(၂၀၁၀
ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့
ဆောင်းပါး ဖြစ်ပါတယ်။ အတိုက်အခံများက ကလေး ကြေညာချက်နဲ့ ဒုတိယ ပင်လုံညီလာခံ
လှုပ်ရှားမှုကို စတင်အပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ၂၁ရာစု ပင်လုံ ညီလာခံအဖြစ်
အဲဒီအယူအဆကို ထပ်ဆင့်ပုံဖော်ခဲ့ အပြီးမှာ ပထမဆုံး ပေါ်ထွက်လာတဲ့ အစိုးရရဲ့
သဘောထား ဖြစ်ပါတယ်။)
မြန်မာ့နိုင်ငံရေး
အကြောင်း ပြောလျှင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ချန်ထား၍ မရပေ။
မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်များကို ပြန်လည် သုံးသပ်လိုက်လျှင်
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ရရှိအောင် ကြိုးပမ်းမှုများ၊
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်မှုများ၊
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပြိုကွဲရသည့် အတွက် ဖြစ်ပေါ်ခဲ့ရသည့်
ပဋိပက္ခများ၊ ထိုပဋိပက္ခများကြောင့် ပေါ်ပေါက် ခဲ့ရသည့် တည်ငြိမ်
အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ပျက်ပြား ခဲ့ရသည့် အဖြစ်များ
စသည်တို့က နေရာ အတော် များများ ယူထားသည်ကို တွေ့ရမည် ဖြစ်သည်။
မြန်မာနိုင်ငံ
လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကပင် မျိုးချစ် ခေါင်းဆောင်များ အနေဖြင့်
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၏ လိုအပ်ချက်ကို နားလည်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံ သူ့ကျွန်ဘဝ ရောက်ပြီးသည်နှင့် တစ်ပြိုင်နက်
ပေါ်ပေါက် လာခဲ့သည့် နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဗမာ၊ ရှမ်း၊
ကရင်၊ ချင်း၊ ကယား စသည့် တိုင်းရင်းသား ခေါင်းဆောင်များသည် နီးစပ်ရာ
ပူးပေါင်းပြီး နယ်ချဲ့ ဗြိတိသျှတို့အား တွန်းလှန် တိုက်ခိုက်ခဲ့သည်ကို
တွေ့နိုင်ပါသည်။ သို့သော် စုစည်း ညီညွတ်သည့် ခေါင်းဆောင်မှု မရှိသည့်အတွက်
နယ်ချဲ့ ဗြိတိသျှတို့က တော်လှန်ရေး အင်အားစု တစ်ခုချင်းကို အလွယ်တကူ
ဖြိုခွင်းနိုင်ခဲ့ ပေသည်။ မြန်မာ့တော်လှန်ရေး အင်အားစုများကို
နှိမ်နင်းနိုင်ခဲ့ပြီး နောက်ပိုင်းတွင်မူ နယ်ချဲ့ဗြိတိသျှတို့ အနေဖြင့်
၎င်းတို့၏ အုပ်ချုပ်မှုကို ခုခံတွန်းလှန်မည့် တော်လှန်ရေး အင်အားစုကြီး
တစ်ရပ် ပေါ်ထွက် မလာစေရန် အတွက် မြန်မာနိုင်ငံ အုပ်ချုပ်ရေး စနစ်ကို
အစီအစဉ်ရှိရှိ ချမှတ် လုပ်ဆောင်ခဲ့သည်။
တတိယ
အင်္ဂလိပ်- မြန်မာ စစ်ပွဲ ပြီးဆုံးပြီးနောက် အထက် မြန်မာနိုင်ငံကို
ဗြိတိသျှနယ်ချဲ့တို့ အုပ်ချုပ်မှု အောက်သို့ သွတ်သွင်း ခဲ့ချိန်တွင်
အောက်မြန်မာ နိုင်ငံ၌ ဗြိတိသျှ အုပ်ချုပ်မှု စနစ်မှာ အခြေကျနေပြီ ဖြစ်သည်။
ထို့ကြောင့် အောက်မြန်မာ နိုင်ငံရှိ အုပ်ချုပ်ရေး စနစ်ကို အထက်မြန်မာ
နိုင်ငံသို့ တိုးချဲ့ရန်သာ ရှိတော့သည်။ သို့သော်
ဗြိတိသျှ နယ်ချဲ့တို့ကို ဆန့်ကျင် တော်လှန်သည့် လှုပ်ရှားမှုများ နောက်ထပ်
မပေါ်ပေါက်စေရေး အတွက် တားဆီးရန် ဆုံးဖြတ်ထားသော နယ်ချဲ့တို့က ၁၈၈၆ခုနှစ်
မေလ ၄ရက်နေ့တွင် ရှမ်းပြည်နယ်ကို ချန်လှပ်ပြီး ကျန်အထက် မြန်မာနိုင်ငံ
နယ်မြေများကို ဇယားဝင် စီရင်စုနယ် (Scheduled District) အဖြစ်
သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင်မူ ၁၈၉၅ ခုနှစ်တွင် ကချင်တောင်တန်း
လူမျိုးများ ဥပဒေ၊ ၁၈၉၆ ချင်းတောင်တန်း လူမျိုးများ ဥပဒေတို့ကို
ထပ်မံပြဌာန်းပြီး ကချင်လူမျိုးနှင့် ချင်းလူမျိုးများကို သီးခြားခွဲခြား
အုပ်ချုပ်ခဲ့သည်။ ထိုကဲ့သို့ တောင်တန်း ဒေသများကို ခွဲခြား
အုပ်ချုပ်ခဲ့မှုကို ဒုတိယ ကမ္ဘာစစ် ဖြစ်ချိန်အထိ ဆက်လက်
ကျင့်သုံးခဲ့သောကြောင့် ၁၉၂၃ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေးစနစ် ပြောင်းလဲ
ကျင့်သုံးချိန်တွင် လည်းကောင်း၊ ၁၉၃၅ ခုနှစ် ၉၁ ဌာန အုပ်ချုပ်ရေးကို
ပြောင်းလဲ ကျင့်သုံးချိန်တွင် လည်းကောင်း၊ ရှမ်း၊ ကချင်၊ ချင်းလူမျိုးများ
နေထိုင်ရာ ဒေသများကို မြန်မာပြည် အုပ်ချုပ်ရေး အတွင်းမှ ခွဲထုတ်ကာ အပိုင်း
၁နှင့် အပိုင်း ၂ နယ်မြေများ အဖြစ် သတ်မှတ်ပြီး ဘုရင်ခံ၏ တိုက်ရိုက်
အုပ်ချုပ်မှု အောက်တွင် ထားရှိခဲ့သည်။ သို့သော် တိုင်းရင်းသား
လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား အုပ်ချုပ်ရေး စနစ်ကို သီးခြားစီ ခွဲခြား
သတ်မှတ်ထားခဲ့သည့် အတွက် တောင်တန်း ဒေသများ တွင်ပင်လျှင် အုပ်ချုပ်ရေးစနစ်
အမျိုးမျိုး ကွဲပြားနေခဲ့သည်။
ဤကဲ့သို့
တောင်တန်း ဒေသများကို လူမျိုးရေး၊ နိုင်ငံရေးအရ ခြွဲခား အုပ်ချုပ်
ထားခဲ့ခြင်းကြောင့် တောင်တန်း ဒေသများသည် မြန်မာ ပြည်မအတွင်း ဖြစ်ပေါ်နေသည့်
နိုင်ငံရေး တိုးတက်မှုများ၊ လွတ်လပ်ရေး ကြိုးပမ်းမှုများနှင့် အဆက်ပြတ်
နေခဲ့ရသည်။ ထို့ပြင် ဗြိတိသျှ နယ်ချဲ့တို့သည် တိုင်းရင်းသား
လူမျိုးစုများကို ခွဲခြား အုပ်ချုပ်ရုံ သာမက ပြည်မတွင် ၄င်းတို့ အလိုတော်ရိ
အမျိုးသား ဓနရှင်များကို အုပ်ချုပ်ရေး၊ နိုင်ငံရေးတွင် တာဝန်ပေးခြင်း၊
တောင်တန်း ဒေသများတွင် စော်ဘွားများ၊ စောဖျာများ၊ ဒူးဝါးများကို
သက်ဦးဆံပိုင် အာဏာများ ပေးအပ်ြပီး ၄င်းတို့ ကိုယ်စား အုပ်ချုပ်ခွင့်
ပြုခြင်းဖြင့် တိုင်းရင်းသားများ အတွင်း လူတန်းစား ကွဲပြားမှုများ
ပေါ်ပေါက်ကာ စည်းလုံး ညီညွတ်သည့် နိုင်ငံရေး အင်အားစုများ ပေါ်ပေါက် မလာအောင်
လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့်
ဗြိတိသျှ နယ်ချဲ့တို့သည် မြန်မာနိုင်ငံတွင် အမျိုးသား စည်းလုံး
ညီညွတ်မှုကို ပြိုကွဲစေရန် အတွက် အောက်ပါ သွေးခွဲ အုပ်ချုပ်မှု နည်းလမ်း
သုံးခုကို ကျင့်သုံးခဲ့သည်ဟု ဆိုရမည်ဖြစ်သည်-
(က) တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ဒေသများကို ခွဲခြား အုပ်ချုပ်ခြင်းဖြင့် ပထဝီ အနေအထားအရ သွေးကွဲမှုကို ဖြစ်ပေါ်စေခြင်း။
(ခ)
တိုင်းရင်းသား လူမျိုးစုများ အတွင်း အုပ်ချုပ်ရေးစနစ် အမျိုးမျိုးကို
ကျင့်သုံးပြီး အခွင့်အရေးများကို ခွဲခြား သတ်မှတ် ပေးခြင်းဖြင့်
လူမျိုးရေးအရ သွေးကွဲမှုကို ဖြစ်ပေါ်စေခြင်း။
(ဂ) အုပ်ချုပ်ရေး အရ လွယ်ကူစေရန် အတွက် အလိုတော်ရိများကို အသုံးချခြင်းကြောင့် လူတန်းစားအရ သွေးကွဲမှုကို ဖြစ်ပေါ်စေခြင်း။
ထိုကဲ့သို့
လုပ်ဆောင် ခဲ့ခြင်းကြောင့် ၁၉၄၅ခုနှစ် မတိုင်မီအထိ မြန်မာ့နိုင်ငံရေးတွင်
တောင်တန်း ဒေသများ အနေနှင့် ပြည်မရှိ နိုင်ငံရေး လှုပ်ရှားမှုများတွင်
ပါဝင်ခြင်း မရှိခဲ့သည့် အပြင် ပြည်မမှ နိုင်ငံရေး သမားများ တောင်တန်း
ဒေသများသို့ လာရောက်ခြင်းကိုပင် တားဆီးခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။
တစ်ဖက်ကလည်း မြန်မာပြည်မ အတွင်းတွင် ကိုယ်ပိုင် အုပ်ချုပ်ရေး၊ လွတ်လပ်ရေး
အတွက် ရည်ရွယ် လှုပ်ရှားခဲ့သည့် နိုင်ငံရေး အဖွဲ့အစည်းများ ဖြစ်သည့်
ဂျီစီဘီအေ၊ ဒို့ဗမာ အစည်းအရုံး စသည် တို့မှာလည်း နယ်ချဲ့တို့၏ သွေးခွဲမှု၊
မက်လုံးပေး သွေးဆောင်မှု များကြောင့် လေးဖွဲ့၊ နှစ်ဖွဲ့ စသည်ဖြင့် အကွဲကွဲ
အပြားပြား ဖြစ်ခဲ့ရသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ်အပြီး
လွတ်လပ်ရေး ကြိုးပမ်းမှုများ ပေါ်ပေါက် လာချိန်တွင်မူ ဗိုလ်ချုပ်အောင်ဆန်း
ခေါင်းဆောင်သည့် မျိုးချစ် နိုင်ငံရေး သမားများနှင့် တပ်မတော်
ခေါင်းဆောင်များက မြန်မာ့ နိုင်ငံရေး အင်အားစုများ အတွင်း နိုင်ငံရေးအရ
စုစည်း ညီညွှတ်မှု ရရှိစေရန် အတွက် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး
အဖွဲ့ချုပ် (ဖဆပလ)ကို တည်ထောင်ခဲ့သည်။
သို့သော်
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဖဆပလ အဖွဲ့ကြီးက မြန်မာနိုင်ငံ
လွတ်လပ်ရေး အတွက် ဗြိတိသျှ တို့နှင့် အရေး ဆိုရာတွင် တောင်တန်း ဒေသများ
အရေးက ရှေ့တန်း ရောက်လာသည်။ မြန်မာ့ လွတ်လပ်ရေး အတွက် ဗိုလ်ချုပ် အောင်ဆန်း
ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ
ဗြိတိန်နိုင်ငံသို့ သွားရောက် ချိန်တွင် ဗြိတိသျှ တို့ ဘက်က
ရှမ်းစော်ဘွားများက ဗိုလ်ချုပ်တို့ ကိုယ်စားလှယ် အဖွဲ့သည် ၄င်းတို့ကို
ကိုယ်စားမပြုကြောင်း အကြောင်းကြားခဲ့ သည့် ကြေးနန်းစာကို ထောက်ပြီး
တောင်တန်း ဒေသများ အနေဖြင့် ပြည်မနှင့် ပူးပေါင်းပြီး လွတ်လပ်ရေး
ရယူလိုခြင်း ရှိ မရှိ အရင် စုံစမ်းသင့်သည်ဟု ဆွေးနွေးခဲ့သည်။ ထို့ကြောင့်
အောင်ဆန်း- အက်တလီ စာချုပ် ချုပ်ဆိုရာတွင် လွတ်လပ်ရေး ရယူရာ၌ တောင်တန်း
ဒေသများ၏ သဘောထားကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းရန် ဆိုသည့်
အချက်ကို မြန်မာဘက်က သဘောတူ ခဲ့ရသည်။
ထို့ကြောင့်
ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်း ဒေသများမှ တိုင်းရင်းသား
ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို
တည်ဆောက်ကာ လွတ်လပ်ရေးကို အရယူနိုင်ရန် အတွက် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ လတွင်
ပင်လုံ ညီလာခံကို ကျင်းပခဲ့ရခြင်း ဖြစ်သည်။ သို့တိုင်အောင်
ပင်လုံညီလာခံတွင် တောင်တန်းဒေသ များ၌ ပါဝင်သည့် ကချင်၊ ချင်းနှင့်
ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် များသာ တက်ရောက်ခဲ့ပြီး နောက်ထပ်
တောင်တန်း ဒေသတစ်ခုဖြစ်သည့် သံလွင်ခရိုင်မှ ကရင်တိုင်းရင်းသား
ကိုယ်စားလှယ်များ ကမူ ပါဝင် ဆွေးနွေးခြင်း မရှိဘဲ လေ့လာသူ အဖြစ်သာ
တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ တောင်တန်းဒေသတွင် မပါဝင်သော ရခိုင်၊ မွန်၊ ကယား
စသည့် တိုင်းရင်းသား များသည် လည်းကောင်း၊ ရှမ်းစော်ဘွားများ ပဒေသရာဇ်
စနစ်ဖြင့် အုပ်ချုပ်ထားသည့် ကျန်တိုင်းရင်းသား လူမျိုးများ ဖြစ်သော
ပအိုဝ်း၊ ပလောင်၊ ဓနု၊ ဝ၊ ကိုးကန့်၊ လားဟူ စသည့် တိုင်းရင်းသား
လူမျိုးများသည် လည်းကောင်း ပင်လုံ ညီလာခံတွင် ပါဝင်ခဲ့ခြင်း မရှိသည်ကို
တွေ့ရမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ပင်လုံညီလာခံသည် တောင်တန်းဒေသ
အပါအဝင် မြန်မာနိုင်ငံ တစ်ခုလုံး အတူတကွ လွတ်လပ်ရေး ရယူနိုင်အောင်
လိုအပ်သည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက် နိုင်ခဲ့သည်ကို
တွေ့ရသည်။ ထို့ကြောင့် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတွင် မြန်မာနိုင်ငံ
အနေဖြင့် အတိုင်းအတာ တစ်ခုအထိ အမျိုးသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်
နိုင်ခဲ့သည် ဟုလည်း ဆိုနိုင်ပါသည်။
လွတ်လပ်ရေး
ကြိုးပမ်းမှု ကာလအတွင်း ကြိုးပမ်း တည်ဆောက် ခဲ့ရသည့် အမျိုးသား စည်းလုံး
ညီညွတ်ရေးသည် လွတ်လပ်ရေး ရပြီးနောက် အယူအဆ ရေးရာ ကွဲပြားမှု၊ ဝါဒရေးရာ
ကွဲပြားမှု၊ လူမျိုးရေး အစွန်းရောက်မှု များကြောင့် လျင်လျင်မြန်မြန်ပင်
ပြန်လည်ပြိုကွဲ သွားခဲ့ရသည်။ ထိုအချိန်က အာဏာရ အစိုးရဖြစ်သည့် ဖဆပလ
အစိုးရသည် ပြိုကွဲနေသည့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို
တည်ဆောက်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ၄င်းတို့ ပါတီ အတွင်း၌ပင်
ပုဂ္ဂိုလ်ရေးအရ အကွဲအပြဲများ ဖြစ်ပေါ်နေသဖြင့် ထိထိရောက်ရောက်
ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ၁၉၆ဝ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော
ဦးနု၏ ပထစ အစိုးရသည်လည်း ရခိုင်၊ မွန်နှင့် ချင်းပြည်နယ် တည်ထောင်ရေး
ကိစ္စများ၊ ရှမ်းပြည်နယ်၏ အခွင့်အရေး ဆိုင်ရာ ပြဿနာများ စသည့် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေဆိုင်ရာ ကိစ္စများကို ဆွေးနွေးနိုင်ရန် အတွက် ၁၉၆၂ခုနှစ်
ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား
ကိုယ်စားလှယ်များ တက်ရောက်သည့် အမျိုးသား ညီလာခံ တစ်ရပ်ကို ကျင်းပခဲ့သည်။
သို့သော် ထိုဆွေးနွေးပွဲတွင် ရှမ်းစော်ဘွားများက ၄င်းတို့
တောင်းဆိုချက်များ မရလျှင် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အတွင်းမှ
ခွဲထွက်ရန် အထိ ကြိုးပမ်းလုပ်ဆောင် လာသောကြောင့် ၁၉၆၂ခုနှစ် မတ်လ
၂ရက်နေ့တွင် တော်လှန်ရေး ကောင်စီက နိုင်ငံတော် အာဏာကို လွဲပြောင်း
ရယူခဲ့ရတော့သည်။
တော်လှန်ရေး
ကောင်စီသည်လည်း အမျိုးသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ရန် အတွက်
ဆက်လက် လုပ်ဆောင် ခဲ့သည်ကို တွေ့ရသည်။ တိုင်းရင်းသား စည်းလုံး
ညီညွတ်ရေးနှင့် ပတ်သက်လျှင် တိုင်းရင်းသား လူမျိုးများ အရေးနှင့် ပတ်သက်၍
တော်လှန်ရေး ကောင်စီ၏ ခံယူချက်ကို ထုတ်ပြန်ခြင်း၊ ပြည်တွင်း သောင်းကျန်းမှု
ပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ
ကျင်းပခြင်း တို့သည် တော်လှန်ရေး ကောင်စီ၏ အမျိုးသား ပြန်လည်စည်းလုံး
ညီညွတ်ရေး အတွက် ဦးတည်လုပ်ဆောင်ချက် များပင် ဖြစ်သည်။ ထို့ပြင် ပါလီမန်
ဒီမိုကရေစီ ခေတ်တွင် နိုင်ငံရေးပါတီ အမျိုးမျိုး၊ ဝါဒ အမျိုးမျိုးကို
ကျင့်သုံး ခဲ့သောကြောင့် စည်းလုံး ညီညွတ်မှု ပျက်ပြားပြီး လွတ်လပ်ရေး
ကြိုးပမ်းမှု ကာလ အတွင်းက မျှော်မှန်းခဲ့သည့် ဆိုရှယ်လစ် ပန်းတိုင်နှင့်
အလှမ်းဝေးခဲ့ရသည်ဟု သင်ခန်းစာ ဖော်ထုတ်ပြီး တစ်ခုတည်းသော ဦးဆောင်ပါတီ၏
အောက်တွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ စည်းလုံး ညီညွတ်စွာနှင့်
ပါဝင် ဆောင်ရွက်ကြနိုင်ရန် တစ်ပါတီ စနစ်ကို ကျင့်သုံးမည်ဟု ဆုံးဖြတ်ခဲ့သည်
ကိုလည်း တွေ့ရသည်။ သို့သော် လက်တွေ့တွင်မူ အရင်းရှင် ပါလီမန် ဒီမိုကရေစီ
စနစ်ကိုပင် ကြိုက်နှစ်သက်သော ပထစနှင့် ဖဆပလ ခေါင်းဆောင်များ၊
လက်ဝဲစွန်းရောက် ကွန်မြူနစ်များ၊ လူမျိုးရေး အစွန်းရောက် ဝါဒီများ အနေဖြင့်
တစ်ပါတီ စနစ် အတွင်းတွင် ပါဝင်လာခြင်း မရှိဘဲ နိုင်ငံတော်ကို ဆက်လက်
ဆန့်ကျင် တိုက်ခိုက် နေခြင်းကြောင့် မျှော်မှန်းထားသည့် အမျိုးသား စည်းလုံး
ညီညွတ်မှုကို တည်ဆောက် နိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ခဲ့ရပါသည်။
၁၉၈၈ခုနှစ်
ဆူပူမှု အရေးအခင်း ကာလတွင်မူ မြန်မာနိုင်ငံ၏ အမျိုးသား စည်းလုံး ညီညွတ်ရေး
အခြေအနေသည် အဆိုးရွားဆုံး ကာလသို့ ရောက်ခဲ့သည်ဟု ဆိုရပေမည်။ ထိုအခြေအနေ
အောက်တွင် နိုင်ငံတော် အာဏာကို လွှဲပြောင်း ရယူခဲ့သော တပ်မတော်
အစိုးရသည်လည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ရန် အတွက်
အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ခဲ့ရသည်။ သို့သော် တပ်မတော် အစိုးရသည် ယခင်
အစိုးရ အဆက်ဆက်က အမျိုးသား စည်းလုံး ညီညွတ်ရေး တည်ဆောက်ရာတွင် မအောင်မမြင်
ဖြစ်ခဲ့ရသည့် အကြောင်းအရင်း များကို ဖော်ထုတ်ပြီး ယခင် အစိုးရများ နှင့်
ကွဲပြား ခြားနားသည့် ချဉ်းကပ်ပုံ နည်းလမ်းများကို အသုံးပြုခဲ့သည်ကို
တွေ့ရမည်ဖြစ်သည်။
နိုင်ငံရေးအရ
နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ၉ဝ ရွေးကောက်ပွဲတွင် ရွေးချယ်ခံ
ထားရသော ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်များ၊
တောင်သူ လယ်သမား ကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာရှင်
ကိုယ်စားလှယ်များ၊ နိုင်ငံဝန်ထမ်း ကိုယ်စားလှယ်များ၊ ဥပဒေဘောင် အတွင်း
ဝင်ရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ အပါအဝင် အခြား
ဖိတ်ကြားသင့်သည့် ကိုယ်စားလှယ်များ စသည့် ညီလာခံ ကိုယ်စားလှယ် အစုအဖွဲ့
ရှစ်ဖွဲ့ပါဝင်သည့် အမျိုးသား ညီလာခံကို ကျင်းပပြီး အနာဂတ် နိုင်ငံတော်
ဖွဲ့စည်းပုံအတွက် အခြေခံရမည့် မူများ၊ အသေးစိတ် အခြေခံရမည့် မူများကို
ချမှတ်ခဲ့သည်။ ထိုအမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်
တစ်ထောင်ကျော် အနက် တိုင်းရင်းသား ကိုယ်စားလှယ် ခြောက်ရာကျော် ပါဝင်ခဲ့သည့်
အတွက် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၂၅မြို့နယ်မှ တစ်မြို့နယ်လျှင်
တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦး အနည်းဆုံး ပါဝင်သည်ဟု ဆိုနိုင် ပါသည်။
ထိုကိုယ်စားလှယ် များသည် ပါတီစွဲ၊ ဝါဒစွဲ ကင်းကင်းဖြင့် အမျိုးသား
အကျိုးစီးပွား ကိုသာ ရှေးရှုပြီး အနာဂတ် နိုင်ငံတော် တည်ဆောက်မှု
ပုံသဏ္ဌာန်ကို ဆွေးနွေး ခဲ့ကြခြင်းကြောင့် အမျိုးသား ညီလာခံတွင်
မြန်မာ့နိုင်ငံရေး အင်အားစု အသီးသီး ကြားတွင် အမျိုးသား ပြန်လည် စည်းလုံး
ညီညွတ်ရေးကို တည်ဆောက် နိုင်ခဲ့သည်ဟု ဆိုရပေမည်။
ထိုကဲ့သို့
နိုင်ငံရေး အရ အနာဂတ် နိုင်ငံတော် တည်ဆောက်ရာတွင် အမျိုးသားရေး အင်အားစု
အားလုံး ပါဝင်နိုင်ရန် အတွက် အမျိုးသား ညီလာခံဖြင့် ဆောင်ရွက် သကဲ့သို့
လက်နက်ကိုင် ပဋိပက္ခ များကြောင့် နယ်စပ် ဒေသများတွင် တည်ငြိမ် အေးချမ်းမှု၊
တရားဥပဒေ စိုးမိုးမှု ပျက်ပြားနေပြီး ပြည်သူများ အတိဒုက္ခ ရောက်နေမှုများကို
ရပ်တန့်နိုင်ရန် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်
အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်ခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း
အများအပြားမှာ ဥပဒေဘောင် အတွင်းသို့ ပြန်လည် ဝင်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး
လုပ်ငန်းများကို နိုင်ငံတော် အစိုးရနှင့် လက်တွဲ လုပ်ဆောင်ခဲ့သည်ကို
တွေ့ရမည် ဖြစ်ပါသည်။ ထိုငြိမ်းချမ်းရေး တည်ဆောက်မှု၏ အကျိုးဆက် အဖြစ်
အချို့လက်နက်ကိုင် အဖွဲ့များမှာ လက်နက်ကိုင် လမ်းစဉ်ကို လုံးဝ
စွန့်လွှတ်ခဲ့ပြီး ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ကာ ၂၀၁၀ ပြည့်နှစ်
ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့သည့် အခြေအနေ အထိ
ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် စစ်ရေး ပဋိပက္ခများကြောင့်
ပြိုကွဲခဲ့ရသည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကိုလည်း ငြိမ်းချမ်းရေး
နည်းလမ်းဖြင့် ပြန်လည် တည်ဆောက် နိုင်ခဲ့သည်ဟု ဆိုရပါမည်။
ထို့ပြင်
တပ်မတော် အစိုးရသည် နိုင်ငံအတွင်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
ကွဲပြား ခြားနားမှုကြောင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို
ထိခိုက်ခဲ့ရသည့် အခြေအနေကို ကုစားနိုင်ရန် အတွက် နိုင်ငံတော် အကြီးအကဲ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဦးစီးသည့် နယ်စပ်ဒေသ တိုင်းရင်းသား
လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟို ကော်မတီကို
ဖွဲ့စည်းပြီး နယ်စပ်ဒေသ ၂၁ ခုတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများကို
ဆောင်ရွက်ပေးခဲ့ သကဲ့သို့ နိုင်ငံတော် အတွင်း ဒေသတစ်ခုနှင့် တစ်ခု
ဖွံ့ဖြိုးတိုးတက်မှု အကြားအလပ် မရှိစေရေး အတွက် ဖွံ့ဖြိုးရေး ဒေသကြီး
(၂၄)ခုကို စီမံချက် ချမှတ် ဆောင်ရွက် ပေးခဲ့သည်။ အလားတူပင် နိုင်ငံအတွင်း
ဒေသတစ်ခုနှင့် တစ်ခု ပထဝီ အနေအထား အရ အဆက်အသွယ် ခက်ခဲမှုများ ပပျောက်စေရန်
အတွက် နိုင်ငံအတွင်း လမ်းတံတား ကွန်ရက်များ၊ မီးရထားလမ်း ကွန်ရက်များကို
အမျိုးသား အဆင့် စီမံကိန်းများ ချမှတ် ဆောင်ရွက် ပေးခဲ့သည်။ ဤသည်မှာ
ဖွံ့ဖြိုး တိုးတက်မှု နည်းလမ်းဖြင့် အမျိုးသား ပြန်လည် စည်းလုံး
ညီညွတ်ရေးကို တည်ဆောက် လိုက်ခြင်းပင် ဖြစ်သည်။
ဗညားအောင်