xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နေတိုးစစ်အုပ်စု အကူအညီဖြင့် လစ်ဗျားသူပုန်များ ထရီပိုလီမြို့တွင်းသို့ထိုးဖေါက်ဝင်ရောက်လာနေ

Monday, August 22, 2011

နေတိုးစစ်အုပ်စု အကူအညီဖြင့် လစ်ဗျားသူပုန်များ ထရီပိုလီမြို့တွင်းသို့ထိုးဖေါက်ဝင်ရောက်လာနေ



နေတိုးစစ်အုပ်စုရဲ့ စစ်ရေးအကူအညီနဲ့ လစ်ဗျားအစိုးရကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေကြသူတွေဟာ မြို့ပြင်ပိုင်းက ခုခံတိုက်ခိုက်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ထရီပိုလီ (Tripoli) မြို့လယ်မှာရှိတဲ့ အစိမ်းရောင် ရင်ပြင်အထိ အခု ရောက်နေကြပြီဖြစ်ကြောင်း သတင်းရရှိပါတယ် ။


ထရီပိုလီကိုဝင်ရောက်လာသော သူပုန်များ 
(လက်နက်တွေက အထိန်းအကွပ်မဲ့စွာ...လူတိုင်းလက်ထဲမှာ.... ဒီလူတွေသေနတ်ဘေးချထားလိုက်ရင် အစိုးရက သူပုန်လား ပြည်သူလားခွဲခြားရန် ခက်လှသည့်အခြေအနေမျိုးဖြစ်သည် )


သူပုန်တပ်တွေဟာ ထရီပိုလီမြို့တော်ထဲမှာရှိတဲ့ အစိမ်းရောင် ရင်ပြင်နေရာအထိ ထိုးဖေါက်ရောက်ရှိလာပြီး အဲဒီကလှုပ်ရှားမှုတွေကိုလည်း အနောက်အုပ်စု မီဒီယာများအကူအညီနဲ့ ရုပ်မြင်သံကြားတွေပေါ်က တိုက်ရိုက်ပြသတာကိုလည်း အနောက်အုပ်စုမီဒီယာများမှာဖေါ်ပြနေကြပါတယ် ။

ဂဒါဖီ (Moammar Gadhafi) ရဲ့ သား ၂ ယောက်ဖြစ်တဲ့ ဆာအိဖ် အယ်လ် အစ္စလမ် (Seif al Islam) နဲ့ မိုဟာမက် ဂဒါဖီ (Mohammed Gadhafi) တို့ကိုလည်း ဖမ်းမိထားတယ်လို့ သူပုန်ဘက်ကတာဝန်ရှိသူတွေက ပြောကြားပါတယ် ။


တနင်္ဂနွေ အစောပိုင်းတုန်းကတော့ မြို့ရဲ့ အနောက်ဘက် ၁၇ မိုင်လောက်မှာရှိတဲ့ စစ်တပ်အခြေစိုက် စခန်းတခုကိုသူပုန်တွေကနေတိုး စစ်အုပ်စုရဲ့ လေကြောင်းအကူအညီနဲ့ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ဒီစစ်စခန်းဟာ ဂဒါဖီ အစိုးရရဲ့ အထူး Khamis တပ်မဟာ အခြေစိုက်ရာစခန်း ဖြစ်ပါတယ်။


 သိမ်းနိုင်ခဲ့တဲ့ စစ်စခန်းကနေ လက်နက် ခဲယမ်းမီးကျောက်တွေကို ထရပ်ကားတွေနဲ့ သူပုန်တွေ သယ်ယူခဲ့ကြပြီးထရီပိုလီကို တိုက်ခိုက်တာလို့ အနောက်မီဒီယာတွေမှာဖေါ်ပြထားပေမယ့် အစတည်းက ပင် ထရီပိုလီကို တိုက်ခိုက်ဘို့ လက်နက် အပြည့်အစုံ ပါလာတာဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ် ။ ဒါ့အပြင် သူပုန်တွေဟာ မြို့ထဲဘက်ဆီ ရှေ့တိုးသွားနေစဉ်မှာလည်း ထောင်ထဲကနေ ထောင်သား ရာနဲ့ချီကို လွှတ်ပေးခဲ့ကြတဲ့အတွက် လက်ရှိထရီပိုလီ မြို့အခြေအနေဟာ အင်မတန်စိုးရိမ်စရာဖြစ် တယ်လို့ စောင့်ကြည့်နေသူတွေက ဆိုပါတယ် ။


အာဏာရှင်တစ်ယောက် ပြုတ်ကြတော့မယ်လို့ အနောက်အုပ်စုမီဒီယာတွေက ဖေါ်ပြနေကြပေမယ့် ဒီအသွင်ကူးပြောင်းမှုဟာ အင်မတန် အန္တရာယ် ကြီးတဲ့ အသွင်ကူးပြောင်းမှုပုံစံဖြစ်ပြီး လတ်တလောအနိုင်ရနေသူ လစ်ဗျားသူပုန်တွေဟာလည်း အကွဲအပြဲ တွေတပုံတစ်ပင်နဲ့မို့ ကဒါဖီပြုတ်ကျသွားသည့်တိုင် အင်မတန်ကြီးမားတဲ့နောက်ဆက်တွဲ ပြသနာတွေနဲ့ လစ်ဗျားနိုင်ငံဟာ မလွဲမသွေ ကြုံတွေ့ရဦးမှာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောကြားလျှက်ရှိကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar