ်းကြ တာဟာ အရွေ့ကလေး
တစ်ခုကို ရမှာပေါ့။ ဟိုဘက် ဒီဘက် တင်းနေလို့ မရဘူး။
မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ဆိုတာ ဖြစ်နိုင်မလား။
ဖြေ -
၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ကလည်း လုပ်လိုက်ပြီးပြီ။ ၁၉၉၀ ဆိုတာ
သမိုင်းမှာ ကျန်ခဲ့ပြီ။ မှတ်တိုင် တစ်ခုအဖြစ် ဂုဏ်ထူးဆောင် တစ်ခုအဖြစ်
ရှိခဲ့မယ်။ ဝင်ပါလို့ မရအောင်လည်း ဥပဒေတွေနဲ့ တော်တော်လေး ကန့်သတ်
ထားလိုက်ပြီးပြီ၊ နိုင်ငံရေးမှာ လက်ရှိ အခြေအနေကို သဘောပေါက်ဖို့
လိုတယ်လို့ ကျွန်တော်ထင်တယ်။ အဲတော့ တစ်ဖက်ချည်းပဲ လုပ်နေလို့ မရဘူး။
ဘက်ပေါင်းစုံကနေ ထိုးဖောက် နိုင်ရမှာပေါ့။ သူတို့မှာလည်း နည်းဗျူဟာ
ရှိရမယ်။ ဒေါ်အောင်ဆန်း စုကြည်၊
အစိုးရ၊ တိုင်းရင်းသား တွေ့ဆုံဆွေးနွေးရေး ဆိုတာမျိုးက မဖြစ်နိုင်
တော့ဘူးလို့ ကျွန်တော်ထင်တယ်။ ဒုတိယပင်လုံ ဆိုတာ မဖြစ်နိုင်တော့ဘူး၊
ဆိုတော့ ပူးပေါင်း ပါဝင်မလား၊ သို့မဟုတ် ၂၀၀၈နဲ့ ပတ်သက်လို့ ပြည်သူ
လူထုအားကို ဒေါ်အောင်ဆန်းစုကြည်တို့ ယူမလား။ အဲ့လိုဆိုရင်ရော တိုင်းပြည်
ပြန်လည် ကောင်းလာနိုင်မလား။ လက်ရှိ
ဖွဲ့စည်းပုံအရ ပေါ်လာတဲ့ အစိုးရက ဘယ်လောက်ထိ အဲ့ဒါကို အလျှော့ပေးမယ် ထင်လဲ။
သုံးပွင့်ဆိုင် ဆိုတာမျိုးက တော်တော်လေးကို အလှမ်းဝေး သွားပါလိမ့်မယ်။
နိုင်ငံတကာကလည်း လက်ရှိဖွဲ့စည်းပုံနဲ့ပဲ ပြောမှာ၊ အဲ့ဒီ ဝင်းထဲကို သူပါလာရဲ
ရတော့မယ်။ ပါပြီးမှ သူလိုချင်တဲ့ ဘက်ကို အတွင်းစည်းထဲမှာ
တိုင်းရင်းသားတွေနဲ့ ပြန်စည်းရုံးပေါ့။ အဲ့ဒါမျိုး လုပ်နိုင်မှ ဖြစ်တော့မယ်
ထင်တယ်။
မေး - ပြည်နယ်ဘက်မှာ ဖြစ်နေတဲ့ မငြိမ်းချမ်းမှု တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေး သင့်တယ် လို့ရော ထင်လား။
ဖြေ -
ပြည်ထောင်စုထဲမှ ဖြစ်တာ အကုန်လုံးက ပြည်ထောင်စု လွှတ်တော်နဲ့ ဆိုင်ပါတယ်။
ဆွေးနွေးဖို့တော့ သင့်တာပေါ့။ လွှတ်တော် ခေါ်ဖို့လည်း လိုတယ်လေ။ အဲ့ဒီဒေသက
လွှတ်တော် ကိုယ်စားလှယ်တွေက စတင်ပြဖို့ လိုပါတယ်။ သူတို့ ကိုယ်တိုင်က
လက်မှတ်ထိုးပြီး အရေးပေါ်လွှတ်တော်၊ အထူးလွှတ်တော် ခေါ်ပေးပါ ဆိုပြီး
စပြောပေးကြပေါ့။ အဲ့ဒါမျိုး ကြရင်တော့ လွှတ်တော် ခေါ်ပေးရမှာပေါ့။ အဲ့တော့မှ
ကျွန်တော်တို့ ကျန်တဲ့ တိုင်းရင်းသားတွေက ဆွေးနွေး ကြတာပေါ့။ လွှတ်တော်ဆိုတာ
အစိုးရနဲ့ ကင်းတယ်လေ။ အစိုးရ အဖွဲ့နဲ့ လက်နက်ကိုင် အဖွဲ့နဲ့ ညှိနှုင်းနိုင်အောင် လွှတ်တော်ကနေ ဘယ်သူ ဘယ်သူတွေ ပါတဲ့ အဖွဲ့ကို ဖွဲ့ပေါ့ဗျာ။ လွှတ်တော်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တောင်းဆိုဖူးတယ်။ အဲ့ကာလ တုန်းကတော့ ပယ်ချခံရတာ ပေါ့ဗျာ။
မေး - အစိုးရသစ် တက်ပြီး လွှတ်တော် မခေါ်ဖြစ်သေးဘူး ဆိုတော့ လွှတ်တော်ခေါ်ဖို့ မလိုအပ်လို့လား။ လွှတ်တော် မခေါ်ဖြစ် သေးတာနဲ့ ပတ်သက်ပြီးရော ဘယ်လိုမြင်လဲ။
ဖြေ -
လွှတ်တော်က ခေါ်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စပြီး ပထမအကြိမ် လွှတ်တော်ထဲမှာ
အစိုးရအဖွဲ့ကို စဖွဲ့တာ။ နိုင်ငံတော် သမ္မတကလည်း ကတိကဝတ်တွေ ပေးတယ်။
ဘယ်လိုလမ်းနဲ့ သွားမယ်ဆိုတဲ့ နိုင်ငံတော်ကို အခြေပြုတဲ့ မိန့်ခွန်းတွေကို
ပြောကြား တယ်လေ။ အဲ့တော့ သူပြောတဲ့အတိုင်း သူ့အလုပ်ကို သက်သေ
ပြရတော့မှာပေါ့။ သက်သေပြဖို့ အတွက် ဒီဘက်က ဥပဒေပြုတဲ့ ပုဂ္ဂိုလ်တွေ ကလည်း
ခေတ်နဲ့ လျော်ညီတဲ့ ဥပဒေတွေကို ပြဋ္ဌာန်း ပေးရမယ်လေ။ အဲ့ဒီ ဥပဒေတွေ ကိုလည်း
တကယ် အသက်ဝင်အောင် လုပ်ပေးကြရ မှာကိုး၊ တကယ် လုပ်ရမယ့် ဟာက အစိုးရရဲ့
executive power မှာ ရှိပါတယ်။ အဲ့တော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ လျော်ညီတဲ့
ဥပဒေတွေကို ပြုပြင်တဲ့အခါမှာ အဲ့ဒီ ဥပဒေ အတိုင်း သွားဖို့ အတွက်မူ ဥပဒေတွေ
ဆိုတာ ပေါ်ဖို့ လိုတယ်လေ။ ဒီကာလနဲ့ မလျော်ညီတဲ့ ဥပဒေတွေကို ပြန်ပြင်ဖို့
လိုတယ်။ ကျွန်တော်တို့ ကြားတာက graph တွေ ရှိနေကြပြီ၊ အဲ့ဒီ graph တွေကို
အတည်ပြုဖို့ ပါလီမန် ခေါ်ရမယ်လေ။ ပြည်ထောင်စု လွှတ်တော်ကို ခေါ်ပြီး ဒီဥပဒေကို
အတည်ပြုမယ် ဆိုမှပဲ အဲ့ဒီ ဥပဒေနဲ့ သွားရမှာလေ၊ ရက်ပေါင်း ၁၀၀ လောက်တော့
မရှည်သင့် တော့ပါဘူး။ မြန်မြန်လေး ဥပဒေကြမ်းတွေကို အတည်ပြု၊ ဒီဘက်ကလည်း၊
အတည်ပြု ပေးမယ်လေ။ ဥပမာ-ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ခန့်မယ့် ဥပဒေကြမ်းတွေ
ပြည်ထဲရေး ဝန်ကြီးဌာနမှာ ရှိလောက်ပြီ ထင်တယ်။ အဲ့ဒီ ဥပဒေကြမ်း တွေကို
အတည်ပြုမှ တကယ်တမ်း လူရိုသေ ရှင်ရိုသေ ကျေးရွာအဆင့် ရပ်ကျေး
အုပ်ချုပ်ရေးမှူးတွေ ရွေးနိုင်မှာကို ဥပဒေကြမ်း လိုပြီး ဥပဒေကြမ်း
ထွက်လာဖို့အတွက် လွှတ်တော်က ခေါ်ရတော့မယ်။ မြန်မြန်လေး ခေါ်မယ် လို့တော့
ထင်ပါတယ်။
မေး - ရေးရာ ကော်မတီ အစည်းအဝေးတွေ ထိုင်နေတာ ဆိုတော့ အဲ့ဒီကနေ ဘယ်လို ရလဒ်တွေ ထွက်လာမလဲ။
ဖြေ -
ရေးရာ ကော်မတီ အစည်းအဝေးတွေ ထိုင်ပြီးမှ လက်ရှိ ပြုပြင်စရာတွေ
အများကြီးကို မြင်လာကြပါတယ်။ ဌာနဆိုင်ရာ တော်တော် များများကလည်း တင်ဖို့
ဥပဒေကြမ်းတွေ ရှိတယ်လို့ ကြားပါတယ်။ ဥပဒေနဲ့ ပတ်သတ်တဲ့ တက္ကသိုလ် တွေက
ဆရာကြီးတွေ ဆရာမကြီးတွေ ကလည်း သူတို့ ပြုစုထားတာတွေ ကျွန်တော်တို့ဆီ
ပို့ပေးတာ ရှိပါတယ်။ ကာလဒေသနဲ့ လျော်ညီတဲ့ အသုံးအနှုန်း တွေကအစ အကုန် ရေးဆွဲ
နေကြပါပြီ၊ ဥပဒေပေါင်း ၄၀၀ ကျော်လောက် ရှိမယ် ထင်တယ်။ တချို့ဟာ တွေကို လုံးဝ
ပယ်ဖျက် ပစ်လိုက်မှာ၊ နောက်ထပ် ပြဋ္ဌာန်းဖို့ ဘာတို့ တွေလည်း ပါလာမှာပါ။
နောက် ပြည်ထောင်စု အစိုးရအဆင့်ကနေ တိုင်းဒေသကြီး/ ပြည်နယ်ကို လွှဲမယ့်
ဥပဒေကြမ်း တွေလည်း ရှိမှာပဲလေ၊ နိုင်ငံတကာမှာ ရှိတဲ့ လွှတ်တော်တွေရဲ့
standing committee နဲ့ ကျွန်တော်တို့ လွှတ်တော်မှာ ရှိတဲ့ standing
committee တွေရဲ့ လုပ်ပိုင်ခွင့် တွေကို ချိန်ထိုးရတာ ရှိပါတယ်။ အာဏာ
သုံးရပ်ကို အချင်းချင်း ထိန်းညှိနိုင်အောင် အမေရိကန် ဘယ်ကိုသွားလဲ၊ ရုရှ
ဘယ်ကိုသွားလဲ၊ တရုတ် ဘယ်ကိုသွားလဲ အဲ့ဒီအတိုင်း ကျွန်တော်တို့ သွားဖို့
ဆွေးနွေးကြတယ်။ လွှတ်တော်ရေးရာ ကော်မတီတွေရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်
အခွင့်အရေး အာဏာတွေ ကိုလည်း ပြည်ထောင်စု လွှတ်တော်မှာ တင်မှာပဲ၊ အခု လုပ်နေ
ကြပါပြီ။ အဲ့ဒါတွေလည်း ပါဝါ ပိုတောင့်တဲ့ အခါကြတော့ အစိုးရအဖွဲ့ကို
ထိန်းညှိ နိုင်တော့မှာပေါ့။ ပြည်ထောင်စု လွှတ်တော်ရဲ့
ဥပဒေ၊ နည်းဥပဒေမှာ အစိုးရအဖွဲ့က ကတိပြုမှ ပါလီမန်မှာ ကျွန်တော်တို့က
စိစစ်နိုင်တာ၊ အမေရိကမှာ လွှတ်တော်ပြင်ပမှာ ရှိတဲ့ အစိုးရအဖွဲ့ လုပ်တဲ့
လုပ်ငန်းတိုင်းကို စစ်ဆေးကြီးကြပ် နိုင်တာကိုး။ အဲ့ဒီလိုမျိုး ဖြစ်အောင်
ကျွန်တော်တို့က တင်ကြတာ။ နိုင်ငံတော် စီမံကိန်းတွေကို လွှတ်တော်က
အတည်ပြုရတယ်။ စီမံကိန်းတိုင်း စီမံကိန်းရှိတဲ့ နေရာတိုင်းကို သွားကြီးကြပ်
စိစစ်နိုင်မှ အစိုးရ အဖွဲ့ကို check
and balance လုပ်နိုင်မှာပေါ့။ အခုကတော့ လွှတ်တော်မှာ ကျွန်တော်တို့
မေးတာကို ဝန်ကြီးတစ်ပါးက ဖြေမှပဲ အဲ့ဒီ လုပ်ငန်း ဟုတ်မဟုတ် ဆိုတာ
သွားကြည့်ရတဲ့ အဆင့်ပဲရှိတာ၊ အဲ့ဒီ အဆင့်ဘောင်ကို ရွှေ့ချင်တာ၊ အဲ့ဒါတွေလည်း
ဆွေးနွေး ကြပါတယ်။
မေး - ပြည်တွင်း မငြိမ်သက်မှုတွေနဲ့ ပတ်သတ်ပြီးရော ဘယ်လို သဘောထားပါလဲ။
ဖြေ - မငြိမ်သက်မှုတွေ
ပေါက်ကွဲမှုတွေက လူထု မထိခိုက်ရင်တော့ ပြဿနာ မရှိပါဘူး။ လူထု
ထိခိုက်မယ်ဆိုရင် ဘယ်သူ ဖြစ်ဖြစ် ရှောင်သင့်တယ်။ တိုင်းရင်းသား လက်နက်ကိုင်
ပဋိပက္ခက တော်တော် ကြာပြီ၊ ဖြေရှင်းတဲ့ နည်းတစ်ခုတော့ ရှိရမှာပေါ့။
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းလို့ ဖြစ်မှာပေါ့။
လက်နက်ကိုင် ပဋိပက္ခက မလိုအပ်တော့ဘူး ဆိုရင် နှစ်ဖက်က ပွင့်ပွင့်လင်းလင်း
ဆွေးနွေး ကြတာပေါ့။ နှစ်ဖက်စလုံး လျှော့စေချင်တယ်။ ပြန်ပြီး
ငြိမ်းချမ်းအောင် လုပ်လို့ရပါတယ်။ အတုအယောင်တော့ မဖြစ်စေချင်ဘူး။
မေး - ရက် ၁၀၀ အတွင်းမှာ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။
ဖြေ -
အစိုးရသစ်က ကောင်းပါတယ်။ အလုပ်လုပ်ဖို့အတွက် သူလည်း ကြိုးစားနေတာပဲ။
ကျေုးလက်ဒေသ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲတွေ work shop တွေ
လုပ်တာ ဝမ်းသာစရာပါပဲ။ သူလည်း အရှိန် ယူရမှာပေါ့။ သူ့ကိုလည်း
ပံ့ပိုးပေးဖို့ အများကြီး လိုပါတယ်။ သူ့ရဲ့ ရည်မှန်းချက်က ကောင်းပါတယ်။
နိုင်ငံတကာရဲ့ အားလိုတယ်။ ပူးပေါင်းပါဝင် ကူညီမှု လိုတယ်။ လိုတဲ့အတွက်
အစိုးရအနေနဲ့ မိမိဘက်က တင်းထားတာ တွေကိုလည်း လျော့ပေးလိုက်ပါ။ အဲ့ဒါဆိုရင်
sanction ကို lift လုပ်ဖို့ ကိုယ်က ပြန်ပြော နိုင်ပြီပေါ့။
မေး - တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အစိုးရ အဖွဲ့တွေရဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ - ၁၉၄၇
ထက်စာရင် ဒီ ၂၀၀၈ ဖွဲစည်းပုံက ကိုယ်ပိုင် ပြဋ္ဌာန်း ပိုင်ခွင့်တွေ ပါတယ်။
တိုင်းဒေသကြီး တွေရဲ့ နောက်ကို ပြည်နယ်တွေက လိုက်နေတာပဲ။ အရင်က ပြည်နယ်တွေက
ကိုယ်ပိုင် ပြဋ္ဌာန်း ပိုင်ခွင့်ကို တောင်းတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ
တိုင်းဒေသကြီးနဲ့ ပြည်နယ်ကို ပေးတယ်။ အဲ့တော့ သူတို့ ၂ ခုက တူသွားပြီ
တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ် တော်က လွပ်လပ်တဲ့ လွှတ်တော်ပါ။
အကုန်လုံး ပြုပြင်နိုင်အောင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးတွေမှာ
လုပ်ပိုင်ခွင့် ရှိတာပဲ။ လွှတ်တော်မှာလည်း လုပ်ပိုင်ခွင့် ရှိတာပဲ၊
ကြည့်ကောင်းမှာပါ။