(လူပြောများနေတဲ့
မြန်မာနိုင်ငံရဲ့ အဏုမြူ စွမ်းအင် စီမံကိန်းနဲ့ ပတ်သက်ပြီး သိမှတ်ဖွယ်
များကို ရေးပြထားတဲ့ ဦးအဏ္ဏ၀ါ စစ်သည်ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ အဏုမြူ စွမ်းအင် စီမံကိန်းကို အခုမှမဟုတ် ဟိုတုံးထဲက
နိုင်ငံ အကျိုးတွက် စဉ်းစားလုပ်ခဲ့တယ်။ လက်နက် အတွက် မဟုတ်ဘူး ဆိုတာ
တင်ပြထားတဲ့ ဆောင်းပါးကောင်း ဖြစ်ပါတယ်။)
အယ်လ်ဂျာဇီးယား
သတင်းဌာနမှ ထုတ်လွှင့် သွားသော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်း
အစီအစဉ်ကို စိတ်ဝင်တစား ကြည့်မိသည်။ ထိုသတင်းတွင် အဓိကအားဖြင့်
မြန်မာအစိုးရက အဏုမြူ လက်နက် ထုတ်လုပ်ရန် ကြံစည် နေသည် ဆိုသည့် အချက်ကို
အသား ပေးထားပြီး မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် လက်နက် ထုတ်လုပ်ရန်
ကြိုးစားမှု၊ မြေအောက် လှိုဏ်ခေါင်းများ တည်ဆောက်မှု စီမံကိန်း စသည်တို့ကို
မြောက်ကိုရီးယားနှင့် ဆက်စပ် တင်ပြ သွားသည်ကို တွေ့ရသည်။ ထိုအထဲတွင် မြန်မာ
နိုင်ငံက အဏုမြူ လက်နက် ထုတ်လုပ်ရန် ကြိုးစား နေသည် ဆိုသည့် စွပ်စွဲချက်
ကတော့ ဂယက် အရိုက်ဆုံး ဖြစ်မည် ထင်သည်။ သို့သော်
အစိုးရကမူ မြန်မာနိုင်ငံ အနေဖြင့် အဏုမြူ လက်နက် ထုတ်လုပ် နိုင်စွမ်းလည်း
မရှိ၊ ထုတ်လုပ်ရန် ရည်ရွယ်ချက်လည်း မရှိကြောင်း၊ သုတေသန အတွက်
ရုရှားနိုင်ငံမှ သုတေသန ဓာတ်ပေါင်းဖို တစ်ခု ၀ယ်ယူရန် စီမံခဲ့သော်လည်း
ယခုအခါ လုံလောက်သော အရင်းအမြစ် မရှိခြင်းကြောင့် ရပ်ဆိုင်း ထားကြောင်း၊ ထို
အစီအစဉ် ကိုလည်း IAEA ၏ အစီအစဉ် အောက်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း
ဖြေရှင်း ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့်
အဏုမြူ စွမ်းအင်ကို သိပ္ပံနည်းပညာ၊ ကျန်းမာရေး၊ ပညာရေး တို့အတွက်သာ
ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်သည်ဟု ဆိုခဲ့သည်။ သို့သော် အစဉ်အလာ အရ
အစိုးရကို သံသယ ရှိနေသူများ ကမူ ထိုစကားကို ယုံပုံမရ။ ထို့ကြောင့်
မြန်မာနိုင်ငံ၏ အဏုမြူ စီမံကိန်းနှင့် ပတ်သက်ပြီး မိမိ သိမှီသမျှ
ဝေငှလိုပါသည်။
တကယ်တော့
ယခု စွပ်စွဲသလို မြန်မာ့အဏုမြူ စီမံကိန်းသည် ယခု တပ်မတော် အစိုးရ လက်ထက်မှ
စတင်ခဲ့သည် မဟုတ် ပါ။ ဖဆပလ ခေတ်ကပင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။
ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်နိုင်ငံသို့ ပညာတော်သင်များ စေလွှတ် ခဲ့သည့်အခါ
စစ်ပညာတော်သင်များ သာမက အရပ်ဘက် ပညာတော်သင်များပါ ပါသွားခဲ့သည်။ ထိုအထဲ ဦးလှညွန့်ဆိုသူမှာ
အဏုမြူ ရူပဗေဒနှင့် ပတ်သက်ပြီး အင်မတန် ကျော်ကြားသည့် ဂျာပန် ပါမောက္ခ
တစ်ဦး ( အမည် မသိပါ) ထံတွင် ပညာ သင်ခဲ့ရသည်။ စစ်ကြီး ပြီးသည့်အခါ ဖဆပလ
ဝန်ကြီး ဦးကျော်ငြိမ်း အမေရိကန်သို့ လေ့လာရေး ခရီး သွားသည့်အခါ အမေရိကန်
နိုင်ငံက မြန်မာ ပညာတော်သင် များကို လက်ခံအောင် ဆွေးနွေးနိုင်ခဲ့သည်။
ထိုသွားသည့် ပညာတော်သင် များထဲတွင် ဦးလှညွှန့်ပါသွားခဲ့သည်။
ဦးလှညွှန့်
ပြန်ရောက် လာသည့်အခါ မြန်မာနိုင်ငံတွင် အဏုမြူစွမ်းအင်ကို အသုံးပြုပြီး
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အတွက် လူကြီးများထံ တင်ပြသည်ဟု ဆိုသည်။
အမေရိကန်နှင့် ရုရှားတို့သာ အဏုမြူ ဓာတ်ပေါင်းဖို လေးငါးခု ရှိပြီး
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေချိန် ဖြစ်ရာ ထိုတင်ပြချက်သည် ထိုအချိန်က အတော်
ခေတ်ရှေ့ပြေးသော အယူအဆ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုတင်ပြချက်ကို
လူကြီးများက လက်ခံပြီး ၁၉၅၅ ခုနှစ်တွင် မြန်မာ့
အဏုမြူစွမ်းအင် ကော်မရှင် Union of Burma Atomic Energy Commission, UBAEC
ကို တည်ထောင်ပြီး ဦးလှညွှန့်ကို ညွှန်ကြားရေးမှူး ခန့်ခဲ့သည်။ ထိုအချိန်က
နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ IAEA ပင် မဖွဲ့ရသေး၊ နောင်
၁၉၅၆- ၅၇ ခုနှစ်များတွင် IAEA တည်ထောင်ရန် အတွက် အစည်းအဝေးများ
ပြုလုပ်သည့်အခါ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဦးလှညွန့်ပင် ခေါင်းဆောင်
သွားခဲ့သည်။ ၅၇ ခုနှစ် အတွင်းကျမှ IAEA ကို ဖွဲ့နိုင်ခဲ့သည်။ ထပ်ပြောရလျှင်
ထိုအချိန်က အာရှတွင် အဏုမြူ စွမ်းအင် အေဂျင်စီ စဖွဲ့ခဲ့သည်မှာ မြန်မာ
ဖြစ်သည်။ ထိုင်းက ၁၉၆၁ ခုနှစ်မှ ကော်မရှင် ဖွဲ့နိုင်သည်။
မြန်မာ့ အဏုမြူ စွမ်းအင် ကော်မရှင်ရုံးကို ကန်ဘဲ့ သုတေသန ၀င်းအတွင်းမှာ ထားသည်။ ဓာတ်ခွဲခန်း ကိုလည်း ထို ၀င်းထဲမှာ ထားသည်။
ယနေ့ ကန်ဘဲ့ သုတေသန၀င်း အတွင်းတွင် တွေ့နေရသော သုံးထပ် အဆောက်အဦး များမှာ
ထိုအချိန်က ဆောက်ခဲ့ခြင်း ဖြစ်ရာ အဆောက်အအုံ ပုံစံကလည်း ခေတ်မီ၊
ဓာတ်ခွဲခန်း ပစ္စည်းများ နောက်ဆုံးပေါ် ပစ္စည်းများ တပ်ဆင် ထားခဲ့သည်ကို
မှတ်မိပါသည်။ ကော်မရှင် ဖွဲ့ပြီးသည့် အချိန်တွင် မြန်မာလူငယ်
သုံးဆယ်ကျော်ကို အမေရိကန် နိုင်ငံတွင် အဏုမြူဆိုင်ရာ ပညာရပ်များ သင်ကြားရန်
အတွက် ပညာတော်သင် လွှတ်ခဲ့သည်။ ထို့ပြင် သုတေသန
ဓာတ်ပေါင်းဖို တစ်ခုကို ကေဘာကြီး ရာဘာခြံ ခုနှစ်မိုင်၊ အခု ဒေသကောလိပ်
လှိုင် နေရာတွင် တည်ဆောက်ရန် လျာထားပြီး ၁၉၆၀ ခုနှစ်တွင် ဆောက်လုပ်မည်ဟု
ပြင်ဆင်ခဲ့သည်။ သုတေသနလည်း လုပ်နိုင်၊ လျှပ်စစ်လည်း ထုတ်နိုင်သော
ဓာတ်ပေါင်းဖို ဖြစ်သည်။
သို့သော်
သန့်ရှင်း၊ တည်မြဲ အကွဲကြောင့် အိမ်စောင့်အစိုးရ တက်လာသည့် အချိန်တွင်မူ
ထိုစီမံကိန်းကို ဆိုင်းငံ့ထားပြီး ရွေးကောက်ပွဲ လုပ်နိုင်ရေး အတွက်သာ
ဦးစားပေးခဲ့သည်။ ရွေးကောက်ပွဲ အပြီး ဦးနု၏ ပထစအစိုးရ တက်လာတော့လည်း
ဖက်ဒရယ်မူနှင့် အလုပ် ရှုပ်နေပြီး ပြန်မစနိုင်ခဲ့။ တော်လှန်ရေး ကောင်စီ
အာဏာသိမ်းပြီး နောက်တွင်မူ အဏုမြူ စွမ်းအင် စီမံကိန်းသည် ဘက်မလိုက်
မူဝါဒကို ထိခိုက်စေမည်ဟု ဆိုပြီး ဖျက်သိမ်း လိုက်တော့သည်။
ဤသို့ဖြင့် မြန်မာ့ အဏုမြူ စွမ်းအင် စီမံကိန်းသည် တစ်ခန်းရပ် သွားခဲ့သည်။
အမေရိကန်ရောက် မြန်မာ ပညာတော်သင် များလည်း အချို့ ပြန်မလာ တော့ဘဲ နေသလို
အချို့ ပြန်လာပြီး တက္ကသိုလ် ဆရာများ ဘ၀နှင့် အရိုးထုတ် ကြတော့သည်။ ထိုအထဲက
ထင်ရှားသူ တစ်ဦးမှာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ဖွင့်လှစ်သည့်အခါ
အဏုမြူ စွမ်းအင်ဆိုင်ရာ စီမံကိန်းကို ဦးဆောင်ခဲ့သည့် ဆရာ ဦးသိန်း
ဦးဖိုးစော ဖြစ်သည်။ ဦးလှညွန့်
ကတော့ မြန်မာ့ အဏုမြူစွမ်းအင် ကော်မရှင် ဖျက်သိမ်းပြီးသည့် အခါ ပြည်ပသို့
ထွက်သွားပြီး IAEA တွင် ညွှန်ကြားရေးမှူး အဖြစ် ကွယ်လွန်သည် အထိ
လုပ်သွားခဲ့သည်။
သို့သော်
ကျန် အာရှနိုင်ငံများက အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ
အသုံးပြုနိုင်ရေးကို ဆက်လှမ်းခဲ့ကြသည်။ ထိုင်းက ၁၉၆၁ ခုနှစ်တွင် အဏုမြူ
စွမ်းအင်ရုံးကို ဖွင့်လှစ်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် သုတေသန ဓာတ်ပေါင်းဖို
တစ်ခုကို ဒွန်မောင်း လေဆိပ်နားတွင် ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ သုတေသန
လုပ်ငန်းများ လုပ်နေဆဲ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ထိုင်း အစိုးရက
လျှပ်စစ်ဓာတ်အား မီဂါဝပ် ထောင်ကျော် ထုတ်လုပ်မည့် ဓာတ်ပေါင်းဖို တစ်ခုကို
၂၀၂၁ ခုနှစ်တွင် အပြီး တည်ဆောက်မည်ဟု ကြေညာခဲ့သည်။
ထို့ကြောင့်
မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင် စီမံကိန်းသည် လက်နက် ထုတ်လုပ်ရန် မဟုတ်ဘဲ
တစ်ချိန်က ရှိခဲ့ပြီး ဖြစ်သည့် လျှပ်စစ်နှင့် သုတေသန လုပ်ငန်းအတွက်
ပြန်လည်စတင်ရန် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်။
တကယ်တော့ သုတေသန ဓာတ်ပေါင်းဖို တည်ဆောက် ပြီးလျှင်ပင် အကြီးစား
ဓာတ်ပေါင်းဖိုတစ်ခု ဆောက်နိုင်ဖို့ အတွေ့အကြုံ၊ နည်းပညာ၊ ငွေကြေး အများကြီး
လိုပါသည်။ သို့သော် တစ်ချိန်တွင် စွမ်းအင်အတွက် ရေနံနှင့် ရေအားလျှပ်စစ်
ကိုသာ မှီခို၍ မရတော့သည်မှာ သေချာ နေပါပြီ။ ကျွန်တော် လေ့လာမိသလောက်
ဂျပန်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက် ၃၅%၊ တောင်ကိုရီးယား၏ စွမ်းအင်
လိုအပ်ချက် ၄၂ % နှင့် ပြင်သစ်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက် ၇၅% ကို အဏုမြူ
စွမ်းအင်က ရယူနေခြင်းဖြစ်သည်။ အဏုမြူ ဓာတ်ပေါင်းဖို ဆောက်လုပ်မှုကို
နှစ်ပေါင်းများစွာ ရပ်ထားခဲ့သည့် အမေရိကန် ပင်လျှင် နည်းပညာ ဖွံ့ဖြိုး
လာသည်နှင့် အမျှ ဓာတ်ပေါင်းဖို လုံခြုံရေးတွေ ပိုကောင်းလာသည်ဟု ဆိုကာ
နောက်ထပ် ဓာတ်ပေါင်းဖို နှစ်ဆယ် ဆောက်ဖို့ လုပ်နေသည်။ ယနေ့အချိန်တွင်
နိုင်ငံပေါင်း သုံးဆယ့်သုံးနိုင်ငံက ဓာတ်ပေါင်းဖို လေးရာကျော်
အသုံးပြုနေပြီး နောက်ထပ် ဓာတ်ပေါင်းဖို သုံးဆယ်ကျော်က ဆောက်လုပ်နေဆဲ
ဖြစ်သည်။
ထို့ကြောင့်
ကျွန်တော်တို့နိုင်ငံလည်း အခုထဲက လိုအပ်သည့် ကျွမ်းကျင်မှုတွေ၊ နည်းပညာတွေ
ရအောင် စတင် ကြိုးစားမည်သာ ဖြစ်သည်။ ထိုင်းပင်လျှင် သုတေသန
ဓာတ်ပေါင်းဖိုနှင့် နှစ်သုံးဆယ်ကျော် အတွေ့အကြုံ ယူပြီးမှ ဓာတ်ပေါင်းဖို
အကြီးစား လုပ်ဖို့ နောက်ထပ် ဆယ်နှစ်ကျော် အချိန်ယူရဦးမည် ဖြစ်သည်။
သို့သော် ကျွန်တော်တို့ နိုင်ငံမှာ မစခင်က အနှောက်အယှက် နှင့် ကြုံလာရပြီ။
အဏုမြူဆိုင်ရာ ပညာတော်သင်တွေ လွှတ်တော အဏုမြူဗုံး ထုတ်ဖို့ဟု စွပ်စွဲ
လာကြသည်။ အဏုမြူဗုံး ဆိုသည်မှာ အရက်ပုန်း ချက်သလို ခိုးချက်၍ ရသော
အလုပ်မဟုတ်၊ ဓာတ်အားပေး စက်ရုံတွေ ဆောက်နိုင်ရင်တောင် ထိုစက်ရုံများမှ
သုံးသော ယူရေနီယမ်က အဆင့်နိမ့် ယူရေနီယမ် ဖြစ်သည်။ ဒါကို လက်နက်
ထုတ်နိုင်သည့် Weapon Grade အဆင့် ရောက်အောင် သန့်စင်ဖို့ နည်းပညာ
အများကြီး လိုသည်။ စက်ရုံက ထွက်လာသည့် ယူရေနီယမ် တွေကို IAEA က
တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေသည်။ အီရန်က ဒါကို ရှောင်ဖို့
ကြိုးစားသဖြင့် အမှုပွေနေခြင်း ဖြစ်သည်။ ပါကစ္စတန်၊ အိန္ဒိယ၊ မြောက်ကိုရီးယား
တို့သာ စစ်အေးခေတ်၊ IAEA သြဇာ သိပ်မထက်သည့် အချိန်နှင့် ကြုံသဖြင့်
လုပ်နိုင်ခြင်း ဖြစ်သည်။
နောက်ပြီး
လက်နက် ထုတ်နိုင်သည့် ယူရေနီယမ် ရှိရုံနှင့် ဗုံးမဖြစ်၊ ဗုံးထုတ်နိုင်ဖို့
အလွန် တိကျသော တွင်ခုံနှင့် စက်ပစ္စည်းများ လိုသည်။ အယ်ကေဒါးနှင့်
ပတ်သက်ပြီး သုတေသန ပြုချက် တစ်ခုတွင် အကြမ်းဖက် အဖွဲ့များ အနေဖြင့် လက်နက်
ထုတ်နိုင်သည့် ယူရေနီယမ်သာ ရှိလျှင် ဈေးကွက်တွင် အလွယ်တကူ ရနိုင်သော
နည်းပညာ၊ စက်ပစ္စည်း များနှင့် ဗုံးလုပ် ရမရ လေ့လာ ခဲ့ဖူးသည်။ ထိုလေ့လာချက်က
ဗုံး လုပ်နိုင်ရင်တောင် ထိုဗုံးသည် ငါးတန်လောက် လေးပြီး ကွန်တိန်နာ
တစ်ခုစာလောက် ကြီးလိမ့်မည်။ ဘယ်ကိုမှ သယ်၍ ရမည်မဟုတ်၊ ထို့ကြောင့်
ဗုံးလုပ်ရန် ကြိုးစားမည့် အစား ထုတ်လုပ်ပြီး ဗုံးတစ်လုံး ကိုသာ ခိုးဖို့
ကြိုးစားလိမ့်မည်ဟု ကောက်ချက် ချခဲ့သည်။ အဏုမြူဗုံး တစ်လုံးကို ဒုံးပျံပေါ်၊
လေယာဉ်ပေါ် သယ်နိုင်ဖို့ ဆိုလျှင် အလွန် အဆင့်မြင့်သည့် နည်းပညာသုံး
ပစ္စည်းများ၊ အတွေ့အကြုံ များနှင့်သာ ထုတ်လုပ်နိုင်မည် ဖြစ်သည်။
အကျယ်ရေးလျှင် ဆောင်းပါးတစ်စောင် ဖြစ်သွားမည်စိုး၍ မရေးတော့ပါ။ သာဓကမျှ
ဖော်ပြခြင်း ဖြစ်ပါသည်။
ထို့ကြောင့်
ယခုသတင်း များသည် သမားရိုးကျ စစ်လက်နက်များ ထုတ်လုပ်သည့် စက်ရုံများကို
အဏုမြူဗုံး ထုတ်ဖို့ ကြိုးစားနေ သယောင်ယောင် ချဲ့ကား ထုတ်လွှင့်ခြင်းသာ
ဖြစ်သည်ဟု ရဲရဲကြီး ပြောလိုပါသည်။
အဏုမြူ စွမ်းအင်ကို ဗုံးလုပ်ရန် မဟုတ်ဘဲ လျှပ်စစ်ပေးခြင်း၊ ကျန်းမာရေး
အတွက် ဓာတ်ရောင်ခြည် ကုသမှုများ အတွက် အသုံးပြုခြင်း တို့ကို ငြိမ်းချမ်းစွာ
သုံးနိုင်သည်ကို လူတိုင်းသိပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံလည်း တစ်နေ့
ထိုကဲ့သို့ ငြိမ်းချမ်းစွာ အသုံးပြုနိုင်စွမ်း ရှိရန် ကြိုးစားရမည်သာ
ဖြစ်သည်။ အမြင်ကျယ်သော ရှေ့လူကြီးများက ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော်
ပြည်တွင်း နိုင်ငံရေး အကွဲအပြဲတွေ ကြားမှာ ဇာတ်သိမ်း သွားခဲ့ရသဖြင့်
တိုင်းပြည် နစ်နာခဲ့ရ ပေပြီ။ ယခုလည်း အစိုးရကို နှိပ်ကွပ်ဖို့ အတွက်
အဏုမြူကို အကြောင်းရှာ လာပြန်ပြီ၊ ဒီအထဲတွင်
ရိုဟင်ဂျာ ကိစ္စ၊ ဘင်္ဂလားဒေ့ရှ်နှင့် အငြင်းပွားမှု ကိစ္စတွေမှာ အသံကျယ်ကျယ်နဲ့
သတင်းတွေ လွှင့်ခဲ့သော အယ်လ်ဂျာဇီးယားနှင့် အစိုးရကို အစဉ်တစိုက်
ဝေဖန်တိုက်ခိုက် လာသော ဒီဗွီဘီတို့ ပူးပေါင်း သွားသည်မှာလည်း သတိပြုစရာ
ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရိုဟင်ဂျာ အရေးတုန်းက ကျွန်တော် တောင်းပန်ခဲ့
သလိုပင် ဒါသည် အမျိုးသားအရေး ဖြစ်သည်။ ဘာမဟုတ်သည့် စိတ်ဝမ်းကွဲမှုများ အတွက်
အသုံးမချ သင့်ကြောင်း ထပ်ပြောလိုပါသည်။
အဏ္ဏ၀ါစစ်သည်