xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လှေကြီးပေါ်တွင် လှေငယ်တင် ပဲ့စင်က လှုပ် လှိုင်းကပုတ်

Friday, December 24, 2010

လှေကြီးပေါ်တွင် လှေငယ်တင် ပဲ့စင်က လှုပ် လှိုင်းကပုတ်

“လှေကြီးပေါ် တွင်၊ လှေငယ်တင် ပဲ့စင်က လှုပ်၊ လှိုင်းကပုတ် . . .” နိုင်ငံတော်ဟူသည် လှေကြီး တစ်စင်း နှင့် တူ သည်။ မာလိန်မှူးနှင့် တူသော အစိုးရ တစ်ရပ် ရှိရသည်။ လှေသားများနှင့် တူသော အစိုးရ ယန္တရားများ ရှိရ သည်။ ရေကြောင်းပြနှင့်တူသော ပါတီအဖွဲ့အစည်း များရှိရသည်။ ခရီးသည်နှင့်တူသော ပြည်သူ လူထုလည်း ရှိရသည်။ တက်၊ရွက်တို့နှင့်တူသော စီးပွားရေးအင်အားရှိ ရသည်။ လှေဝမ်းခွံနှင့် တူသော စီးပွားရေး အခြေခံအဆောက်အဦများ လည်းရှိရသည်။ ယင်းအင်္ဂါရပ်များ တက်ညီလက်ညီ စုစည်း ကောင်း မွန်ပြည့်စုံမှ လိုရာခရီးသို့ ဆိုက်ဆိုက် မြိုက်မြိုက် ချောချောမွေ့မွေ့ ရောက်နိုင်သည်။ နိုင်ငံရေး အသုံးအနှုန်းအရ ယင်းသို့ နိုင်ငံ၏ အင်္ဂါရပ်လုပ်ငန်းဆောင်တာများ စုစုစည်းစည်းညီညီ ညွတ်ညွတ်ဖြင့် ချောချောမွေ့မွေ့ လည်ပတ်ဆောင်ရွက်နေသည်ကို နိုင်ငံရေးအရ စုစည်းမှုရှိသည်ဟု ဆိုကြ ၏။
သို့သော် . . . လှေကြီးပေါ်တွင် လှေငယ်တစ်စင်းထပ်၍ တင်လိုက်သကဲ့သို့ နိုင်ငံတော်စနစ်တစ်ခု အတွင်း၌ ရှိရင်း စွဲဥပဒေစည်းမျဉ်းမူဘောင်များနှင့် အကျုံးမ၀င်ဘဲ ယင်းနိုင်ငံတော်ယန္တရားနှင့် စင်ပြိုင်လှုပ်ရှားဆောင်ရွက်မှု တစ်ရပ်ပေါ်လာခဲ့လျှင် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတတ်သည်။ ယင်းကို အခြေခံဥပဒေမူဘောင်ပြင်ပမှ လှုပ်ရှားမှုများဟု ဆိုလေ့ရှိသည်။ နိုင်ငံတကာ၌ နိုင်ငံရေး ဆောင်ရွက်ကြရာတွင် နိုင်ငံရေးနှင့် ပတ်သက်သော အလုပ်များကို နိုင်ငံရေး ပါတီများက အခြေခံ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ကြသည်။ ရည်မှန်းချက် တစ်စုံတစ်ရာအတွက် သီးသန့်လှုပ်ရှားမှုများကို နိုင်ငံရေးသမားဟုမခေါ် တက်ကြွလှုပ်ရှားဆောင်ရွက်သူများဟု သာခေါ်သည်။
ထိုသူတို့၏ အစုအဖွဲ့ကိုလည်း စိတ်သန်ရာအကျိုးစီးပွားအဖွဲ့အစည်း interest Group ဟုသာ ခေါ်လေ့ရှိ သည်။ နိုင်ငံရေးပါတီဟု မခေါ်ကြပေ။ ထိုအဖွဲ့အစည်းကလည်း နိုင်ငံရေးအာဏာအလို့ငှာ လှုပ်ရှားဆောင် ရွက်ခြင်းမရှိကြချေ။ သူ့စည်းကိုယ့်စည်းရှင်းရှင်းလင်းလင်းရှိကြသည်။ အခြေခံဥပဒေဘောင်အတွင်းမှ မဟုတ်ဘဲ နိုင်ငံရေးအာဏာ၊ နိုင်ငံရေးလုပ်ငန်းများနှင့် နွှယ်ဆက်၍ လုပ်ဆောင်လှုပ်ရှားလာသောအခါ၌မူ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။ နိုင်ငံတော်အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စင်ပြိုင်ဖြစ်မှု၊ ထိပ်တိုက်ဖြစ်မှု၊ ဖီလာဆန့်ကျင်မှု စသည်ဖြင့် အဟန့်အတား အနှောင့်အယှက်များဖြစ်ပေါ်လာသည်။
ထို့ကြောင့် အမျိုးသားအကျိုးစီးပွားကို အမှန်တကယ်လိုလားသော နိုင်ငံရေးအင်အားစုများသည် မိမိတို့၏ ရည်မှန်းချက်မူဝါဒများကို တည်တည်ငြိမ်ငြိမ် လမ်းမှန်ကမ်း မှန် ဆောင်ရွက်နိုင်ရေးအတွက် အခြေခံ ဥပဒေမူဘောင် အတွင်းမှ နိုင်ငံရေးပါတီများအဖြစ် ဖွဲ့စည်းကာ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ဆောင် ရွက်ကြသည်။ ပြည်သူတို့၏ ရွေးချယ်မှုကို လေးစားစွာ ခံယူ၍ တရားဝင်ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ရှင်းလင်းမြင်သာစွာ ရယူအလုပ်အကျွေးပြုကြသည်။ ပြည်သူတို့၏ ရွေးချယ်မှု၌ အရေးနိမ့်ကာ အရွေးမခံရ လျှင်လည်း စိတ်မပျက်၊ စိတ်မဆိုးဘဲ နောက်တစ်ကြိမ်အတွက် အကောင်းဆုံးပြင်ဆင်ကြသည်။ ထိုသို့သော စနစ်မျိုး အခြေခိုင်မာသည့် ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံရေးတည်ငြိမ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်စုံ၊ ရွက်ကုန်ဖွင့်နိုင်ကြပေသည်။
ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင်မူ ဒီမိုကရေစီတည်ဆောက်မှု အခြေမခိုင်မီ အခြေခံဥပဒေပြင်ပမှ လှုပ်ရှားမှု များကြောင့် အလူးလူးအလိမ့်လိမ့်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးရေးကို စိတ်ဖြောင့်ဖြောင့်မဆောင်ရွက်နိုင်ဘဲရှိတတ်ကြ သည်။ အိမ်နီးချင်းနိုင်ငံတချို့၌ အရောင်စုံအင်္ကျီများဖြင့် လှုပ်ရှားမှုများ၊ အဓိကရုဏ်းများဖြင့် သွေးထွက် သံယိုမှုများ ဖြစ်ခဲ့ရသည့် နိုင်ငံရှိသကဲ့သို့ နိုင်ငံရေးကိစ်္စကို ပါလီမန်အတွင်း၌ မဖြေရှင်းဘဲ လွှတ်တော်ပြင်ပ၌ “ဟာတားလ်” ခေါ် အလုံးစုံသပိတ်မှောက်ပိတ်ဆို့မှုများဖြင့် လူအုပ်စုဖွဲ့ဖိအားပေးမှုများကြောင့် နိုင်ငံစီးပွား ရေးထိခိုက်ခဲ့ရသော နိုင်ငံမျိုးလည်း ရှိခဲ့သည်။ ယနေ့ကာလ မြန်မာနိုင်ငံ၌ မဲပေးပိုင်ခွင့်ရှိသော ပြည်သူအားလုံး၏ ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး မဲပေးသူအားလုံး၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက အတည်ပြုထားသည့် အခြေခံဥပဒေလည်း ရှိနေပြီ။ ထိုအခြေခံဥပဒေနှင့်အညီ စနစ်တကျ ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် ရွေးကောက်တင်မြှောက် ခံရသော ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်များလည်း ရှိနေပြီဖြစ်သည်။
မကြာမီကာလ၌ ထိုကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်အဆင့်ဆင့်နှင့် အစိုးရတစ်ရပ်လည်း ထွက်ပေါ်လာတော့မည် ဖြစ်ကာ ဒီမိုကရေစီခေတ်သစ် အလှည့်အပြောင်းသို့ ရောက်ရှိလာပေတော့မည်။ ထိုသို့သောအလှည့်အပြောင်းကာလ၌ တည်တည်ငြိမ်ငြိမ်ချောချောမွေ့မွေ့ဖြစ်စေရန် များစွာအရေး ပါလှသည်ကို အထူးဆိုဖွယ်မရှိပေ။ ထိုကာလမျိုး ၌ “လှေကိုမလှုပ်နဲ့၊ ငြိမ်ငြိမ်နေ” 'Don't rock the boat' ဟု အင်္ဂလိပ်ဘာသာ၌ ဆိုလေ့ရှိကြသည်။ သို့သော် မြန်မာစကား၌ “ဘုန်းကြီးရူးနှင့် လှေလူး” ဆိုသကဲ့သို့ လွဲမှားသောခံယူချက်၊ ဦးတည်ချက်များဖြင့် တမင်သက်သက်လှေကိုလှုပ်ခါအောင် လုပ်ကိုင်ရန်ကြံစည်လျှင် မူ လွန်စွာအနဿတရာယ်ကြီးလှသော ဆိုးကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ စင်စစ်၌ မျက်မှောက်မြန်မာ့နိုင်ငံရေး အနေအထားမှာ ဦးချိုလဲထားကာစ ဆတ်ချိုနုကဲ့သို့ အထိမခံ သိမ်မွေ့လှသော အခြေအနေရှိပေသည်။
ဤကာလတွင် အခြေအနေအရပ်ရပ်ကို ယထာဘူတကျကျ နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ်ပြန့်ပြန့် နားမလည်ဘဲ မိမိ၏ စိတ်ခံစားမှုများ၊ သူပြောလူပြော ဘေးစကား များ၊ ငါလုပ်သမျှ လက်ညှိုးညွှန်ရာရေဖြစ်ရမည်ဟူသော ယုံကြည်မှုလွန်ကဲလမ်းလွဲမှုများဖြင့် ပေါ့ပေါ့ တန်တန်တွက်ကာ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အုပ်စုအကျိုးစီးပွားအတွက် အမျိုးသားအကျိုးစီးပွားကို ရေရှည်ထည့်သွင်းမစဉ်းစားဘဲ လှေကိုလှုပ်ခါရန် ကြိုးစားလျှင် လှိုင်းလေအကြား၌ လှေတစ်စင်းလုံး တစ်စစီပြိုကွဲကာ စုံးစုံးမြုပ်ရသည့်အခြေအနေမျိုး ရောက်သွားနိုင်သည်ကို အထူးသတိပြုသင့်ပေသည်။ ထို့ကြောင့် အမှန်တကယ်နိုင်ငံအကျိုးပြုထမ်းဆောင်ရန် နိုင်ငံရေးလုပ်လိုသည်ဆိုလျှင် ဒီမိုကရေစီ သဘောတရားနှင့်အညီ အများလက်ခံထားသော အခြေခံဥပဒေမူဘောင်အတွင်းမှ ရှင်းရှင်းလင်းလင်း၊ လွတ်လွတ်ကင်းကင်း၊ ရိုးရိုးသားသား ပါဝင်ဆောင်ရွက်သင့်ကြပေသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ နိုင်ငံတကာစံနှုန်းများထက် မလျော့နည်းဘဲ အင်အားစုများအားလုံး နိုင်ငံရေးပါတီထူထောင်လှုပ် ရှားခွင့်ပေးထားသကဲ့သို့ တိုင်းရင်းသား လူမျိုးစုများအတွက်လည်း ထိုက်သင့်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ဘာသာစာပေယဉ်ကျေးမှုထိန်းသိမ်းခွင့်စသည့် စစ်မှန်သောပြည်ထောင်စုပုံစံကို ချထားပေးပြီးဖြစ်ရာ အခြေခံဥပဒေပြင်ပမှ ၀င်ရောက်၍ “နငယ်ကိုအမြီးတပ်” စရာလည်း လိုတော့မည် မဟုတ်ပေ။ ထိုသို့ မရောင်ရာကို ဆီလူးခြင်းဖြင့် စတင်ထူထောင်စ နိုင်ငံသစ်၊ စနစ်သစ်အတွက် ကောင်းကျိုးထက် အဆိုးဝန်ထုပ်များသာ ပိုမိုလာနိုင်ဖွယ်ရာရှိကြောင်း စိတ်ရင်းစေတနာမွန်ဖြင့် ညွှန်ပြ သတိပေးလိုက်ရပါသတည်း။