ရန်ကုန်မြို့နေ
လူထု တစ်ဝက်ခန့်မှာ ဘတ်စ်ကားစီး ခရီးသည်များ ဖြစ်ကြသည်။ နံနက် မိုးမလင်းမီ
အရုဏ်အချိန်မှ စကာ ညသန်းခေါင် အချိန်အထိ ဘတ်စ်ကား၏ ကဏ္ဍက ကျယ်ပြန့်လှသည်။
ကိုယ်နေ သည့်အရပ်က ဒဂုံ(အရှေ့) ရေမနီး
ကုန်း ဝေးအရပ်မှာမို့ အလုပ်ရှိရာ ဗိုလ်တထောင်သို့ လာရာတွင် ခြေလျင်ဖြင့်
လမ်းထိပ်သို့ မိနစ်(၂ဝ)လျှောက်၊ ဘက်စ်ကား(၅ဝ) ကျပ်တန်စီး၊ တိုးကြောင်ကလေး
ဘူတာမှာဆင်းပြီး အပြန်ကျပြန်တော့ အလုပ် ဆင်းချိန်က ရထားချိန်နှင့် တွက်မရ၍
စိန်ပေါလ်မှတ်တိုင်ထိ လမ်းလျှောက်ပြီး (၂၁ဝ)အထူး (၂ဝဝ)ကျပ်တန်ကားကို
စီးရပြန်သည်။ နေ့စဉ်နှင့် အမျှ ရုံးသွားရုံးပြန် ကားခ၊ ရထားခပေးရာတွင်
ငွေအကြွေပြဿနာက အမြဲပင်ကြုံတွေ့နေရ သည်။ (၅ဝ)တန် (၁ဝဝ)တန်ဆိုသည်များကလည်း
ကိုယ့်အိမ်တွင်းထဲက နှိုက်တိုင်း မထွက်သည့် အရာများမို့ စပယ်ယာများနှင့်
အမြဲအခြေအတင် ဖြစ်ရသည်။ သည်အကြွေကိစ္စက နေ့စဉ်ပင်ဖိစီးသည်၊
ဖြစ်သင့်ဖြစ်ထိုက်၊ ရှိသင့်ရှိထိုက်သည့် အခြေအနေတစ်ခုထက် ကျော်လွန်လာသောအခါ
ထိုအခြေအနေတစ်ရပ်ကို တမင်ဖန်တီးနေသည့် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက
စနစ်တကျများ စီစဉ်လုပ်ကိုင်နေသလားဟု သုံးသပ်မိသည်။ နိုင်ငံတော်ဘဏ်မှလည်း
လစဉ် သိန်းရာချီ လဲပေးနေပါလျှက်၊ ခရီးသည် အများစုလည်း အတတ်နိုင်ဆုံး
ငွေအကြွေများပေးနေပါလျှက် ထိုငွေအကြွေ များသည် နေရာတစ်ခု၊
အဖွဲ့အစည်းတစ်ခုသို့ စီးမျောသွားပြီး ပြန်လည်ပတ်ခြင်း မရှိသောအခါ
အခြေခံလူတန်းစားများ အတွင်း၊ အခြေခံလူတန်းစားအချင်း၊ ဤအကြွေနှင့်ပတ်သက်၍
မကျေလည်ကြ၊ အချင်းများကြရသည်။ မလိုအပ်ဘဲနှင့် အကြွေပြဿနာကို အကြောင်းပြကာ
ဈေးသည်များက သူတို့ကုန်ပစ္စည်းများကို ထိုးပေးကြသည်။ ထို့ကြောင့်လည်း
တစ်သျှူး မသုံးတတ်ပါဘဲနှင့် တစ်သျှူးယူခဲ့ရသည်။ သကြား လုံးမငုံတတ်ဘဲ
သကြားလုံးများယူခဲ့ရသည်။ တစ်ချိန်တုန်းက လှည့်မကြည့်၊ လှည့်မကိုင်ခဲ့သည့်
ပင်လယ်ငါးများပင် သုံးဆယ်သား(၁ဝဝဝ)ကျပ်ဖြစ်နေ သည်။ လက်လီရောင်းလျှင်
အကြွေကိစ္စ ဇယားရှုပ်သောကြောင့်ဟု ဆိုသည်။ အဆင်မပြေမူ အထစ်အငေါ့တစ်ခု
ဖြစ်လာတိုင်း ထိုအခြေအနေပေါ်တွင် အခွင့်ကောင်းယူကာ ကိုယ်ကျိုးစီးပွားရှာသည့်
လောဘသမားများက ခေတ်တိုင်းစနစ်တိုင်းမှာ ရှိခဲ့သည်။ ဘူတာရုံ
လက်မှတ်ရောင်းများက ငွေအကြွေများရှိပါလျှက် (၃ဝ)ကျပ်လမ်းခရီးကို
(၁ဝဝ)ကျပ်တန် ပေးလျှင် (၅ဝ)ကျပ်ဘဲပြန် အမ်းသည်။ ဘယ်သောအခါမှ အတိအကျ
ပြန်မအမ်း၊ လက်မှတ်ဝယ်သူများ နေ့လျှင်၊ ရထားဆိုက်ချိန် ဆိုလျှင်
ပိုဆိုးသည်။ သူတို့က တိုအကြွေတန်များကို အရွက်ကြီးများနှင့် အမြတ်ယူပြီး
ပြန်လဲစားသည်။ (၂ဝဝ)ကျပ်တန် အထူးစပါယ်ယာ များလည်း မသမာသူကများသည်၊
ခရီးသည်ထံမှရသည့် အကြွေများကို အရွက်ကြီးများကြားတွင် လည်းကောင်း၊ အိတ်ကပ်၊
ဘောင်းဘီများ ထဲတွင်လည်းကောင်း ဝှက်ထားကြသည်။
(၂ဝဝ)လမ်း(၅ဝဝ)တန်ပေးလိုက်လျှင် အကြွေ(၁ဝဝ)ပါလားဟု အမြဲမေးသည်။ ခရီးသည်က
မပါလျှင် (၂ဝဝ)တန်ဘဲ အမ်းပြီး (၁ဝဝ)ခဏစောင့်ဟု ပြောသည်။ ဆင်းခါနီးမှတ်တိုင်
ရောက်လျှင် ဟိုရှာဒီနှိုက် ကျန်အဖော်ကို လှမ်းမေးနှင့် အလုပ်ရှုပ်ပြသည်။
ဒီလိုနှင့် မှတ်တိုင်ရောက်တော့ ခရီးသည်က ဆင်းသွားရသည်။ ဤဖြစ်စဉ်များက
တစ်ရက်လည်းမဟုတ်၊ တစ်လလည်း မဟုတ်၊ နေ့စဉ်အမြဲ ကြုံတွေ့နေရသည်။ ထို့ကြောင့်
လက်လုပ်လက်စား၊ လစာနည်းဝန်ထမ်းများ အပေါ် အကြွေရှားပါးမူကို ခုတုံးလုပ်လျှက်
ကိုယ်ကျိုးရှာနေသော လူထုနှင့် နိုင်ငံတော်အစိုးရကို ရန်တိုက်ပေးနေသော
ဈေးသည်များ၊ ဈေးဆိုင်များ လက်မှတ်ရောင်းများ၊ စပါယ်ယာများကို လိုအပ်သလို
ကြပ်မတ် အရေးယူသင့်ပြီ ဖြစ်ကြောင်း တင်ပြချင်ပါသည်။
KAMO