xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်း

Wednesday, December 29, 2010

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်း

ရခိုင်ပြည်နယ် မြဒေးကျွန်းတွင် အကောင်အထည်ဖော်လျက်ရှိသည့် တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းရှိ ရေနံတင် ဆိပ်ကမ်း တည်ဆောက်မှုမှာ ယခုအခါ ပထမအဆင့် မြေသားအချောကိုင်တော့ မည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ယခုအခါ ယင်းလုပ်ငန်းစဉ်များကို ခေတ္တရပ်နားထားရာ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည်စတင်မည်ဖြစ်သည်။
ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းတည် ဆောက်မှု ပထမအဆင့်မှာ ပြီးစီးလျက် ရှိရာ ၂၀၁၃ ခုနှစ် နှစ်စတွင် ပြီးစီးရန် ရည်ရွယ်ထားသည့် ယင်းရေနံ ဆိပ်ကမ်း မှာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်းအား မြဒေး ကျွန်းရှိ ရေနံ ဆိပ်ကမ်းမှတစ်ဆင့် မကွေး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်များကို ရေနံပိုက်လိုင်းဖြင့် ဖြတ်ကျော်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းသို့ ပို့ဆောင်မည် ဖြစ်သည်။
အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်းအား တရုတ်ပြည်သို့ သယ်ဆောင်ရာတွင် ကြာမြင့်ချိန်ကို ယင်းဆိပ်ကမ်းကြောင့် လျော့ကျသွားစေမည်ဖြစ်ပြီး စွမ်းအင်နှင့်ပတ်သက်၍ မလက္ကာရေလက်ကြားကို အားထားနေရခြင်းမှ လျော့ပါးစေမည်ဖြစ်သည်။
ယူနန်ပြည်နယ် မြို့တော်ဝန် မစ္စတာ ကွင်ကွမ်ကို စက်တင်ဘာလတွင် ချိုင်းနားဒေလီ သတင်းစာက အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ မေးမြန်းရာ ယင်းစီမံကိန်းမှာ တရုတ်နိုင်ငံတောင်ပိုင်း စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်ဖြစ်ကြောင်း ပြောသည်။
ရေနံပိုက်လိုင်းမှာ စုစုပေါင်း ကီလို မီတာ ၂,၃၈၀ ခန့် ရှည်လျားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၈၀၀ ခန့် သွယ်တန်းမည် ဖြစ်သည်။ တစ်နှစ် လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့် ပို့ဆောင်နိုင်မည်ဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ ကုဗ မီတာ ၁၂ ဘီလျံခန့်ကို မြန်မာပြည်ရှိ အေ (၁) နှင့် အေ (၃) လုပ်ကွက်များမှ တစ်ဆင့် တင်ပို့နိုင်မည် ဖြစ်သည်။
မြဒေးကျွန်းရှိ စီမံကိန်းထဲတွင် တန်ချိန် သုံးသိန်း ရေနံတင်ဆိပ်ကမ်း၊ အရှည် မီတာ ၄၈၀ ရှိ တန်ချိန် သုံးသိန်း ရေနံတင် ဆိပ်ခံ တံတား တစ်ခု၊ အရှည် မီတာ ၁၅၀ ရှိ တန်ချိန် ၅,၀၀၀ သင်္ဘော များရပ်နိုင်သည့် ဆိပ်ခံတံတားတစ်ခု၊ ၂ ဒသမ ၉ ကီလိုမီတာရှိ ရေလမ်း ကြောင်းတစ်ခု၊ ကုဗမီတာ ခြောက်သိန်း ခန့်ကျယ်သော ရေလှောင်ကန်တို့ ပါဝင်ပြီး ရေနံစိမ်း သိုလှောင်ကန် တည်ဆောက် မှုများလည်း ပါဝင်မည် ဖြစ်သည်။
ယခုအခါ ဆိပ်ခံတံတားတစ်ခုကို တည်ဆောက်ပြီး ဖြစ်သည်။
မြဒေးကျွန်းရှိ ရေနံဆိပ်ကမ်းကို ၂၀၀၉ ခုနှစ်အတွင်း စတင်ခဲ့ခါ မြန်မာ နိုင်ငံအတွင်းမှ ဖြတ်သန်းတင်ပို့ရန် ပြင်ဆင်ရာတွင် တရုတ် ဘက်အခြမ်းမှ ပိုက်လိုင်း စတင်တည်ဆောက်မှုကို ယခုနှစ် စက်တင်ဘာလက ယူနန်ပြည် နယ်၊ ကူမင်းမြို့အနီးရှိ အန်နင်းမြို့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။
China National Petroleum Corporation (CNPC) မှ ၎င်းစီမံကိန်းကို တာဝန်ယူ လုပ်ဆောင်လျက်ရှိသည်။
မြဒေးကျွန်းရှိ ရေနံတင်ဆိပ်ကမ်းမှာ ရေနံပိုက်လိုင်း၏ အစအဖြစ် ရှိမည်ဖြစ်ပြီး တည်ဆောက်မှုပြီးစီးပါက ပထမ အဆင့်အနေဖြင့် တစ်ရက်လျှင် ရေနံစည်ပေါင်း နှစ်သိန်းလေးသောင်းခန့် တင်ပို့သွားနိုင်မည်ဖြစ်သည်။
ယခုအခါ ပထမအဆင့် ပြီးစီးနေသည့် ယင်းစီမံကိန်းမှာ ဒုတိယပိုင်း၊ တတိယပိုင်း လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန်နှင့် လိုအပ်သည့်ပစ္စည်းများ အတင်အချလုပ်နိုင်ရန် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး၏ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ကောင်စစ်ဝန် ဦးရွှေမြစ်က ပြောကြားသည်။
ပိုက်လိုင်းတည်ဆောက်မှု အနေအထားမှ ပိုက်လိုင်း အဓိကသွားမည့် လမ်းကြောင်းတိုင်းတာမှုကိုသာ လုပ်နေခြင်းဖြစ်ပြီး ပိုက်လိုင်း ခင်းသည့် အဆင့်ကို မရောက်ရှိသေးကြောင်း ၎င်းက ပြောသည်။
"မြဒေးကျွန်းစီမံကိန်းအတွက် မြန်မာပြည်ကို အကူအညီ အများကြီးပေးခဲ့ပြီး တရုတ်ပြည်ကလာတဲ့ ပညာရှင်တွေက လွဲလို့ တခြား အလုပ်သမားတွေကို မြန်မာပြည်က လုပ်သားတွေပဲ သုံးနေပါတယ်။ ဒီလုပ်ငန်းကနေတစ်ဆင့် ဒေသခံတွေအတွက် အလုပ်အကိုင် ရရှိစေပါတယ်"ဟု ဦးရွှေမြစ်က ပြောကြားသည်။
ပိုက်လိုင်းသွယ်တန်းပြီးလျှင် တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် အကျိုးရှိစေမည် ဖြစ်ကြောင်း၊ ယင်းပိုက်လိုင်းကို ၂၀၁၃ ခုနှစ်တွင် ပြီးစီးနိုင်ရန် နှစ်ဖက်နိုင်ငံမှ အမြန်ဆုံးကြိုးစားနေကြောင်း ၎င်းက ပြောသည်။ 
                                                                                                        ( Myanmar Time )