(
နိုဝင်ဘာ ၁၂ ရက်နေ့က အမေရိကန် PBS အသံလွှင့်ဌာနနဲ့ Pro Publica
အဖွဲ့တို့ပေါင်းပြီး ထုတ်လွှင့်ခဲ့တဲ့ Stephen Engelberg ရဲ့ Experts,
Intelligence Agencies Question a Defector’s Claims About Burma’s Nuclear
Ambitions သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ )
ပြီးခဲ့တဲ့
ဇွန်လ ၄ ရက်နေ့တုံးက မြန်မာနိုင်ငံက ဖိနှိပ်တဲ့ စစ်အစိုးရနဲ့ ပတ်သက်တဲ့
ထိတ်လန့်စရာကောင်းတဲ့ စွတ်စွဲချက် တစ်ခုက ကမ္ဘာကို တုန်လှုပ်သွားစေခဲ့တယ်။
မြန်မာ့ တပ်မတော်က ဘက်ပြောင်းလာတဲ့ ဗိုလ်မှူးဟောင်း တစ်ဦးက နည်းပညာအရ
ခေတ်နောက်ကျနေတဲ့ သူ့နိုင်ငံဟာ အနုမြူဗုံးထုတ်လုပ်ဖို့ စီမံကိန်းကို
စတင်နေပြီးလို့ ပြောဆိုခဲ့ပြီး သူ့ ပြောဆိုချက်တွေကို သက်သေပြတဲ့
ဓာတ်ပုံနဲ့ စာရွက်စာတမ်းတွေကို ထုတ်ပြခဲ့တယ်။
အရင်တုံးက
ပေါ်ပေါက်ခဲ့တဲ့ မြန်မာနိုင်ငံ အနုမြူဗုံး ထုတ်လုပ်ဖို့ ကြံစည်နေတဲ့
စွတ်စွဲချက်တွေ တုံးကတော့ ဂရုစိုက်တဲ့ လူ နည်းနည်းပဲ ရှိတယ်။ အခု
ပြည်ပရောက် ထိပ်သီးအတိုက်အခံ အဖွဲ့အစည်း တစ်ခုက ရေးသားပြုစု
ထုတ်လွှင့်ခဲ့တဲ့ သတင်းမှာတော့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီမှာ
နှစ်ပေါင်းများစွာ လုပ်ခဲ့သူလည်းဖြစ်၊ အမေရိကန် အစိုးရရဲ့ လက်နက်ရေးရာ
သိပ္ပံပညာရှင် ဟောင်းလည်းဖြစ်တဲ့ ရောဘတ်ကယ်လီရဲ့ အစီရင်ခံစာကိုပါ ပူးတွဲပြီး
ဖော်ပြထားတယ်။ ရောဘတ်ကယ်လီရဲ့ သုတေသနပြုမှု တစ်စိတ်တစ်ပိုင်းကို အမေရိကန်
အစိုးရရဲ့ အထောက်အပံ့နဲ့ လုပ်ဆောင်တာဖြစ်ပြီး ကယ်လီက ရထားတဲ့
အထောက်အထားတွေ အရဆိုရင် မြန်မာနိုင်ငံဟာ အနုမြူဗုံး ထုတ်လုပ်ဖို့
စီစဉ်နေတယ် ဆိုတာကလွဲပြီး တစ်ခြားဘာမှ စဉ်းစားစရာ မလိုဘူးလို့
သုံးသပ်ထားတယ်။
ဒီသတင်းရဲ့
နောက်ဆက်တွဲ အကျိုးဆက်တွေက ချက်ခြင်းပဲ ပေါ်လာတော့တယ်။
မြန်မာဗိုလ်ချုပ်တွေနဲ့ တွေ့ဖို့ လမ်းခုလတ် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့
အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူ့ခရီးစဉ်ကို ဖျက်သိမ်းတဲ့ အကြောင်းကြေညာ
ခဲ့တယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးကို တိုက်တွန်းနေတဲ့ ဂျင်မ်ဝက်ဘ်က
အခုအချိန်မှာ အဲဒီလိုလုပ်ဖို့ မသင့်သေး ဘူးလို့ ပြောခဲ့သလို
မြန်မာနိုင်ငံရဲ့ အနုမြူ စီမံကိန်းနဲ့ ပတ်သတ်တဲ့ သတင်းတွေကို အမေရိကန်
အေဘီစီ သတင်းဌာနရဲ့ Good Morning America အစီအစဉ်၊ ၀ါရှင်တန်ပို့စ်
သတင်းစာ၊ တိုင်းမ်မဂ္ဂဇင်း၊ ဘီဘီစီ သတင်းဌာန စတာတွေကလည်း ဖော်ပြခဲ့ကြတယ်။
ရောဘတ်ကယ်လီဟာ
ဒီသတင်းကို လူသိများအောင် လုပ်တဲ့နေရာမှာ တိုက်ရိုက် ပါဝင်ခဲ့တယ်။
သူကိုယ်တိုင် ၀ါရှင်တန် မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်။ ကွန်ဂရက်က
အမတ်တွေရဲ့ လက်ထောက်အရာရှိတွေ၊ အနုမြူလက်နက် မပြန့်ပွားရေး ကိုလုပ်နေတဲ့
သြဇာရှိသူတွေကို ရှင်းလင်း ပြောကြားခဲ့တယ်။ ၀ါရှင်တန် သတင်းစာ
ရှင်းလင်းပွဲမှာ ကယ်လီက ဒီတွေ့ရှိချက် တွေအရ ဒါဟာ လျှို့ဝှက် အနုမြူ
စီမံကိန်းပဲဆိုတာ ကျွန်တော်ခိုင်ခိုင်မာမာ ပြောရဲတယ်ဟု တင်ပြ သွားခဲ့တယ်။
ဒါပေမယ့် Pro Publica နဲ့ PBS ( Public Broadcasting Service ) Need to
Know အစီအစဉ်တို့ ပူးပေါင်း စစ်ဆေး လေ့လာချက်အရတော့ မြန်မာနိုင်ငံရဲ့
အနုမြူ စီမံကိန်းနဲ့ ပတ်သက်ရင် ကယ်လီ ကောက်ချက်ချ သလောက် မသေချာဖူးဆိုတာ
တွေ့လာရတယ်။
နိုင်ငံတကာ
အနုမြူစွမ်းအင် အေဂျင်စီရဲ့ ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဖြစ်တဲ့ Olli
Heinonen နဲ့ ကျန်တဲ့ ကျွမ်းကျင်သူတွေ ကတော့ အထောက်အထား တွေဟာ
သိတ်မခိုင်မာဘူး၊ ပုံထဲမှာတွေ့ရတဲ့ စက်ကရိယာတွေဟာ တစ်ခြား
လုပ်ငန်းတွေမှာလည်း အသုံးပြုတဲ့ ပစ္စည်းတွေ ဖြစ်တယ်။ နောက်ပြီး
ဒီလိုအရေးကြီးတဲ့ စွတ်စွဲချက်တွေကို ဘက်ပြောင်းလာသူ တစ်ယောက် ထဲရဲ့
ပြောကြားချက် တစ်ခုတည်းနဲ့ အတည် မပြုသင့်ဘူးလို့ ဆိုတယ်။ Olli Heinonen က
ဒါဟာ အနုမြူ လက်နက် စီမံကိန်း ပါဘဲလို့ တထစ်ချ ပြောနိုင်တဲ့ ခိုင်ခိုင်မာမာ
အထောက်အထား တစ်ခုမှ မပါဘူးလို့ ပြောပါတယ်။ အမေရိကန် ထိပ်တန်း အရာရှိ
တစ်ယောက်ကတော့ ဗဟို ထောက်လှမ်းရေး အဖွဲ့ ( စီအိုင်အေ) နဲ့
စွမ်းအင်ဝန်ကြီးဌာနတို့က ရောဘတ်ကယ်လီရဲ့ အစီရင်ခံစာကို တစ်ကြောင်းခြင်း
အသေးစိတ် လေ့လာပြီးတဲ့ နောက် ကယ်လီရဲ့ ကောက်ချက်ကို လက်မခံဘဲ
ပယ်ချခဲ့တယ်လို့ ပြောပြပါတယ်။ ဂျာမန်အရာရှိတွေ ကလည်း ဓာတ်ပုံတွေ ထဲမှာပါတဲ့
စက်ကရိယာတွေကို မြန်မာအစိုးရက ၀ယ်တာကို သူတို့သိတယ်။ ဒါပေမယ့် ဒါတွေကို
အနုမြူ လက်နက် စီမံကိန်းမှာ သုံးတာ မဟုတ်ဘူးလို့ သူတို့ စစ်ဆေး တွေ့ရှိပြီး
ဖြစ်တယ်လို့ ပြောပါတယ်။
ဘက်ပြောင်းလာတဲ့
စိုင်းသိန်းဝင်းကို အနောက် နိုင်ငံတွေက သတိပြုမိအောင် လုပ်ဆောင်ပေးတာက
နော်ဝေ အခြေစိုက် ဒီမို ကရက်တစ် မြန်မာ့အသံ ( ဒီဗွီဘီ) ဖြစ်ပြီး ပြီးခဲ့တဲ့
နှစ်တုံးက ( အမေရိကန်အခြေစိုက်) National Endowment for Democracy ( NED)
အဖွဲ့က ဒေါ်လာလေးသိန်း အထောက်အပံ့ ရခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ NED အဖွဲ့ဟာ
၁၉၈၃ ခုနှစ် တုံးက အမေရိကန် လွှတ်တော်ကနေ တည်ထောင်ပေးထားတဲ့ အဖွဲ့ဖြစ်ပြီး
ကမ္ဘာပေါ်မှာ ဒီမိုကရေစီ ထွန်းကားရေး အတွက် အကူအညီ ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ပိုလန်နိုင်ငံက သွေးစည်း ညီညွတ်ရေးအဖွဲ့၊ တောင်အာဖရိက နိုင်ငံက အသား
အရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများဟာ NED ရဲ့ အကူအညီ ရဖူးတဲ့
အဖွဲ့တွေ ဖြစ်ပါတယ်။
NED
အရာရှိတစ်ဦးက သူတို့ဟာ ဒီဗွီဘီကို စိုင်းသိန်းဝင်းဆီက အထောက်အထားတွေကို
ရောဘတ်ကယ်လီနဲ့ စစ်ဆေး ကြည့်ဖို့ တိုက်တွန်းခဲ့ပြီး နောက်ပိုင်းမှာ
ရောဘတ်ကယ်လီ ဗီယင်နာမြို့ကနေ ၀ါရှင်တန်ကို လာပြီး သတင်းစာရှင်းလင်းပွဲ
လုပ်နိုင်ဖို့ ငွေထောက်ပံ့ ခဲ့တယ်လို့ ၀န်ခံခဲ့ပြီး ရောဘတ်ကယ်လီ အပြင်
တစ်ခြား ကျွမ်းကျင်သူတွေနဲ့ ပြသ အစစ်ဆေးခံတာမျိုး မလုပ်ခဲ့ဘူးလို့
ဆိုပါတယ်။
NED
က အရာရှိတွေ ကတော့ သူတို့လုပ်ရပ်ဟာ ဒီမိုကရေစီ အကျိုးအတွက်
လုပ်တာဖြစ်ပါတယ် ဆိုပြီး သူတို့ လုပ်ရပ်ကို ကာကွယ် ပြောပါတယ်။
အဖွဲ့ဥက္ကဌဖြစ်တဲ့ Carl Gershman ကတော့ အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံကို
သွားဖို့ ထိုင်းမှာ ရောက်နေတာ သူတို့မသိဘူးလို့ ပြောပြီး ဒီဗွီဘီကို
ငွေကြေးထောက်ပံ့တာဟာ လွတ်လပ်တဲ့ မီဒီယာမရှိတဲ့ နိုင်ငံမှာ လွတ်လပ်တဲ့
မီဒီယာရှိအောင် ကူညီတာ သက်သက်ပဲလို့ ကာကွယ် ပြောဆိုပါတယ်။ နောက်ပြီး Carl
Gershman က စီအိုင်အေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အနုမြူအစီအစဉ်နဲ့ ပတ်သက်ပြီး
ပြောကြားချက်တွေ အပေါ် သံသယရှိနေတယ် ဆိုတာ သူမသိဘူးလို့ ပြောပြီး
ဘာပဲဖြစ်ဖြစ် သတင်းလုံးဝမှားတယ် ဆိုရင်တောင် အဲဒီသတင်းဟာ တန်ဖိုးတော့
ရှိပါတယ်လို့ ဆို တယ်။ သူက စီအိုင်အေ အဖွဲ့က ဒါမှားတယ် ဆိုရင်တောင် သူတို့
တစ်ခုခုတော့ သိသွားတာပဲ မဟုတ်လား။ ကမ္ဘာကလည်း တစ်ခုခုတော့ သိသွားရတာပဲ
မဟုတ်လားလို့ ဆက်ပြောပါတယ်။ ပြီးတော့ သူကဆက်ပြီး လူသိရှင်ကြား
ငြင်းခုန်ကြတယ် ဆိုတာပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ။
ခင်ဗျားအနေနဲ့ ဘယ်ဟာကိုမှ ပြီးပြည့်စုံ အောင် မလုပ်နိုင်ဘူး။
အမြင်အမျိုးမျိုးရှိတယ် ဆိုတာကိုက ဒီမိုကရေစီဘဲ။ ခင်ဗျားအမှား လုပ်ချင်
လုပ်မိမယ်၊ လူတွေက အမြင်အမျိုးမျိုး ရှိကြမယ်။ အခုဖြစ်နေတာ ဒါတွေဘဲလို့
ပြောပြပါတယ်။
မြန်မာကိစ္စနဲ့
ပတ်သက်ပြီး ကျွမ်းကျင်သူတွေ အကြားအငြင်းပွားမှုဟာ ဒီကနေ့ နိုင်ငံတကာ
အသိုင်းအ၀န်းမှာ တရားမ၀င် လက်နက်တွေနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့
ကြီးမားတဲ့ ပြဿနာကို မီးမောင်းထိုးပြ နေတာပဲ ဖြစ်တယ်။ အမေရိကန် တွေက
ဘက်ပြောင်းလာတဲ့ "Curveball လို့ အမည်ဝှက်ပေးထားသူ တစ်ယောက်ပြောတဲ့ ဆဒမ်ဟာ
ဇီဝလက်နက်တွေ ထုတ်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေကို အခြေခံပြီး အီရတ်ကို
ဝင်တိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီး ကောလင်း ပါဝဲလ်က
"Curveball ဆီက ရတဲ့ သတင်းအချက်အလက် အများစုကို အခြေခံပြီး ကုလသမဂ္ဂမှာ
အီရတ်ကို စစ်ရေးအရ အရေးယူဖို့ တင်ပြခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့
အီရတ်နိုင်ငံမှာ အနုမြူလက်နက်ရော၊ ဓာတုလက်နက်ရော၊ ဇီဝ လက်နက်ရော ဘာတစ်ခုမှ
မတွေ့ခဲ့ဘူး။
တစ်ချို့
ကျွမ်းကျင်သူတွေကတော့ အနောက်နိုင်ငံတွေက Curveball ကြောင့် အရှက်တကွဲ
ဖြစ်မှုတွေ အပြီးမှာ ဘက်ပြောင်း လာသူတွေပြောတဲ့ သတင်းတွေ အပေါ်မှာ
အလေးအနက်ထားမှု နည်းသွားတာကို စိုးရိမ်နေကြတယ်။ တစ်ချို့ ကတော့လည်း
"Curveball အဖြစ်အပျက်က အနုမြူ စီမံကိန်းတွေနဲ့ ပတ်သက်ရင် အစိုးရကို
ဆန့်ကျင်နေတဲ့ သူတွေပေးတဲ့ သတင်းတွေအပေါ် အသေအချာ စစ်ဆေးဖို့ လိုတယ်ဆိုတာ
သတိပေး လိုက်တာပဲလို့လည်း ဆိုကြတယ်။ ရောဘတ်ကယ်လီ ကိုယ်တိုင်က အစိုးရ
ဆန့်ကျင်ရေး အဖွဲ့ဖြစ်တဲ့ ဒီဗွီဘီနဲ့ ဘက်ပြောင်းလာသူရဲ့ ခံစားချက်နဲ့
အကျိုးစီးပွားကြောင့် သူတို့ရဲ့ သမာသမတ် ကျမှုအပေါ် မေးခွန်းထုတ်စရာ
ဖြစ်နေတယ် ဆိုတာကိုတော့ အသိအမှတ်ပြု ထားပါတယ်။ ဒါပေမယ့် ကယ်လီက အခုရတဲ့
သတင်းတွေရယ်၊ အရင်တုံးကရထားတဲ့ သတင်းတွေရယ် ပေါင်းလိုက် ရင်တော့ ဒီကိစ္စဟာ
သေချာသလောက် ပဲလို့ ပြောပါတယ်။ သူက ဘက်ပြောင်းလာတဲ့
ဗိုလ်မှူးစိုင်းသိန်းဝင်းကို ၁၉၈၆ ခုနှစ်တုံးက အစ္စရေး နိုင်ငံရဲ့ အနုမြူ
စီမံကိန်း အကြောင်း ဖွင့်ချခဲ့တဲ့ Mordecai Vanunu နဲ့ခိုင်းနှိုင်းခဲ့ပြီး
စိုင်းသိန်းဝင်းဆီက ရတဲ့ သတင်းတွေအရ ဒီနည်းပညာတွေဟာ အရပ်ဘက် အနုမြူ
စီမံကိန်းအတွက် မဟုတ်ဘူး။ အနုမြူ လက်နက်အတွက်ဘဲ ဖြစ်တယ်ဆိုတာ အသေအချာ
ကောက်ချက် ချနိုင်ပါတယ်လို့ ထပ်ပြောပါတယ်။
ရောဘတ်ကယ်လီဟာ
နိုင်ငံတကာ စွမ်းအင်အေဂျင်စီမှာတုံးက Olli Heinonen လက်အောက်မှာ ၂၀၀၅
ခုနှစ်ကနေ ဒီနှစ် အထိ လုပ်ခဲ့ပေမယ့် မြန်မာ ကိစ္စမှာတော့ သူတို့နှစ်ယောက်
အမြင်မတူ ကြပါဘူး။ Olli Heinonen က မြန်မာနိုင်ငံမှာ ယူရေ နီယမ်သတ္တုတွေ
ရှိတာမှန်ပေမယ့် ဒါဟာ အနုမြူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ အတွက်သာ
ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဆင့်မှာ အနုမြူ လက်နက်ထုတ်ဖို့ လုပ်နေတယ် ဆိုတဲ့
စိုးရိမ်စရာ အထောက်အထားတွေ မရှိသေးဘူးလို့ ရှင်းပြပါတယ်။ တစ်စုံတစ်ယောက်က
ယူရေနီယမ်ကို သန့်စင်ဖို့လုပ်ရုံနဲ့ အနုမြူ လက်နက် ထုတ်နေပြီလို့
ပြောလို့မရဘူး။ အနုမြူ လက်နက် ထုတ်နိုင်တဲ့အထိ သန့်စင်ဖို့ဆိုတာ
အဆင့်အများကြီး ဖြတ်ရဦးမယ်လို့ ထပ်ပြော ပါတယ်။
ကျွမ်းကျင်သူတွေ
ကြားမှာ အငြင်းပွားမှုဟာ နည်းပညာပိုင်းနဲ့ ဆိုင်ပါတယ်။ ကယ်လီက
စိုင်းသိန်းဝင်း ယူလာတဲ့ ဓာတ်ပုံ တွေထဲက အန္တရာယ်ကြီးတဲ့ ပစ္စည်းတွေကို
ကိုင်တွယ်ရာမှာသုံးတဲ့ မှန်လုံသေတ္တာ (Glove Box) ကို ယူရေနီယမ် သတ္တု နဲ့
မဂ္ဂနီဆီယမ် ရောပြီး ဗုံးလုပ်တဲ့ နေရာမှာ သုံးဖို့အတွက် လုပ်ဆောင်ရာမှာ
သုံးဖို့ဖြစ်တယ်လို့ ကောက်ချက်ချတယ်။ Olli Heinonen ကတော့ ဓာတ်ပုံထဲမှာ
ပါတဲ့ မှန်လုံသေတ္တာဟာ အဲဒီ လုပ်ငန်းလုပ်ဖို့ အတွက် သေးလွန်းတယ်။ တစ်ခြား
ကိစ္စ အတွက် ဖြစ်မယ်လို့ ကောက်ချက် ချပါတယ်။ ကယ်လီရဲ့ မြန်မာနိုင်ငံ အပေါ်
သုံးသပ်ချက်ကို သဘောမတူတဲ့သူ နောက်တစ်ယောက် ကတော့ ၀ါရှင်တန်အခြေစိုက် the
Institute for Science and International Security က ညွှန်ကြားရေးမှူး David
Albright ပဲဖြစ်ပါတယ်။
David
Albright ကတော့ ကယ်လီဟာ မြန်မာနိုင်ငံဟာ အနုမြူ လက်နက်ထုတ်ဖို့
ကြိုးစားနေတယ်လို့ ယူဆထားပြီး စိုင်းသိန်းဝင်းရဲ့ ဓာတ်ပုံတွေကို
သူ့အယူအဆကို အတည်ပြုဖို့ အတွက် လိုရာဆွဲ သုံးခဲ့တယ်လို့ ထောက်ပြပါတယ်။
David Albright က ဓာတ်ပုံထဲက ပစ္စည်းတွေဟာ တစ်ခြားကိစ္စတွေမှာလည်း
သုံးလို့ရတဲ့ ပစ္စည်းတွေဖြစ်ပြီး တစ်ချို့တွေက အနုမြူကိစ္စနဲ့
လုံးဝမဆိုင်တာတွေ ဖြစ်တယ်လို့ ဆိုတယ်။ ပြီးတော့ သူက စိုင်းသိန်းဝင်းဟာ
အနုမြူဆိုင်ရာ သိပ္ပံပညာရပ် ၊ အင်ဂျင်နီယာ ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့
အတွေ့အကြုံရှိသူလည်း မဟုတ်ဘူးလို့ ပြောပြပါတယ်။ သူက ကျွန်တော်တို့ဟာ
အီရတ်နိုင်ငံရဲ အစုအလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက် WMD
အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သင်ခန်းစာ ကောင်းကောင်း ရခဲ့ပြီးပြီ။
နိုင်ငံတစ်နိုင်ငံကို အနုမြူလက်နက် ထုတ်နေတယ်လို့ စွတ်စွဲမယ် ဆိုရင်
ခိုင်လုံစိတ်ချရတဲ့ သက်သေ အထောက်အထားတွေရှိဖို့လိုတယ်ဆိုပြီး
ထပ်ပြောပြပါတယ်။
စိုင်းသိန်းဝင်းရဲ့
အကြောင်းနဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ရင် မသိသေးတာတွေ အများကြီး
ကျန်သေးတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ
လုပ်နေချိန်မှာ ဗြိတိသျှ သတင်းစာ Independent နဲ့ နော်ဝေ သတင်းစာ
Morgenbladet တို့က စိုင်းသိန်းဝင်းကို တွေ့ဆုံမေးမြန်းခဲ့တယ်။
စိုင်းသိန်းဝင်းက မြန်မာနိုင်ငံရဲ့ အနုမြူ အစီအစဉ်ဟာ ပြည့်စုံမှု
မရှိသေးပေမယ့် အဖြစ်မှန်ပဲလို့ ဆိုတယ်။ သူက ဒီစီမံကိန်း အတွက် တာဝန်
အပေးခံထားရတဲ့ သူတွေဟာ ဒီဇိုင်းပုံစံ တွေကို စောင့်ရင်း ၀ီစကီ
သောက်နေကြတယ်၊ ကျွန်တော်တို့ ချည်းပဲရှိတဲ့ အခါ ဒီအစီအစဉ်ဟာ ရူးသွပ်မှု
သက်သက်ပဲလို့ ပြောဖြစ်ကြတယ်၊ ကျွန်တော်တို့က ဒီအစီအစဉ်ကို Nato , No Action
, Talking Only လို့ နံမည် ပေးထားတယ်။ ကျွန်တော်က နိုင်ငံရေးသမား
မဟုတ်ဘူး၊ အင်ဂျင်နီယာအရာရှိပဲ၊ မြန်မာပြည်ရဲ့ ပထမဆုံး ဒုံးကျည်ဆိုင်ရာ
ပညာရှင်ဖြစ်ရတဲ့ အတွက် ဂုဏ်ယူတယ်၊ ဒါပေမယ့် ကျွန်တော် တတ်ထားတာတွေကို
သုံးလို့မရဘူး၊ ဒီအတွက် စိတ်ပျက်ရတယ်လို့ တွေ့ဆုံမေးမြန်းခန်းမှာ
ပြောပြပါတယ်။
နောက်ပြီးသူက
အစိုးရကနေပြီး အနုမြူဓာတ်ပေါင်းဖို ဆောက်ဖို့၊ ယူရေနီယမ်ကို
သန့်စင်ဖို့နဲ့ အနုမြူဗုံးထုတ်ဖို့ အတွက် အနုမြူ တပ်ရင်းဖွဲ့ဖို့
အမိန့်ပေးတဲ့စာကို မြင်ခဲ့ရတယ်။ ဒါပေမယ့် အဲဒီစာရွက်စာတမ်းကို ယူဖို့
အခွင့်အရေး မရခဲ့ဘူးလို့ ပြောပြပါတယ်။ Independent သတင်းစာရဲ့ အဆိုအရ
စိုင်းသိန်းဝင်းဟာ ဒီဗွီဘီရဲ့ မြန်မာ့အနုမြူ စီမံကိန်းနဲ့ ပတ်သက်တဲ့
ကောလဟာလ သတင်းတွေ အကြောင်း ပြောကြားချက်ကို ကြည့်ပြီး ဒီစီမံကိန်းအကြောင်း
ဖွင့်ချနိုင်ဖို့ ဓာတ်ပုံရိုက်ပြီး ပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စိုင်းသိန်းဝင်းက စက်ရုံလုံခြုံရေးက သူဓာတ်ပုံရိုက်တာကို တွေ့ပေမယ့်
မတားခဲ့ဘူး လို့လည်း ဆိုပါတယ်။