xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် တင်ပြခြင်း

Wednesday, August 17, 2011

တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် တင်ပြခြင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလယ်မယ်ယောဟန် (လီဆူမျိုးနွယ်စုကိုယ်စား)၊ ဒု-ဥက္ကဋ္ဌ ဦးဒိန်ရအဖုန် (ရဝမ်မျိုးနွယ်စု ကိုယ်စား)၊ အတွင်းရေးမှူး ဦးလဘောင်ဆောင်းနူး (လာချိဒ် မျိုးနွယ်စု ကိုယ်စား)၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဖော်ယမ်ဘောက်နော် (ဇိုင်ဝါးမျိုးနွယ်စု ကိုယ်စား)၊ ဦးအင်ဂန်းဂျာနော် (ဂျိန်းဖော့မျိုးနွယ်စု ကိုယ်စား)နှင့် ဦးဘန်လီဟောင်းဒေါင် (လော်ဝေါ် မျိုးနွယ်စု ကိုယ်စား)တို့ ခြောက်ဦး စုပေါင်း လက်မှတ် ရေးထိုးပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် တင်ပြခြင်း ခေါင်းစဉ်ဖြင့် တင်ပြစာတစ်စောင်အား ပေးပို့ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တင်ပြစာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် -

လေးစားစွာဖြင့်-
နိုင်ငံတော် သမ္မတကြီးထံ ကျွန်တော်တို့ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ တည်တံ့ခိုင်မြဲ၍ အနှစ်သာရ ရှိသော ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးပါရန် တင်ပြ အစီရင်ခံအပ်ပါသည်။
၁။ ကျွန်တော်များ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း တည်တံ့ခိုင်မြဲ၍ အနှစ်သာရ ရှိသော ငြိမ်းချမ်းရေးကို အထူးလိုလား တောင့်တကြပါသည်။
၂။ စစ်၏ ဆိုးကျိုးကို မည်သည့်လူသားမှ မနှစ်သက်ကြပါ၊ စစ်ကြောင့် တိုင်းပြည် တိုးတက်မှု ဆုံးရှုံး နစ်နာသလို ပြည်သူ လူထုများလည်း ဒုက္ခပင်လယ် ဝဲဂယက်တွင် ခါးသီးစွာ ခံစား ကြရပါသည်။ ယခုလည်း ခံစား နေကြရပါသည်။ ထို့ကြောင့် လည်း ငြိမ်းချမ်းရေးကို လူသားများ အားလုံး တောင့်တကြပါသည်။

၃။ ငြိမ်းချမ်းရေးကို လက်နက်ဖြင့် ဖြေရှင်းခြင်းထက် မြန်မာပြည် လွတ်လပ်ရေး ရယူခဲ့စဉ်က တိုင်းရင်းသားများ တန်းတူညီတူ ပူးပေါင်း လုပ်ဆောင်ခဲ့သည့် နည်းတူ ယခုလည်း၊ နိုင်ငံတော်၏ ခေါင်းဆောင်ကြီး ဖြစ်သော နိုင်ငံတော် သမ္မတကြီးမှ မိဘသဖွယ် သဘောထား ကြီးစွာဖြင့် ဦးစီးဦးဆောင် သမှုပြု၍ တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးနှင့် တွေ့ဆုံ ဆွေးနွေးပြီး တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက် ပေးမည်ဟု မျှော်လင့်နေကြပါသည်။
၎။ ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကြီးသည် ဒီမိုကရေစီ နိုင်ငံတော်ကြီး အဖြစ် ချီတက် သွားနေပြီ ဖြစ်၍ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုကို တည်ဆောက်ပြီး၊ ကောင်းမြတ်သော အစဉ်အလာကို တန်ဖိုးထား ထိန်းသိမ်းလျက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကို တည်ဆောက် သွားပေးရန် လိုလားကြပါသည်။
နိုင်ငံတော် သမ္မတကြီးမှ ယနေ့ မြန်မာနိုင်ငံ အတွင်း လတ်တလော ဖြစ်ပျက်နေသော စစ်၏ ဒုက္ခဆိုးထဲမှ လွတ်မြောက်၍ ငြိမ်းချမ်း သာယာပြီး ခေတ်မီတိုးတက် ဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက် ပေးသွားနိုင်မည်ဟု အားကိုးစွာဖြင့် နိုင်ငံတော် သမ္မတကြီးထံ စာရေးတင်ပြ အပ်ပါသည်။ 

(၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၂၀) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)