ကုလားတန် မြစ်ကြောင်း ဘက်စုံ
ပို့ဆောင်ရေး စီမံကိန်းသည် မြန်မာနိုင်ငံ စစ်တွေ ဆိပ်ကမ်းနှင့်
အိန္ဒိယ-မြန်မာ နယ်စပ်ရှိ မီဇိုရမ် ပြည်နယ်တို့ကို ကုလားတန်
မြစ်လမ်းကြောင်းတွင် ၁၅၈ ကီလိုမီတာ အကွာအဝေးဖြင့် ဆက်သွယ်ထားကာ
ပလက်ဝမြို့တွင် အဆုံးသတ်မည် ဖြစ်ပြီး ယင်းနှင့် ၁၂၉ ကီလိုမီတာ ကွာဝေး သော
အိန္ဒိယ-မြန်မာနယ်စပ်ရှိ မီဂျီနှင့် ချိတ်ဆက်ကာ အိန္ဒိယနိုင်ငံရှိ အမျိုးသား
အဝေးပြေး လမ်းမကြီးနှင့်လည်း ချိတ်ဆက်မည် ဖြစ်ရာ အိန္ဒိယ အတွင်းပိုင်း
ဒေသများနှင့်လည်း လမ်းကြောင်း ပွင့်သွားမည် ဖြစ်သည်။
ယခုစီမံကိန်းအရ စစ်တွေ ဆိပ်ကမ်းမှ
သင်္ဘောတင် သယ်ယူ ပို့ဆောင်မှုတွင် အပြန်အလှန် ပို့ဆောင်ခြင်း၊ စစ်တွေမှ
ပလက်ဝအထိ ရေကြောင်းတွင် သောင်ခုတ်ခြင်း၊ ကျောက်ဆောင်ကဲ့သို့ ရေကြောင်း
အတားအဆီးများ ဖယ်ရှားခြင်း၊ ဆိပ်ကမ်း တည်ဆောက်ခြင်းတို့ ပါဝင်မည် ဖြစ်ပြီး
ကုန်သေတ္တာ ၃၀၀ ထားရှိနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်း တည်ဆောက်ခြင်းကို
ထိပ်တန်း အိန္ဒိယ တည်ဆောက်ရေး ကုမ္ပဏီ ဖြစ်သော ESSAR Project (India) Ltd.
(EPIL) က ဦးဆောင်မည် ဖြစ်ပြီး စီမံကိန်း တစ်ခုလုံးကို အိန်္ဒိယ၏ ထောက်ပံ့
ကူညီမှုဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ
သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စီမံကိန်းအတွက် ၂၀၀၈ခုနှစ် ဧပြီလက
အိန္ဒိယနိုင်ငံသို့ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေး သွားရောက် လည်ပတ်စဉ်
နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများက မူဘောင် သဘောတူညီချက် လက်မှတ်
ရေးထိုးခဲ့ကြပြီး ၂၀၁၀ ပြည့်နှစ် ဇူလိုင်လအတွင်း ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ အိန်္ဒိယသို့ ချစ်ကြည်ရေးခရီး သွားရောက် စဉ်တွင်လည်း အဆိုပါ
စီမံကိန်းအတွက် ထပ်မံ၍ နှစ်နိုင်ငံ ကတိက၀တ် ပြုခဲ့ကြောင်း အထက်ပါ သံရုံး
သတင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ကုလားတန် မြစ်ကြောင်း ဘက်စုံ သယ်ယူ ပို့ဆောင်ရေး စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ပြီးစီးရန် မျှော်မှန်းထားသည်။
အဆိုပါ စီမံကိန်းတွင် အပိုင်း (၁) နှင့်
(၂) အဖြစ် စစ်တွေဆိပ်ကမ်း တည်ဆောက်ခြင်း၊ ကုလားတန် မြစ်ကြောင်း
ရှင်းလင်းခြင်း တို့အတွက် အမေရိကန် ဒေါ်လာ ၆၈ ဒသမ ၂၄ သန်း၊ အပိုင်း (၃)
အဖြစ် ပလက်ဝမြို့နှင့် အိန္ဒိယ နယ်စပ်ကြား အဝေးပြေးလမ်း တည်ဆောက်ခြင်းအတွက်
အမေရိကန် ဒေါ်လာ ၄၉ ဒသမ ၁၄ သန်း ကုန်ကျမည်ဟု ယခင်က တွက်ချက် ခန့်မှန်း
ထားခဲ့သည်ကို www.arakanrivers.net တွင် ဖော်ပြထားသည်။
ယင်းစီမံကိန်းကို မြန်မာအစိုးရက အပြည့်အဝ
ပိုင်ဆိုင်မည် ဖြစ်ပြီး အိန္ဒိယ ကုမ္ပဏီများက အရှေ့တောင် အာရှဒေသနှင့်
ကုန်သွယ်မှု တိုးမြှင့်နိုင်မည် ဖြစ်ကာ ကုန်းတွင်းပိတ် မီဇိုရမ် ပြည်နယ်သည်
ကုလားတန်မြစ်ကို အသုံးပြုပြီး ပင်လယ် ရေကြောင်း ထွက်ပေါက်ကို
အသုံးပြုနိုင်မည် ဖြစ်သည်။ ယင်းပြည်နယ်သည် အိန္ဒိယ၏ အငယ်ဆုံး ပြည်နယ် တစ်ခု
ဖြစ်ပြီး ၀ါးထွက် ပစ္စည်း၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်း၊ ခရီးသွား
လုပ်ငန်းနှင့် IT ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ
ရှိသောဒေသ ဖြစ်သည်။
" ဒီကုန်သွယ်ရေး လမ်းကြောင်းသစ်ကြောင့်
နှစ်နိုင်ငံစလုံး အကျိုးရှိလာ နိုင်တယ်။ အိန္ဒိယအတွက် ထွက်ပေါက် ဖြစ်စေမယ့်
လမ်းကြောင်းသစ် ပေါ်လာတာကြောင့်ရော၊ ရေကြောင်း ဖြစ်နေတာကြောင့်ရော
မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖြစ်လာမယ် " ဟု နိုင်ငံရေး
ဘောဂဗေဒ လေ့လာသူ ပညာရှင်တစ်ဦးက သုံးသပ် ပြောဆိုသည်။
အိန္ဒိယ အရှေ့မျှော် မူဝါဒအရ ၎င်း၏အရှေ့ဘက်
ကပ်လျက်တွင် ပထမဆုံး ထိတွေ့ရသော နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်နေသဖြင့်လည်း
မြန်မာနှင့် အိန္ဒိယ တို့ကြား ပထ၀ီ နိုင်ငံရေး အရရော အခြားသော ဆက်စပ်မှုများ
အရပါ ပိုမိုရင်းနှီးမှု ရှိလာခဲ့သည်ကို တွေ့ရသည်။
အိန်္ဒိယ- မြန်မာ နှစ်ဦးနှစ်ဖက်
ကုန်သွယ်မှုမှာ ၁၉၈၀-၈၁ တွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၉ ဒသမ ၁၁ မှ
၂၀၀၉-၂၀၁၀ တွင် အမေရိကန် ဒေါ်လာသန်းပေါင်း ၁၂၀၇ ဒသမ ၅၆ အထိ တိုးတက်
လာခဲ့သည်။
အိန္ဒိယသည် မြန်မာ၏ အကြီးဆုံး ပဲဈေးကွက်လည်း ဖြစ်သည်။