တရုတ်ပညာရှိ သုခမိန်ကြီး “တိန်းတီ”က ပြောဖူးတယ်။ “မသိဘဲ သိသည်ထင်ခြင်းသည်
မသိမှု၏ အဆုံးစွန်တည်း၊ ယုတ်မာသည်ကို မြတ်သည်။
ထင်ခြင်းသည် ယုတ်မာမှု၏ အဆုံးစွန်တည်း”ပါတဲ့။ မသိတဲ့သူတွေ၊
တစ်စိတ်တစ်ပိုင်း လောက်သာ သိတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ အလွန်သိ၊
အလွန်တတ်တယ်လို့ တစ်ခါတစ်ခါ ထင်တတ်ကြပါတယ်။ စွန်ကို ရောက်နေတဲ့ သူတွေလို့
ပြောရင်ရပါလိမ့်မယ်။
မသိတာကို သိတယ်ထင်တာ၊ နည်းနည်းကလေး သိတာကို အများကြီး သိတယ်ထင်တာ၊
ရိုးတိုးရိပ်တိပ် သိတာကို ရှင်းရှင်းလင်းလင်း သိတယ်လို့ ထင်နေတာဟာ
အလွန်ဆိုးပါတယ်။ လုံးဝမသိတာဟာ အန္တရယ်မရှိပေမယ့် မသိသလိုလို သိသလိုလိုတွေက
အလွန်အန္တရယ်ကြီးပါတယ်။ ရိုးသားတဲ့စိတ်ကို အခြေခြံပီး တစ်စိတ်တစ်ပိုင်းပဲ
သိရင်တစ်စိတ်ပဲ သိပါတယ်။ ဆက်ပြီးတော့ လေ့လာရဦးမယ်လို့ ၀န်ခံတတ်တဲ့
သူတွေဟာ တကယ်ပဲ သမာသမတ်ကျတယ်။ တည်ကြည်တယ်လို့လည်း ပြောနိုင်ပါလိမ့်မယ်။
လူရဲ့ သိလိုမှု ဆန္ဒဆိုတာ လူ့ဘဝသက်တမ်းကို နှစ်ပြန်-သုံးပြန် တိုးလိုက်ဦး၊
လေ့လာဆည်းပူးလို့ လုံလောက်မယ် မဟုတ်ပါဘူး။ ဒီဟာသိပြန်တော့ ဟိုဟာကိုသိချင်၊
နည်းနည်းသိပြန်တော့ များများသိချင်၊ တစ်စိတ်တစ်ပိုင်းသိပြန်တော့
တစ်ခုလုံးကို သိချင်ဖြစ်တတ်တာမို့ အဆုံးသတ်မျဉ်းဆိုတာ ရှိခဲလှပါတယ်။
သိလိုမှုဆိုတာ လူ့သမိုင်းတစ်လျှောက်လုံး ပြည့်စုံခဲ့တာမှ မဟုတ်တာ။
ဒါကလည်း ဆန်းတော့မဆန်းလှပါဘူး။ လူတွေရဲ့သိမြင်လိုမှုနဲ့
သိနားလည်ခဲ့မှုကိုပဲ အချိုးချကြည့်ကြည့်၊ သိတာနဲ့ မသိတာကိုပဲ
အချိုးချကြည့်ကြည့်၊ သိလိုမှုက အချိုးအဆများပြီး သိနားလည်ခဲ့မှုက
အချိုးအဆရာခိုင်နှုန်း အင်မတန်နည်းပါလိမ့်မယ်။ ဒီလိုပဲ သိတာနဲ့မသိတာကလည်း
ကွာဟမှု အလွန်ကြီးပါလိမ့်မယ်။
အင်္ဂလိပ်လူမျိုး ဘာသာရေး သမားလည်းဖြစ်၊ စာရေးဆရာ တစ်ယောက်လည်းဖြစ်တဲ့
ရစ်ချတ်ဘက်စ်တာ (Richard Baxter)ဆိုတဲ့ ပုဂိ္ဂုလ်က သူ့အမြင်ကို
ဒီလိုပြောဖူးတယ်။
“How small is our knowledge in comparison of our ignorance" ပါတဲ့။
ကျုပ်တို့ သိနားလည်တယ် ဆိုတာတွေနဲ့ “ကျုပ်တို့ မသိနားမလည်တာတွေကို
နှိုင်းယှဉ်ရင် ဘယ်လောက်များ နည်းနေသလဲဗျာ" လို့ ညည်းပြ သွားခဲ့ဖူးပါတယ်။
အမှန်ပါပဲ။ သိတာက နည်းနည်း၊ မသိတာတွေက ခပ်များများဆိုတော့သူ
ဒီလိုပြောတာလည်း သဘာဝကျပါတယ်။ ဘဝတစ်လျှောက်လုံး၊ မသိတာ၊ နားမလည်တာတွေ
များလွန်းလို့ ငယ်တာ၊ ကြီးတာ ကန့်သတ်မထားတော့ဘဲ သေတဲ့အထိ လေ့လာသင်ယူ
သင့်တယ်ဆိုတာကို နားလည် သဘော ပေါက်လာကြတဲ့အခါ “စဉ်ဆက်မပြတ် လေ့လာသင်ယူရေး”
ဆိုတဲ့ အယူအဆ ပေါ်လာရတာသာ ကြည့်တော့။
ဒီတော့ တချို့ကလည်း ကြီးမှ သင်ယူ လေ့လာရတာဟာ ခွေးအိုကြီး လက်ပေး သင်ရသလို
ဖြစ်နေလိမ့်မယ်ဆိုပြီး ရှက်နေတတ်ကြတယ်။ အဲဒီ့လူတွေဟာ ဦးကျည်ပွေ့ဆိုတဲ့
ရဟန်းတစ်ပါးရဲ့ ကျည်ပွေ့ အတက် ပေါက်တယ် ဆိုတဲ့ သာဓက ကို မေ့နေကြဟန်တူပါတယ်။
ဘယ်အချိန်မှာပဲ စစ၊ စမိဖို့ပဲလိုတယ်။ ဘယ်အချိန်မှာပဲ အစပျိုးပျိုး
နောက်မကျဘူး မဟုတ်လား။
တချို့ကတော့ အသက်ကြီးမှ လေ့လာတာသင်ယူတာကမှ ပိုကောင်းသတဲ့။ ကြည့်လေ၊
ဂရိတွေးခေါ်ပညာရှင် " အက်ရှ်လပ်စ်" ( Aeschylus) က ဒီလိုပြောဖူးတယ်။
"It is always in season for old men to learn" တဲ့လေ၊ လူကြီးတွေအတွက်
ဘယ်ရာသီမှာပဲဖြစ်ဖြစ် အမြဲပဲလေ့လာသင်ယူဖို့ သင့်သတဲ့လေ။ တကယ်က
လူကြီးဖြစ်ဖြစ်၊ လူလတ်ဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် များများလေ့လာ၊
များများသင်ယူကြရင် ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီ့သင်ယူလေ့လာမှုရဲ့နောက်မှာ
ဖြစ်လာတတ်တာက ကိုယ့်ကိုယ်ကိုယ် များများသိနေတယ်လို့
ထင်မှတ်မှားတတ်တာဖြစ်ပါတယ်။ တကယ်က ကိုယ်သင်ယူ လေ့လာသိရှိဖို့
လိုအပ်နေသေးတာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကိုယ့်ရဲ့သိမှုဟာ တကယ့်ကို
အသေးအမွှေးလေးလောက်ပဲ ရှိတယ်ဆိုတာကို နားလည်ထားသင့်တယ်။ ငါသိတာက
နည်းနည်းလေးပါဆိုတဲ့ အမြင်မျိုး စိုက်ထူထားနိုင်ရင် ပိုပြီးကောင်းပါတယ်။
တခြားမကြည့်နဲ့လေ၊ ကမ္ဘာ့တွေးခေါ် ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့
ဆိုကရေးတီးကတောင် "ငါသိတာ တစ်ခုပဲရှိတယ်။ အဲဒါက ငါဘာမှ မသိသေးတာပဲ" ဆိုပြီး
ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး လုပ်သွားတာလေ။ ဒါကတကယ် သတိထားစရာ ကိစ္စပါ။
အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးဖြစ်နေတဲ့ သူတွေ ပိုမိုသတိထားစရာ
ဖြစ်ပါလိမ့်မယ်။
အဲဒီတော့ တရုတ်ပညာရှိ " တိန်းတီ" ရဲ့စကားနဲ့ အဲဒီ့စကားကို ထင်ဟပ်ဆက်စပ်
ကြည့်မယ်ဆိုရင်ဖြင့် " ဆိုကရေးတီး " လို ပုဂ္ဂိုလ်မျိုးကတောင် သိမှုနဲ့
ပက်သက်ရင် ဘာမှမသိပါဘူး ကြေညာထားပါလျက်နဲ့ တချို့ ပုဂ္ဂိုလ်များက
မသိတာတွေကို သိတယ်ထင်ပြီး လက်မထောင်နေကြရင်ဖြင့် မသိမှုရဲ့ အဆုံးစွန်ကို
အလိုလိုရောက်သွားမှာ အသေအချာပါပဲ။