xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တော်လှန်ရေးကောင်စီ လက်ထက် တွေ့ဆုံဆွေးနွေးရေး ပျက်ပြားခြင်း အပေါ် ဖဆပလ အဖွဲ့ချုပ်၏ သဘောထား

Wednesday, August 31, 2011

တော်လှန်ရေးကောင်စီ လက်ထက် တွေ့ဆုံဆွေးနွေးရေး ပျက်ပြားခြင်း အပေါ် ဖဆပလ အဖွဲ့ချုပ်၏ သဘောထား

(၂၀၁၁ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့ထုတ် The Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဒီကြေညာချက်ကို ထုတ်ပြန်စဉ်က အာဏာ သိမ်းထားပေးမယ့် ဖဆပလ၊ ပမညတ စတဲ့ နိုင်ငံရေး ပါတီများကို မဖျက်သိမ်းသေးပါ ဘူး။ ၁၉၆၄ ခုနှစ်ကျမှ ဖျက်သိမ်း လိုက်တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်ခဲ့ရတဲ့ အခြေအနေကို လေ့လာ နိုင်အောင် ဖော်ပြပေး လိုက်ပါတယ်။ )
မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရိုပြီး မကြာမီပင် ပြည်တွင်းစစ်မီး တောက်လောင် လာခဲ့သည်။ လွတ်လပ်ရေး၏ တန်းဖိုး၊ လွတ်လပ်ရေး၏ အရသာကိုပင် မခံစားကြရသေးဘဲ ပြည်တွင်းစစ်၏ ဒဏ်ကို ပြည်သူ တစ်ရပ်လုံး ခံစားကြရသည်။ အထူး သဖြင့် ကျေးလက် ဒေသရှိ ပြည်သူများသည် မိမိတို့၏ လယ်၊ ယာ၊ ချောင်း၊ မြောင်းများကို စွန့်ခွာ၍ စစ်နှင့် လွတ်ကင်းရာ မြို့ပြများဆီသို့ တိမ်းရှောင် ထွက်ပြေး လာကြရသည်။
ပြည်တွင်းစစ်ကြောင့် လွတ်လပ်ပြီးစ နိုင်ငံတော် ပြန်လည် တည်ဆောက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးများကို ထိုအချိန်က အစိုးရများသည် အားသွန်ခွန်စိုက် လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ဖွံ့ဖြိုး တိုးတက်ရေးများ နှေးကွေးခဲ့ရသည်။
တော်လှန်ရေး ကောင်စီသည် နိုင်ငံတော် အာဏာကို ရယူပြီးနောက် ခေတ်ပြောင်း တော်လှန်ရေးကို ဆင်နွဲကာ ဆိုရှယ်လစ် စနစ်ကို တည်ဆောက်လျက် ရှိသည်။ စနစ်သစ်ကို တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် အထူးပင် အရေးပါကြောင်း တော်လှန်ရေး ကောင်စီက ကောင်းစွာ သိရှိခဲ့ပေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့လေသည်။
တော်လှန်ရေး ကောင်စီသည် ၁၉၆၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန် လိုက်သည်။ ယင်းအမိန့်တွင် အောက်ပါအတိုင်း ဖော်ပြထားပေသည်။
"ဤအမိန့် ထုတ်ပြန်သည့် နေ့ရက်မတိုင်မီ တရားရုံးတစ်ခုခုက ချမှတ်သည့် ထောင်ဒဏ် ကျခံနေဆဲ ဖြစ်သောသူများ အတွက် ဤအမိန့်အရ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိသော ပြစ်မှုတစ်ခုခုကို ကျူးလွန်ခဲ့ခြင်း ဖြစ်လျှင် ထိုသူအား အဆိုပါ ပြစ်မှု အတွက် ဆက်လက် ထောင်ဒဏ်ကျ ခံစေခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။"

"ပြည်ထောင်စု မြန်မာနိုင်ငံအား လက်နက် စွဲကိုင်လျက် ပုန်ကန် သောင်းကျန်း သူများသည် မိမိတို့ လက်နက် ခဲယမ်း မီးကျောက် အားလုံးကို ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့ မတိုင်မီ အစိုးရ တပ်စခန်း၊ အစိုးရဌာန၊ သို့တည်းမဟုတ် အစိုးရ အရာထမ်း အမှုထမ်း တစ်ဦးဦးထံသို့ အပ်နှင်းလျက် တရား ဥပဒေဘောင် အတွင်း ဝင်ရောက်လျှင် အမိန့် ထုတ်ပြန်သည့် နေ့ရက် မတိုင်မီက ကျူးလွန်ခဲ့သော ပြစ်မှုများနှင့် စပ်လျဉ်း၍ အခြားပြည်သူ ပြည်သား တစ်ဦး နည်းတူ လွတ်ငြိမ်းချမ်းသာ ခွင့် ရရှိရမည်။ ထို့ပြင် ပုန်ကန် သောင်းကျန်းမှု ဆောင်ရွက်ရာ၌ အစိုးရ စစ်တပ်များ၊ အဖွဲ့အစည်းများနှင့် တိုက်ခိုက်ရာတွင် ကျူးလွန်ခဲ့သော ရာဇဝတ် ပြစ်မှုများ အတွက်လည်း လုံးဝလွတ်ငြိမ်း ချမ်းသာခွင့် ရရှိမည်။ ထိုသူများသည် ဤအမိန့် ထုတ်ပြန်သည့် နေမှစ၍ ရာဇဝတ်မှု တစ်ခုခု ကျူးလွန်လျှင် ထိုရာဇဝတ်မှု အတွက် ဤအမိန့်ပါ အခွင့်အရေးများကို မရရှိ စေရ။
အထက်ပါ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကိုကြည့်လျှင် အမျိုးသား စည်းလုံး ညီညွတ်မှု အတွက် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများကို ဥပဒေဘောင် အတွင်းသို့ ဖိတ်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကြောင့် အကျဉ်းကျ ခံနေရသော ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကွန်မြူပါတီ (ဗမာပြည်) ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကေအင်န်ယူတို့မှ ဗဟို ကော်မတီဝင်များ၊ သတင်းစာဆရာများ၊ ကျောင်းသားများ လွတ်မြောက် လာကြသည်။ အလားတူပင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းအချို့လည်း ဥပဒေဘောင် အတွင်းသို့ ဝင်ရောက် လာကြသည်။
သို့သော် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်း အချို့ကမူ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို လက်မခံဘဲ တွေ့ဆုံ ဆွေးနွေးရေးကိုသာ တောင်းဆို လာကြသည်။ ထို့ကြောင့် တော်လှန်ရေး ကောင်စီသည် အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှု၍ ၁၉၆၃ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသို့ တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းချက်ကို ထုတ်ပြန် လိုက်သည်။
-တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများသည် တော်လှန်ရေး ကောင်စီ နည်းတူ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက် လိုပါလျှက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် မလုံလောက်လျှင် တော်လှန်ရေး ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ၊
-ထိုသို့ ဆွေးနွေရာတွင် နှစ်ဘက်လုံးစက မည်သည့် အချက်ကို အခြေခံ၍ ဆွေးနွေး လိုက်ကြောင်း ကြိုတင် စည်းကမ်း သတ်မှတ်ချက်မျိုး မထားရှိ လိုကြောင်း၊
-တစ်ဘက်နှင့် တစ်ဘက် ကြိုတင်စည်းကမ်း သတ်မှတ်ချက် မထားဘဲ တိုင်းပြည်၏ ပကတိ အခြေအနေကို လက်တွေ့ ကျကျ တွေ့ဆုံဆွေးနွေး ဖြေရှင်းနည်းကို လက်နက်ကိုင် တောတွင်း အင်အားစုများက လက်ခံမည် ဆိုလျှင် နိုင်ငံရေး ကြောင့် လည်းကောင်း၊ လူမျိုးရေးကြောင့် လည်းကောင်း မည်သည့် အကြောင်းကြောင့် ဖြစ်စေ တောတွင်း၌ ရောက်ရှိနေ သော မည်သည့် အဖွဲ့အစည်းနှင့်မဆို တော်လှန်ရေး ကောင်စီက တွေ့ဆုံ ဆွေးနွေးရန် အသင့်ရှိကြောင်း၊၊
-တွေ့ဆုံ ဆွေးနွေးရာတွင် အတိတ်မှ အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဦးကို တစ်ဦး အပြစ်ဖို့ခြင်းမျိုးကို ရှောင်ကျဉ် ပြီး အမြတ်ထွက်မှ ဟူသော သဘောမထားဘဲ အလုပ်သမား၊ လယ်သမားနှင့် လုပ်သား ပြည်သူ၏ အကျိုးကိုသာ အာရုံ စူးစိုက် လုပ်ကိုင် လိုကြောင်း ကမ်းလှမ်းချက်တွင် ဖော်ပြထားပေသည်။
တော်လှန်ရေး ကောင်စီက ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်လိုက်သောအခါ ပြည်သူ လူထု တစ်ရပ်လုံးက အထူးပင် ဝမ်းသာအားရ ကျေနပ်ကြသည်။ နိုင်ငံရေးပါတီ အသီးသီးကလည်း ထောက်ခံကြသည်။
ပြည်သူတစ်ရပ်လုံး ရွှင်လန်း တက်ကြွနေကြသည်။ ပြည်တွင်း ငြိမ်းချမ်းရေးသည် မဝေးကွာသော ကာလအတွင်း ရရှိတော့ မည်ဟု မျှော်လင့်နေကြသည်။
တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သော ကွန်မြူနစ်ပါတီ (ဗမာပြည်)၊ ရခိုင် ကွန်မြူနစ်ပါတီ၊ ရှမ်းအမျိုးသား တပ်ပေါင်းစုနှင့် ရှမ်းပြည် လွတ်မြောက်ရေးတပ်၊ ကချင် လွတ်လပ်ရေး ကောင်စီ၊ ဗမာပြည် ကွန်မြူ နစ်ပါတီ၊ မန်းဘဇံ ခေါင်းဆောင်သော သုံးပါတီ၊ မန်းဘဇံ ခေါင်းဆောင်သော မဒညတ၊ မုဆိုးကော်ကဆာ ဟန်တာသာမွှေး ခေါင်းဆောင်သော ကရင် တော်လှန်ရေး ကောင်စီ စသည်တို့မှ ကိုယ်စားလှယ်များသည် တော်လှန်ရေး ကောင်စီနှင့် လာရောက် တွေ့ဆုံ ဆွေးနွေးကြသည်။ ပြည်သူလူထု တစ်ရပ်လုံးက ငြိမ်းချမ်းရေး ကိုယ်စားလှယ်များအား သောင်းသောင်း ဖြဖြ ကြိုဆိုကြ သည်။
ထို့သို့ တွေ့ဆုံ ဆွေးနွေးရာတွင် မုဆိုး ကော်ကဆာ ဟန်တာသာမွှေး ခေါင်းဆောင်သော ကရင်တော်လှန်ရေး ကော်စီနှင့်သာ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိခဲ့သည်။ ကျန်အဖွဲ့ အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးရေးများ ပျက်ပြား သွားခဲ့ရသည်။
တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း တောတွင်းသို့ ပြန်လည် ထွက်ခွာ သွားတော့သည်။ ပြည်သူ တစ်ရပ်လုံး၏ ငြိမ်းချမ်းရေး မျှော်လင့်ချက် ရောင်ခြည်သည်လည်း မှေးမှိန် ကွယ်ပျောက် သွားတော့သည်။ စစ်၏ အန္နိဋ္ဌာရုံများကို ဆက်လက် ခံစား ကြရပေဦးတော့မည်။
ထိုသို့ တွေ့ဆုံဆွေးနွေးမှုများအနက် တော်လှန်ရေး ကောင်စီနှင့် မန်းဘဇံ ခေါင်းဆောင်သော မဒညတ (အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု) တို့၏ တွေ့ဆုံ ဆွေးနွေးရေး ပျက်ပြားသွားခြင်း အပေါ် ဖဆပလ အဖွဲ့ချုပ်၏ သဘောထားကို ကြေညာချက် ထုတ်ပြန်လိုက်သည်။
ဤကြေညာချက်တွင် တောတွင်း အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးရေးကို မိမိတို့ ဖဆပလအစိုးရ လက်ထက်တွင် မပြုလုပ်နိုင်ခဲ့သော်လည်း တော်လှန်ရေးကောင်စီက ပြုလုပ်နိုင်ခြင်းကို ဖဆပလအဖွဲ့ချုပ်က ခရီးဦးကြိုပြုကြောင်း၊ ယခု တော်လှန်ရေး ကောင်စီနှင့် မဒညတတို့၏ တွေ့ဆုံ ဆွေးနွေးရေး ပျက်ပြားခြင်းကို ဖဆပလအဖွဲ့ချုပ်က အထူးပင် ဝမ်းနည်း ကြောင်း၊ ၁၅-၁၁-၆၃ နေ့က တော်လှန်ရေး ကောင်စီကတစ်ဖက်၊ မဒညတက တစ်ဖက် ကြေညာချက် ထုတ်ပြန်တော့မှ နှစ်ဦး နှစ်ဖက် သဘော ကွဲလွဲမှုကို သိရှိရသဖြင့် ဖဆပလအဖွဲ့ချုပ်၏ သဘောထားကိုလည်း အောက်ပါ အတိုင်း တိုင်းပြည်သို့ တင်ပြလိုက်ပါသည်။
၁။ နယ်မြေပြဿနာ။ နိုင်ငံတစ်နိုင်ငံကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ်ဖြင့် တရားဝင် အသိအမှတ်ပြုရာ၌ သီးခြားတိကျစွာ တည်ရှိသော နယ်မြေသည် အဓိကဖြစ်သည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီက ခေါင်းဆောင်သော တောတွင်း အင်အားစုများအား ၎င်းတို့ စည်းရုံးထားသော ဒေသပါဟု အဆိုပြုလာသည့် နယ်မြေများကို တော်လှန်ရေး အစိုးရက အကယ်၍ မူအားဖြင့် တရားဝင် အသိအမှတ် ပြုပေးလိုက်ပါက မည်သို့သော အဓိပ္ပာယ်မျိုး သက်ရောက် သွားမည်ကို ကျွန်ုပ်တို့ ထည့်သွင်း စဉ်းစားရပေမည်။
ထို့အပြင် တော်လှန်ရေး ကောင်စီနှင့် ဗမာပြည် ကွန်မြူနစ်ပါတီက ခေါင်းဆောင်သော မဒညတတို့သည် နှစ်ဦးနှစ်ဘက်၏ နယ်မြေများကို အပစ်အခတ် ရပ်စဲရေး ကာလအတွင်း၌ ပိုနေမြဲ - ကျားနေမြဲ အသိအမှတ်ပြုရန် သဘောတူလိုသည့် တိုင်အောင် လွယ်ကူသည့် ကိစ္စမဟုတ်ချေ။ အစိုးရ လက်နက်ကိုင် တပ်တို့၏ ထိုးစစ်များကို ခံနိုင်ရည် မရှိတော့သော တောတွင်း အင်အားစုတို့သည် အတည်တကျ ရပ်တည်နိုင်သော အခြေအနေ မရှိသည့်အလျောက် ၎င်းတို့ပိုင် သီးခြား နယ်မြေဟူ၍ တိတိကျကျ မရှိနိုင်တော့ပေ။ ရှိရှိသမျှသော တောတောင် ရေမြေတို့ကို ၎င်းတို့အပိုင်ဟု တောင်းဆိုလာ လျှင်လည်း အတောမသတ် အငြင်းပွား နေဖွယ်ရာသာ ဖြစ်မည်။ ပုဂံရာဇ၀င်လို တုတ်ထမ်း၍ ငြင်းရသည့် ကိန်းမျိုးကိုသာ ဆိုက်ရပေမည်။ အချိန်ဆွဲ၍ ပြဿနာ အရပ်ရပ်ကို ရှုပ်ထွေးသည်ထက် ရှုပ်ထွေးသွားအောင် ဖန်တီးရာသာ ရောက်ပေမည်။
အခြား စိုးရိမ်စရာ အချက်တစ်ချက်မှာ အကယ်၍ တိုင်းပြည်တွင် တည်ဆဲ အစိုးရအပြင် အပြင်အခြား အင်အားစုများ ကလည်း ကိုယ့်နယ်မြေနှင့် ကိုယ်၊ ကိုယ့်တပ်နှင့်ကိုယ် ပြတ်သား တိကျစွာ တရားဝင် တည်ရှိနေလျှင်၊ ပြင်ပ-ပယောဂများ ဝင်မလာဟု မည်သူမျှ အာမခံရဲမည် မဟုတ်ချေ။ အရှေ့တောင် အာရှရှိ လွတ်လပ်စ နိုင်ငံငယ်အချို့၌ ကမ္ဘာ့အုပ်စု နိုင်ငံကြီးများက ဤအတိုင်း ဝင်ရောက် အခြေစိုက်ခွင့် ရနေသော သာဓကကိုလည်း ကျွန်ုပ်တို့ တွေ့နေရပြီဖြစ်သည်။
၂။ အခွန်ဘဏ္ဍာစည်းကြပ်ခွင့်အာဏာ။ အခွန်ဘဏ္ဍာ စည်းကြပ် နိုင်ခွင့်သည် အစိုးရတို့၌သာ ရှိအပ်သော တရားဝင် အာဏာ ဖြစ်သည်။ သို့ဖြစ်၍ အပစ်အခတ် ရပ်ဆဲရေး ကာလအတွင်း မဒညတ တောတွင်း အင်အားစုများ အတွင်း မည်သည့် စည်းရုံးရေးကိုမျှ မလုပ်ရန်နှင့် အခွန်ဘဏ္ဍာ ကောက်ခံရေး များကိုပါ ရပ်ဆိုင်းထားရန် တော်လှန်ရေး ကောင်စီက တားမြစ်လိုသည်မှာ မှန်ကန်သော လုပ်ရပ်ပင် ဖြစ်ပေသည်။ သို့မဟုတ်ပါက တောင်သူ လယ်သမားများထံမှ အတင်းအဓမ္မ ဆက်ကြေး တောင်းနေခြင်းကို အားပေးမိရာ ရောက်သွားမည့်အပြင် စင်ပြိုင် အစိုးရတစ်ခုကို အသိအမှတ်ပြုရာလည်း ရောက်သွားပေမည်။
၃။ မြေပေါ်မြေအောက်။ တွေ့ဆုံ ဆွေးနွေးရေး နောက်ဆုံး ပျက်ပြား သွားရသည့် အချိန်အထိ အပစ်အခတ် ရပ်စဲရေးကိစ္စ တစ်ခုကိုသာ ဆွေးနွေးနိုင်ခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာများအတွက် ဆွေးနွေးနိုင်သည် မဟုတ်သေးချေ။ ဤသို့သော ပဏာမ အဆင့်၌ပင်လျှင် မဒညတ တောတွင်း အင်အားစုများနှင့် မဒညတ မြေပေါ်အင်အားစု တို့သည် လက်တွဲ၍ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေးအားဖြင့် တော်လှန်ရေး ကောင်စီအား အကြပ်ကိုင်ရန် ဗြောင်လုပ်ဆောင် လာသည်မှာ လုံးဝ မရိုးသား၊ မမှန်ကန်ဟု ဖဆပလအဖွဲ့ချုပ်က ယူဆသည်။ ဤသို့သော ပြုမူမှုမျိုးကို တော်လှန်ရေးအစိုးရ အဖို့ မဆိုထားနှင့် အခြား မည်သည့် အစိုးရမှ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။ ဖရိုဖရဲ အုပ်မနိုင် ထိန်းမရတော့သော အခြေသို့ တိုင်းပြည် မဆိုက်ရောက် နိုင်စေရန် အချိန်မီအရေးယူ တားဆီးကြရမည်သာ ဖြစ်သည်။
၎။ လက်နက်ကိုင်တပ်များ။ လက်နက်ကိုင် တပ်များကို အစိုးရကသာ တရားဝင် ထားခွင့်ရှိသည်။
မဒညတ တရားဝင် အင်အားစုကဲ့သို့ နိုင်ငံရေးပါတီများက ပါတီပိုင်တပ်များ ထားရှိနေသမျှ ကာလပတ်လုံး ပြည်တွင်း ငြိမ်းချမ်းရေး ဆိုသည်မှာ အသံကောင်း ဟစ်ရုံမျှသာ ဖြစ်သည်။
တရားမ၀င်သော စင်ပြိုင်ပါတီပိုင် လက်နပ်ကိုင်တပ်များ ရှိနေခြင်းကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ပျက်ပြားခဲ့ ရသည် သာမက တိုင်းပြည်၏ တည်တံ့ခိုင်မြဲရေးကိုပါ ထိခိုက်လာနိုင်ပေသည်။ ထို့ကြောင့် တရားမ၀င်သော ပါတီပိုင် လက်နက် ကိုင်တပ်များ အမြန်ပပျောက် သွားစေရန် ကျွန်ုပ်တို့ ကြိုးပမ်းရပေမည်။ အထက်ဖော်ပြပါ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသော သုံးသပ်ချက်များကို တင်ပြပြီးသည့်နောက် ဖဆပလ အဖွဲ့ချုပ်က ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ လက်ငင်း ပြဿနာရပ်များ အပေါ် ထားရှိသော သဘောထားကို အောက်ပါအတိုင်း ကြေညာလိုက်ပါသည်-
(၁) ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်သော မဒညတ၏ မရိုးသားမှုကြောင့် ၎င်းတို့နှင့် တော်လှန်ရေး ကောင်စီတို့၏ ဆွေးနွေးပွဲ အဆုံးသတ် ရပ်ဆိုင်း သွားခြင်းအတွက် ဖဆပလ အဖွဲ့ချုပ်က ၀မ်းနည်းသည်။
(၂) တော်လှန်ရေးကောင်စီနှင့် မဒညတတို့သည် အကယ်၍ ပြန်လည် တွေ့ဆုံ ဆွေးနွေးနိုင်သေးလျှင်၊
(က)
မဒညတသည် မိမိတို့၏ တရားမ၀င်သော တောတွင်း ရပ်တည်မှုအတွက် အလေးပေး၍ အရေး ဆိုမနေဘဲ၊
(ခ)
မိမိတို့ပါတီ အဖွဲ့အစည်းများအတွက် မြေပေါ် ဥပဒေဘောင် အတွင်း တရားဝင်ရပ်တည်ခွင့်ကိုသာ တောင်းခံပြီး၊
(ဂ)
ထိုသို့တရားဝင် ရပ်တည်ခွင့်များ ရရှိသည်နှင့်တပြိုင်နက် ပြည်တွင်း ငြိမ်းချမ်းရေး အလို့ငှာ တောတွင်း အခွန်ဘဏ္ဍာ ဆက်ကြေး တောင်းခံခွင့်ကိုသော်၎င်း၊ လက်နက် စွဲကိုင်၍ စိုးမိုးနိုင်ခွင့် ကိုသော်၎င်း အလျင် အမြန် စွန့်လွှတ်၍၊
(ဃ)
အာဏာရရေးကို အဓိကမထားဘဲ ပြည်သူလူထု၏ အကျိုးကျေးဇူးကိုသာ ရှေ့ရှု၍ အခြား မြေပေါ် နိုင်ငံရေး ပါတီများနှင့် ယှဉ်ပြိုင်လုပ်ဆောင်ကြရန် ဥပဒေဘောင်အတွင်းသို့ ၀င်ရောက် လာပါမည့် အကြောင်း အနူးအညွတ် မေတ္တာရပ်ခံလိုပါသည်။”
ပြည်တွင်း ငြိမ်းချမ်းရေးသို့ ယာယီ အလုပ် အမှုဆောင် အဖွဲ့ ဖဆပလအဖွဲ့ချုပ် ၁၆-၁၁-၁၉၆၃ ငြိမ်းချမ်းရေးသည် လူသားအားလုံး လိုလား တောင့်တသော အရာဖြစ်သည်။ ငြိမ်းချမ်းရေး သည်သာလျှင် လူသားအားလုံး၏ လုံခြုံရေးကို အာမခံချက် ပေးနိုင်သော အရာဖြစ်သည်။
ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုး တိုးတက်ရေး အားလုံး၏ အခြေခံဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေး ကောင်စီသည် ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ကြိုးပမ်းခဲ့လေသည်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် တွေ့ဆုံ ဆွေးနွေးပွဲများ ပျက်ပြားခဲ့ရသည်ကို သမိုင်းသင်ခန်းစာ ယူနိုင်ကြစေရန် တင်ပြလိုက်ပါသည်။
ကိုးကား
- မြန်မာ့နိုင်ငံရေးစနစ်ပြောင်းကာလ (၁၉၆၂-၇၄) ဒုတိယတွဲ
- ပြည်ထောင်စုမြန်မာနိုင်ငံတော် လှန်ရေးကောင်စီဥက္ကဌရုံး၊ အမိန့်ကြော်ငြာစာများနှင့် ကြေညာချက်များ (၁၉၆၃ ခု)
(ပိတောက်မြေမှ ကူးယူဖေါ်ပြသည်)