ဒီကနေ့
ပညာသင်ကြားရေးစနစ်က စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ကျွမ်းကျင်လုပ်သားတွေ
မွေးထုတ်ပေးရုံသက်သက် ဖြစ်နေပြီး တက္ကသိုလ်တွေ ဟာလည်း ဘွဲ့ရလုပ်သားတွေ
အစုလိုက် အပြုံလိုက် မွေးထုတ်ပေးတဲ့ စက်ရုံကြီးတွေ ဖြစ်နေပြီ။
ဂဏန်းတွက်စက်ပျက်ရင် ဈေးမရောင်းတတ်
အမေရိကန်ပညာရေးလောကမှာ
တနေ့တခြား ကျယ်သထက် ကျယ်အောင် ကြားနေရတဲ့ ညည်းညူသံတွေ ဖြစ်ပါတယ်။
ဂဏန်းတွက်စက် ပျက်သွားတာနဲ့ ဈေးမရောင်းတတ်တဲ့ အရောင်းဈေးသည်တွေ၊
သူများရေးထားတဲ့ ပြဋ္ဌာန်းစာအုပ် မရှိရင် စာမသင်တတ်တော့တဲ့ ကျောင်းဆရာတွေ၊
ဘလူးပရင့်မရှိရင် ဘာမှ မလုပ်တတ်တဲ့ အင်ဂျင်နီယာတွေ၊ အသင့်ဖော်စပ်
ထုတ်လုပ်ပေးထားတဲ့ ဆေးဝါးတွေမရှိရင် လေချုပ်လေအောင့်ဖြစ်တဲ့ လူနာအတွက်
လေဆေးလေး တောင်စပ်ပြီး ကုမပေးနိုင်တဲ့ ဆရာဝန်တွေပဲ များနေတယ်။
ကိုယ့်ဦးနှောက်နဲ့ကိုယ်
စဉ်းစားတွေးခေါ်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ပညာတတ်တွေ ရှားပါးသထက်
ရှားပါးလာနေတယ်။ အခုကျောင်းတွေက ထွက်လာတာတွေက စာတတ်သူတွေချည်းပဲ။
ပညာတတ်မပါဘူးလို့ ပြောကြဆိုကြတာတွေလည်း မကြာမကြာ ကြားရတယ်။ အမေရိကန်မှာတင်
မဟုတ်ဘူး။ နိုင်ငံပေါင်းစုံက ပညာရပ်နယ်ပယ် အားလုံးလိုလိုမှာ
ပြောဆိုညည်းတွားနေကြတဲ့ အသံတွေ ညံနေပါတယ်။
အစိုးရတွေက ဈေးတွက် တွက်ကြ
ပညာကိုတန်ဖိုးထားသူတိုင်းကပညာရေးကိုစီးပွားရေးလုပ်ငန်းကြီးများလို သဘောထားလုပ်ကိုင်နေကြတာကို
မနှစ်မြို့ကြဘူးတက္ကသိုလ်ဆရာတွေက မော်တော်ကားရောင်းသမားလို ကမ္ဘာလှည့်ပြီး
ကျောင်းကြော်ငြာရင်း နိုင်ငံတကာကျောင်းသားတွေ စုဆောင်းနေတာကိုလည်း
နှာခေါင်းရှုံ့ကြတယ်။
ပညာရေးကို စီးပွားရေးရဲ့ လက်အောက်ခံ အဖြစ်
သဘောထားလာကြတာကို တော်တော်ကို စက်ဆုပ်ကြတယ်။ စက်ဆုပ်ပေမယ့်လည်း
ဘာမှမတတ်နိုင်ကြဘူး။ နိုင်ငံတိုင်းနိုင်ငံတိုင်းရဲ့ အစိုးရတွေ ကိုယ်တိုင်က
ဘာမဆို 'ဈေးတွက်' တွက်ပြီး ဈေးရောင်းဈေးဝယ်လုပ်သလို လုပ်နေကြတာဆိုတော့
ပညာရှင်တွေ လက်မှိုင်ချ နေကြရတော့တယ်။
ပညာကို ဟမ်ဘာဂါလိုရောင်း
ပညာကို
ရှူးဖိနပ်ရောင်းသလို၊ ဟမ်ဘာဂါနဲ့ ကိုကာကိုလာ ရောင်းသလို သဘောထားနေကြတော့
ပညာရဲ့တန်ဖိုးဟာ တနေ့တခြား ကျဆင်းလာခဲ့ရတယ်။ လူတွေဟာ ကိုယ်ပိုင်ဉာဏ်နဲ့
စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်ချက်ချဖို့ထက် ကွန်ပျူတာဆီက
အဖြေထုတ်ယူဖို့လောက်သာ အားသန်ကြတယ်။
ဒါမှမဟုတ်လည်း စာအုပ်တွေထဲက
သဘောတရားတွေနဲ့ ဖော်မြူလာတွေကိုပဲ အားကိုးကြတယ်။ လူ့ဦးနှောက်ဟာ
ကွန်ပျူတာလောက်တောင် အသုံးမကျတော့ သလို ဖြစ်လာတယ်။ ဒီလိုနဲ့ကြာလာတော့
လူ့ဦးနှောက်နဲ့ သတ်မှတ်တဲ့ လူ့တန်ဖိုးတွေနဲ့ လူသားစံနှုန်းတွေ
အားလုံးလိုလိုဟာ ယုတ်လျော့ကျဆင်းပြီး စံချိန်မမီ ဖြစ်ကုန်ကြတော့တယ်။
အိမ်ထောင်စနစ်
လူတွေနဲ့ပတ်သက်တဲ့ အိမ်ထောင်ဆိုတာပဲ ကြည့်။ ကမ္ဘာဦးအစက လင်ရယ်၊ မယားရယ်၊ အိမ်ထောင်ရယ်ဆိုတာ မရှိဘူး။ ယောက်ျား မိန်းမတွေဟာ နွားအုပ်ကြီးထဲက နွားတွေလိုပဲ နေကြတယ်။ ရေကြည်ရာ မြက်နုရာ အုပ်စုလိုက် ရွှေ့ပြောင်း သွားလာနေထိုင်ကြတယ်။ နောက်တော့ စိုက်ပျိုးစားသောက်လာ တတ်ပြီး အခြေတကျ ရွာတည်နေလာကြတယ်။
အဲဒီတော့မှ
လင်ရယ်၊ မယားရယ်လို့ သတ်သတ်မှတ်မှတ်နဲ့ အိုးအိမ်တည် ဆောက်နေထိုင်တယ်။
အဲဒီအဆင့်ကို ယဉ်ကျေးလာတဲ့အဆင့် (Civilized) လို့ သတ်မှတ်တယ်။ ဒါတောင် တလင်
တမယား မဟုတ်သေးဘူး။ စစ်နိုင်လို့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ မိန်းမတွေကို
ယောက်ျားတွေက မယားအဖြစ် ထားတဲ့အတွက် ယောက်ျားတယောက်နဲ့ မယား အများအပြား
နေလာကြတယ်။ နောင်ယဉ်ကျေးမှု အဆင့်မြင့်သထက်မြင့်လာမှ တလင် တမယားစနစ်ကို
ဥပဒေတွေ ဘာတွေပြုပြီး ပြဋ္ဌာန်းသတ်မှတ်ခဲ့ကြတယ်။
အဖော်ဆိုတဲ့နေနည်း
ဟော
အခုတော့ အိမ်ထောင်ဆိုတာ လူသားများရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့
အချုပ်အနှောင်လို ဖြစ်တယ်။ ခေတ်မမီတော့ဘူး။ ဘယ်သူ့ဘယ်သူမှ
ချုပ်နှောင်မထားတဲ့ အတူနေချင်စိတ်ရှိတဲ့အခိုက် အတူနေ၊ နေချင်စိတ်မရှိတဲ့အခါ
ကိုယ့်ဟာကိုယ်နေဆိုတဲ့ အယူအဆကို လက်ခံကျင့်သုံးပြီး 'အဖော်' (Companion)
လို့ ခေါ်ကြတဲ့ နေနည်းမျိုးနဲ့ နေထိုင်ကြတာတွေ အနောက်နိုင်ငံတွေမှာ
တော်တော်လေး ကျင့်သုံးနေကြတယ်။
ပြင်သစ်က တွေးခေါ်ပညာရှင်ကြီး
နှစ်ယောက်ဖြစ်တဲ့ ယန်းပေါဆတ်နဲ့ ဆီမွန်ဒီဘူဗွားတို့ဆိုရင် လက်မထပ်ဘဲနဲ့
တသက်လုံး (Life companion) ဆိုပြီး နေသွားကြတယ်။ တချို့ကတော့ အတူနေပြီး
ကလေး တယောက် နှစ်ယောက် မွေးပြီးမှ လက်ထပ်တာမျိုးလည်း ရှိတယ်။ အိမ်ထောင်နဲ့
မိသားစုဆိုတဲ့ နှုန်းစံတွေ ပြောင်းလဲသွားပုံကို ပြောတာပါ။
ဆန့်ကျင်ဘက်ထိပြောင်းလဲ
မိန်းကလေးတွေရဲ့
ဝတ်စားဆင်ယင်ပုံဆိုရင်လည်း စစ်မဖြစ်မီ ခေတ်ကဆိုရင် ခြေမျက်စိဖုံးတဲ့
ဂါဝန်ရှည် ပွပွကြီးတွေကို အတွင်းက ရင်စည်းကျပ်ကျပ်ခံပြီး ဝတ်ကြတာပါ။
မိန်းကလေးရဲ့ အပျိုစင်ဘဝကိုလည်း အသက်နဲ့ထပ်တူ တန်ဖိုးထား ကာကွယ်
စောင့်ရှောက်ကြပါတယ်။ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိလာတဲ့
မိန်းကလေးမျိုးဆိုရင်ရွာကနေ နှင်ထုတ်တဲ့အထိတောင် ကဲ့ရဲ့ရှုတ်ချလေ့ရှိတယ်။
ဟော
အခုခေတ်တော့ ဝတ်ပုံဆင်ပုံတွေ လျှပ်ပေါ်လော်လီကြပုံတွေများ ပြောတောင်
မပြတတ်တော့အောင် ကမ်းကုန်နေကြပါပြီ။ အလယ်တန်းရွယ် ဆယ့်သုံးဆယ့်
လေးနှစ်သမီးအချင်းချင်း အပျိုစင်အဖြစ် ရှိနေသေးတယ်ဆိုရင် ကဲ့ရဲ့ကြသတဲ့။
လူမှုရေးပေါင်းသင်း ဆက်ဆံရေး ညံ့ဖျင်းတယ်ဆိုပြီး ဝေဖန်ကြ သတဲ့။
လူ့တန်ဖိုးတွေ ပြောင်းလဲသွားပုံကို ကြည့်ပါဦး။ ဆန့်ကျင်ဘက်သဘော
ဖြစ်သွားတဲ့အထိကို ပြောင်းကုန်ကြတာမဟုတ်လား။
အနုတ်လက္ခဏာများများ
လူမှုရေးနယ်ပယ်အတွင်းက
တန်ဖိုးတွေနဲ့ နှုန်းစံတွေပြောင်းလဲမှု အတော်များများ ဟာ
အပေါင်းလက္ခဏာဆောင်တာက နည်းနည်း၊ အနုတ်လက္ခဏာဆောင်တာက များများဖြစ်နေတာ
တွေ့ရတယ်။ စိတ်ဓာတ်နဲ့ စရိုက်တွေကလည်း မယုံနိုင်လောက်တဲ့ အထိကို
ကြမ်းကြုတ်ခက်ထန်ကုန် ကြတယ်။
အရူးတယောက်ကိုယ်မှာ ယမ်းထုပ်တွေ
ပတ်ချီပေးပြီး ဈေးထဲ လျှောက်ပြေး နေတုန်း အဝေးထိန်းခလုတ်နှိပ်
ဖောက်ခွဲတာမျိုး ဘယ်ခေတ်က ရှိခဲ့ဖူးလို့လဲ။ ခရီးသည်တွေအပြည့်ပါတဲ့
လေယာဉ်ပျံကြီးတွေကို အပိုင်စီးပြီး လူနေအဆောက် အအုံကြီးကို
ဝင်ဆောင့်တာမျိုးလည်း ဘယ်တုန်းက ကြားဖူးလို့လဲ။ မောင်းသူမဲ့ လေယာဉ်ပျံပေါ်
ဗုံးတွေတင်ပြီး မူလတန်းကျောင်းကလေးပေါ်ကျကျ၊ ဆေးရုံပေါ် ကျကျ၊ ကျချင်တဲ့နေရာ
ကျ။ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါက
ကြားဖူးလို့လဲ 'ရက်စက်မှုအပေါင်း သရဖူဆောင်း တော့သည်' လို့ကိုပြောရတော့
မယ့်ခေတ်ကြီးပဲ။
ပညာမတတ်ဘွဲ့ရတွေ တပုံကြီး
အနုတ်လက္ခဏာတွေများပြီး
ဆုတ်ကပ်ကြီးဖြစ်နေရတဲ့ အဓိကအကြောင်းရင်း ကတော့ လူသားတွေ ဉာဏ်ရည်ယုတ်လျော့
ကျဆင်းလာတာပဲဖြစ်လိမ့်မယ်လို့ ယူဆတယ်။ နိုင်ငံတိုင်းလိုလိုမှာပဲ
စာမေးပွဲအောင်ပြီး ဘွဲ့လက်မှတ်ရဖို့လောက် ကိုသာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေက
အာရုံစိုက်လုပ်နေကြပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားနိုင်တဲ့
အသိဉာဏ်ပညာ မြင့်မားဖို့ကို လျစ်လျူရှုထားခဲ့ကြတယ်။ ရလဒ်က ပညာမတတ်တဲ့
ဘွဲ့ရတွေ တပုံကြီး ပေါ်ထွက်လာတာပဲဖြစ်တယ်။
သူတို့တတွေဟာ
သူများရေးထားတဲ့ စာတွေအလွတ်ကျက်ပြီး စာမေးပွဲအောင် လာကြတာပဲ ရှိတယ်။
လက်တွေ့မှာတော့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင်
ဘာတခုမှကိုင်တွယ် ဖြေရှင်းနိုင်ကြတာမဟုတ်ဘူး။
လူထုစိန်ဝင်း