xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: $ သန်း ၈၆၀၀ ကျော်တန် ထားဝယ်ရေနက်ဆိပ်ကမ်း

Sunday, December 26, 2010

$ သန်း ၈၆၀၀ ကျော်တန် ထားဝယ်ရေနက်ဆိပ်ကမ်း



၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး သုံးပတ်အကြာ ရွေးကောက်ပွဲ အကြိုကာလ နိုဝင်ဘာ ၂ ရက်နေ့တွင် နေပြည်တော်၌ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Italian - Thai နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ ဒေါ်လာ ဂ ဒဿမ ၆ ဘီလီယံတန် ထားဝယ်ရေကန် ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်း သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြရာ ထိုစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အထူး စီးပွားရေးဇုန် (Special Economic Zone) အဖြစ် ပေါ်ပေါက်လာမည် ဖြစ်ပြီး မြန်မာ့ စီးပွားရေးကို ဆွဲတင် သွားပေတော့မည်ဟု ယူဆရသည်။
ထိုစီမံကိန်းကို ဆယ်နှစ်အတွင်း ပြီးစီးအောင် အကောင်အထည် ဖော်သွားမည် ဖြစ်ကာ အဆင့်သုံးဆင့် ပါဝင်ပြီး ရေနက် ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် ထိုင်းနိုင်ငံသို့ ကားလမ်း၊ ရထားလမ်းများဖြင့် ဆက်သွယ်ရေးတို့ ပါဝင်သည်။ စက်မှုဇုန်သည် အရှေ့တောင် အာရှဒေသ တစ်ခုလုံးတွင် အကြီးဆုံး စက်မှုဇုန် အဖြစ် ပေါ်ထွက်လာမည်ဟု ခန့်မှန်းထားကြသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ဒေသတွင်းတွင် ကုန်စည် ပို့ဆောင်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး အချက်အချာ ဌာနအဖြစ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ အရှေ့တောင်အာရှနှင့် တောင် တရုတ်ပင်လယ် နိုင်ငံများကို အိနိ္ဒယ သမုဒ္ဒရာသို့ ကပ္ပလီ ပင်လယ်ပြင်မှ တစ်ဆင့် ဆက်သွယ်ပေးမည် ဖြစ်သည်။
ထားဝယ် ရေနက်ဆိပ်ကမ်းသည် ထိုင်းပို့ကုန်များကို ဥရောပနှင့် အရှေ့ အလယ်ပိုင်းဒေသများသို့ ပို့ဆောင်ရာတွင် ရွေးချယ်စရာအသစ် ဖြစ်လာပေမည်။ ထိုင်းနိုင်ငံ၏ အဓိက ဆိပ်ကမ်းအချို့ "အ"သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပေါ် မှီခို အားထားရမှု မြင့်တက်လာမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံအဖို့ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းမှာ ရေရှည်ကို မျှော်ကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာ သုံးသပ်သူ တစ်ဦးက ပြောကြားသည်။
ထားဝယ်ရေနက် စီမံကိန်းသည် အာရှ အနောက်ခြမ်းနှင့် အာရှ အရှေ့ခြမ်း အကြား မြေသား တံတားထိုးခြင်း Land Bridge ဟု အာရှ စီးပွားရေး သတင်းများက ဖော်ပြသည်။
ယခုကဲ့သို့ ထားဝယ် ရေနက် စီမံကိန်း ဖော်ဆောင်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပထ၀ီဝင် နိုင်ငံရေးအရ တန်ဖိုး ပိုမို မြင့်တက်လာမည်ဖြစ်ပြီး အနီးစပ်ဆုံးအားဖြင့် စူးအက်တူးမြောင်းနှင့် အိမ်ရှင်နိုင်ငံ အီဂျစ်တို့၏ အနေအထားကို ယှဉ်ကြည့်ခြင်းဖြင့် သိနိုင်သည်။
ဘန်ကောက်နှင့် ထားဝယ်မြို့သည် ကီလိုမီတာ ၅၀၀ ခန့်သာ ကွာဝေးသောကြောင့် ယခုစီမံကိန်း လမ်း ဖောက်လုပ်ပြီးသွားလျှင် ထိုင်းပင်လယ်ကွေ့နှင့် စင်ကာပူနိုင်ငံအား ပတ်သွားနေရသည့် ပင်လယ် ခရီးလမ်းကြောင်းကို ချုံ့ပစ်နိုင်မည်ဖြစ်ကာ တောင်အာရှ၊ အာဖရိက တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းရှိ ဈေးကွက်များနှင့် ပိုမို နီးကပ်သွားမည်ဖြစ်ကြောင်း ထိုင်းစီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀န်း၏ သုံးသပ်ချက်ကို သတင်းစာများက ရေးသား ဖော်ပြသည်။
ထိုင်း ကုန်တင် သင်္ဘောများသည် မလက္ကာ ရေလက်ကြားကို ပတ်ကာ အိနိ္ဒယသမုဒ္ဒရာသို့ သွားရောက် ရသည့်ကာလသည် သုံးပတ်ခန့်ကြာသော်လည်း ကားလမ်းဖြင့်မူ ဘန်ကောက်-ရန်ကုန် ခရီးလမ်း မကောင်းသည့် အခြေအနေတွင်ပင်လျှင် လေးရက်ခန့်သာ ကြာသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း ပုံပေါ်လာလျှင် စင်ကာပူ၏ ဈေးကွက်အချို့ကို ယင်း ရေနက်စီမံကိန်းက ရနိုင်သည့်အတွက် အနစ်နာဆုံးမှာ စင်ကာပူဖြစ်နိုင်သည်။
အဆိုပါ စီမံကိန်းသည် ထိုင်းနိုင်ငံ၏ အဓိကဆိပ်ကမ်းနှင့် စက်မှုဇုန်ထက် ဆယ်ဆ ကြီးမားကြောင်း အဆိုပါ စီမံကိန်းကို လေ့လာခဲ့သည့် ထိုင်းနိုင်ငံ ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌ၏ ပြောကြားချက်ကို နာမည်ကျော် စီးပွားရေး သတင်းဌာန ဖြစ်သည့် Bloomberg သတင်းတွင် ဖော်ပြထားသည်။
ယခုစီမံကိန်းသည် Italian - Thai ၏ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး စီမံကိန်းဖြစ်ကာ ဂျပန်နိုင်ငံတွင် သံမဏိ အများဆုံး ထုတ်လုပ်သူ Nippon Steel Corporation နှင့် ထိုင်းနိုင်ငံရှိ စွမ်းအင် အကြီးဆုံး ထုတ်လုပ်သူ PTT တို့ အပါအ၀င် တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီး မြှုပ်နှံသူများသည် အဆိုပါ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ထိုင်း ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့ (National Economics and Social Development) မှ လေ့လာ ဆန်းစစ်သူတစ်ဦးက ထိုင်းနိုင်ငံတွင်းနှင့် ပြည်ပမှ ပုဂ္ဂလိက ကုမ္ပဏီများသည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဆောက်လုပ်သူအဖြစ် လည်းကောင်း၊ ရင်းနှီး မြှုပ်နှံသူများအဖြစ် လည်းကောင်း ပါဝင်ရန် စိတ်ဝင်စား နေကြောင်း အောက်တိုဘာ လအတွင်းက ပြောကြားချက်ကို Blooberg တွင် ဖော်ပြထားသည်။
Italian - Thai ကုမ္ပဏီ၏ ရှယ်ယာများသည် ယခုနှစ်အတွင်း ၈၅ ရာခိုင်နှုန်းခန့် မြင့်တက်နေခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့ လက်မှတ်ရေးထိုးအပြီး နောက်တစ်ရက် နိုဝင်ဘာလ ၃ ရက်တွင် ရှယ်ယာဈေးနှုန်း ၇ ရာခိုင်နှုန်း မြင့်တက် သွားခဲ့သည်။
Italian - Thai ကုမ္ပဏီကို ၁၉၅၈ ခုနှစ်က အီတလီနှင့် ထိုင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပူးပေါင်းကာ စတင် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ၏ အဓိက ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို လုပ်ကိုင်ခဲ့ကာ ထိုင်း သုဝဏ္ဏဘူမိ အပြည် ပြည်ဆိုင်ရာ လေဆိပ်ကို တည်ဆောက်ခဲ့သည်။
ယင်းစီမံကိန်းကို BOT - (Build Operate and Transfer တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်သွားမည်ဖြစ်ပြီး ကာလမှာ နှစ် ၆၀ ဖြစ်သည်။
ထိုစီမံကိန်း စက်မှုဇုန်တွင် အကြီးစား စက်မှုလုပ်ငန်းများ ဖြစ်သည့် သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ ပါဝင်မည် ဖြစ်သည်။ ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရိ အကြား ကားလမ်း၊ ရထားလမ်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတို့ ဆက်သွယ်မည် ဖြစ်သည်။
ထားဝယ် ရေနက်စီမံကိန်း၏ ထိုင်းနိုင်ငံ အဝေးပြေး ကားလမ်းသည် ဘန်ကောက်ြမို့ သို့ တင်ပို့ ဆက်သွယ် သွားမည်ဖြစ်ရာ ဘန်ကောက်မြို့မှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ ဆီဆိုဖွန်းမြို့ကို ဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံ ဗန်တောင်မြို့နှင့် ကွမ်နွန်မြို့သို့ ဆက်သွယ်သည့် Greater Mekong Subregion Southem Corridor မဲခေါင်ဒေသကြီး တောင်ပိုင်း စင်္ကြံလမ်းမကြီးနှင့် ချိတ်ဆက်ကာ အဝေးပြေးလမ်းမကြီး ဖောက်လုပ်သွားမည် ဖြစ်သောကြောင့် အာရှအရှေ့နှင့် အနောက် စီးပွားရေးစင်္ကြံ East - West Corridor တွင် ပဓာနကျသော နေရာ ဖြစ်လာပေမည်။
မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတွင် အထက်ပါ လမ်းကြောင်းအပြင် နောက်ထပ် လမ်းကြောင်း နှစ်ကြောင်း ရှိနေသေးသည်။ မော်လမြိုင်မြို့မှ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ ဆိပ်ကမ်းအထိ ဖောက်လုပ်မည့် အရှေ့နှင့် အနောက်လမ်းကြောင်းသည် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ် တို့ကို ကားလမ်းဖြင့် ဆက်သွယ်သွားမည်ဖြစ်ကာ မြ၀တီ-မော်လမြိုင် အပိုင်းကို ထိုင်းကုမ္ပဏီများက ဆောက်လုပ်လျက် ရှိသည်။ မော်လမြိုင်နှင့် ထားဝယ်ကားလမ်းမှာ တည်ရှိပြီးဖြစ်ရာ ထိုလမ်းကြောင်းကို အဆင့်မြင့် တင်လိုက်ရုံဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်းသည် အရှေ့နှင့် အနောက် လမ်းကြောင်းနှင့် ဆက်သွယ်မိပေမည်။
မြောက်-တောင် စီးပွားရေး လမ်းကြောင်းသည် မြန်မာနှင့် လာအိုတို့ကိုဖြတ်ကာ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် တရုတ်နိုင်ငံ ကူမင်းကို ဆက်သွယ်ထားသည်။
ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွင် တောင်ပိုင်း ဆိပ်ကမ်းနှင့် မြောက်ပိုင်း ဆိပ်ကမ်းဟု နှစ်ခုရှိပြီး ဆိပ်ခံတံတား နှစ်ခုတွင် တန်ချိန် ၂၀,၀၀၀ မှ ၅၀,၀၀၀ ရှိ သင်္ဘောစင်းရေ ၂၅ စင်း တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်ကာ တစ်နှစ်လျှင် ကုန်စည် မက်ထရစ်တန်ချိန် သန်း ၁၀၀ ခန့် ကိုင်တွယ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ စီမံကိန်းတွင် စက်မှုဇုန်နယ်မြေ တည်ဆောက်ရန် မြေဧရိယာ စတုရန်း ကီလိုမီတာ ၂၅၀ သတ်မှတ်ထားပြီး ထိုစက်မှုဇုန်နယ်မြေတွင် မြေဧရိယာ ၂၀ ဒသမ ၉ စတုရန်း ကီလိုမီတာရှိ အကြီးစား စက်မှုဇုန် နှစ်ခု၊ မြေဧရိယာ ၆၅ ဒသမ ၁ စတုရန်း ကီလိုမီတာရှိ အလယ်အလတ် စက်မှုဇုန်တစ်ခု၊ မြေဧရိယာ ၄၃ စတုရန်း ကီလိုမီတာရှိ လမ်းနှင့် ပန်းခြံများ ပါဝင်သည့် အများသုံး နယ်မြေနှင့် မြေဧရိယာ စတုရန်း ကီလိုမီတာ ၂၀ ရှိ မြို့ပြ လူနေအိမ်ရာများ ပါဝင်သည်။
စီမံကိန်း တစ်ခုလုံးအတွက် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်သည့် လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း နယ်မြေအတွင်း လိုအပ်သော ရေ ဖြန့်ဝေနိုင်ရေးအတွက် ရေထုထည် ပမာဏ ကုဗမီတာ ၂၁၉ သန်း သိုလှောင်နိုင်သည့် ရေလှောင်တမံ တည်ဆောက်ကာ တစ်ရက်လျှင် ရေ ကုဗမီတာ ၉၇၅,၀၀၀ ထုတ်လုပ်နိုင်သည့် ရေသန့်စက်ရုံက ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။
အထူးစီးပွားရေးဇုန် ဖြစ်ထွန်းလာလျှင် ထိုထားဝယ် ရေနက်ဆိပ်ကမ်း ဇုန်အတွင်း နိုင်ငံခြားငွေ လွတ်လပ်စွာ ကိုင်ဆောင်ခွင့်၊ နိုင်ငံတကာ ဘဏ်များ၊ နိုင်ငံတကာ အဆင့်မီ လုပ်ထုံးလုပ်နည်းများပါ ပုံပေါ်လာမည် ဖြစ်သည်။ အိမ်ရှင်နိုင်ငံအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ နိုင်ငံတကာ အဆင့် စီမံခန့်ခွဲမှုများနှင့် ရင်းနှီး သင်ယူခွင့်ရခြင်း၊ နည်းပညာ ပေါင်းကူးခြင်း၊ နိုင်ငံ၏ အခြားဒေသများတွင် ရင်းနှီးမြှုပ်နှံမှု စီးဝင်လာခြင်း စသည့် များမြောင်လှသော စီးပွားရေး အခွင့်အလမ်းများစွာ ရရှိလာမည် ဖြစ်သည်။ မြင်သာသော အကျိုးစီးပွား အဖြစ် ထိုစီမံကိန်းကို ပံ့ပိုးပေးမည့် ၀န်ဆောင်မှု လုပ်ငန်းများ အကျိုး ခံစားရကာ Service Industry ကြီးထွားလာမည်။
ပထမအဆင့်အဖြစ် လေးလမ်းသွား ထားဝယ်-ကန်ချနာဘူရိ ကားလမ်း ဖောက်လုပ် ပြီးစီးသွားပါက ကနဦး အကျိုး ခံစားရမှုအဖြစ် ကမ္ဘာလှည့် ခရီးသည် တစ်နှစ်လျှင် ၁၄သန်း လက်ခံ ရရှိနေသည့် ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသည်များ တနင်္သာရီတိုင်းသို့ ပိုမို ၀င်ရောက်လာဖွယ် ရှိသည်။ ကန်ချနာဘူရိတွင် နာမည်ကျော် သေမင်းတမန် ရထားလမ်းပေါ်ရှိ ကွေးမြစ်တံတား Birdge Over River Kway သည် ကမ္ဘာလှည့် ခရီးသည်များ အဓိက ဆွဲဆောင်ရာ နေရာဖြစ်ပြီး အဆိုပါဒေသမှ ခရီးသည်များ ၀င်ရောက်လာရန် အခွင့်အလမ်းများ ရှိနေသည်။
မြန်မာနိုင်ငံသည် ယမန်နှစ်က ထိုင်းနိုင်ငံသို့ ပို့ကုန်အဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ပြီး ၃၈ ဒသမ ၄ ရာခိုင်နှုန်းမှာ ဓာတ်ငွေ့ရောင်းချမှုမှ ရရှိခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံဖိုး ရင်းနှီးမြုပ်နှံ ထားသဖြင့် တရုတ်၊ ဟောင်ကောင်တို့ကို ဖြတ်ကျော်ကာ ထိပ်တန်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိပြီး ထားဝယ် ရေနက်ဆိပ်ကမ်း ပုံပေါ်လာသည်နှင့်အတူ မြန်မာ-ထိုင်း စီးပွားရေး ဆက်ဆံမှု ပိုမို မြင့်တက်လာမည် ဖြစ်သည်။