နိုင်ငံခြားငွေ ရရှိသော နိုင်ငံသားများ၏ ဝင်ငွေခွန်ပေးသွင်းခြင်းကို
ဆယ်ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ လျှော့ပေါ့သတ်မှတ် ပေးလိုက်သော
ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၅၆/၂၀၁၁ နှင့်
၁၅၇/၂၀၁၁ ကို နိုင်ငံပိုင် ရုပ်သံမီဒီယာများ မှတဆင့် ယနေ့ည ခြောက်နာရီ
သတင်းထုတ်လွှင့်ချိန်တွင် ထုတ်ပြန်လိုက်ကြောင်းသိရပါသည် ။
ပို့ကုန်ရငွေ
အပါအဝင် နိုင်ငံခြားငွေဈေးနှုန်းများ စံချိန်တင် ကျဆင်းမှု
ဖြစ်ပေါ်နေချိန်တွင် ပြည်ပနိုင်ငံများ၌ သွားရောက် လုပ်ကိုင်နေကြသော
မြန်မာနိုင်ငံသားများနှင့် ပြည်တွင်း၌ လုပ်ခလစာငွေကို နိုင်ငံခြားငွေဖြင့်
ရရှိသော နိုင်ငံသားများ၏ ဝင်ငွေရရှိမှုအား ကျဆင်းသွားခြင်း မရှိစေရန်အတွက်
ဝင်ငွေခွန် လျှော့ချပေးလိုက်ခြင်းကို ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှ
ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ခြောက်လ သတ်မှတ်ပေးလိုက်ကြောင်း
အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယင်းလျှော့ပေါ့မှုတွင် ပြည်တွင်းရှိ နိုင်ငံခြားဝင်ငွေ ရရှိသော ပုဂ္ဂလိက
အထည်ချုပ်လုပ်ငန်းများလည်း အကျုံးဝင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏
သီးသန့်ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။
အဆိုပါသတင်းထုတ်ပြန်ချက်ကို ပြည်တွင်းပြည်ပမှ နိုင်ငံခြားဝင်ငွေဖြင့် အခွန်ထမ်းနေသူများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြပြီး ၆လသက်ထမ်းထက်ပိုမို ဆောင်ရွက်ပေးနိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း မျှော်လင့်ချက်ဖြင့် ပြောဆိုမှုများလည်းရှိကြောင်း သတင်းရရှိပါသည် ။