အခင်းအကျင်းသစ်ကို
ချဉ်းကပ်မှု အသစ်၊ ယုတ္တိ အသစ်တို့ဖြင့် နားလည်ရန် လိုသည် ဆိုသည့်
ဆရာမောင်စူးစမ်း
ဂျာနယ်တစ်စောင်တွင် ဆရာနှစ်ပါး၏ အယူအဆနှစ်ခုကို ဖတ်ရသည်။ (ဆရာ)
ကျော်ဝင်းနှင့် (ဆရာ) မောင်စူးစမ်း နှစ်ဦးလုံးသည် ဖြတ်သန်းပုံခြင်းလည်း
မတူ ရပ်တည်ချက်ခြင်း မတူ။ သို့သော် ရည်ရွယ်ချက် ကတော့ သိပ်ပြီး ကွာကွာဟဟ
မရှိလှ။
(ဆရာ)ကျော်ဝင်းက မြန်မာနိုင်ငံမှာ
ရုရှားနှင့် မတူသလို၊ တရုတ်နှင့်လည်း တူသည်မဟုတ်ပါ။အလားတူ ယနေ့ဒီမိုကရေစီ
ချန်ပီယံဆု ယူကြသော အမေရိကန်နှင့်လည်း မတူပါ။
မျက်မှောက်ခေတ် ဒီမိုကရက်တိုက်ဇေရှင်း၏
ဘာသာရပ်၏ ကနဦးကျမ်းအဖြစ် ပညာလောကက သတ်မှတ်ထားသော 'တတိယလှိုင်း' (The Third
Wave) စာအုပ်တွင် ကျမ်းရှင် ပါမောက္ခဟန်တင်တန်က မြန်မာနိုင်ငံအကြောင်း
အနည်းအကျဉ်းတို့ ထိထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်
အပြီး ပေါ်ထွက်လာခဲ့သော ဒီမိုကရတ်တိုက်ဇေရှင်း ဒုတိယလှိုင်းတို့တွင် အပါအဝင်
ဖြစ်ခဲ့သည်ဟုသူ ဆိုသည်။ သို့သော် စစ်အေးတိုက်ပွဲ
အရှိန်မြင့်မားခြင်းနှင့်အတူ ပေါ်ထွက်လာသော ဒုတိယဆန့်ကျင်လှိုင်းထဲ့သို့
ပြန်လည်ထိုးကျ သွားခဲ့ရသည်ဟု မှတ်ချက်ပြုခဲ့သည်။ ဤတွင်
စိတ်ဝင်စားဖို့ကောင်းသည်မှာ ဆိုခဲ့ပါ နိဂုံးဇာတ်ကွက်တွင် ထူးထူးခြားခြား
ပါဝင်ခဲ့သော လူမျိုးစုပြဿနာ ဖြစ်လိမ့်မည်ထင်သည်။
အချိန်မှာ (၁၉၆၁)ခုနစ် ဇွန်လ၊ နေရာကား
တောင်ကြီးမြို့စားမြိန်ရိပ်သာ။ ဤနေ့ဤအခါဤနေရာ တွင် ထိုစဉ်က အစိုးရ
(ပထစအစိုးရ)နှင့် ထိုစဉ်က ဝန်ကြီးချုပ်(ဦးနု)တို့၏
တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ပေါင်းစုံ ညီလာခံကြီးကို ကျင်းပခဲ့ကြသည်။
ဤညီလာခံမှာပင် နောင်တွင်'ရှမ်းမူ'ဟု လူသိများလာမည့်
'ဖက်ဒရယ်မူ'ပေါ်ထွက်လာခဲ့သည်။ ဤမူတွင်(၁)ပြည်မကို ပြည်နယ်တစ်ခု
အဖြစ်ဖွဲ့စည်းရေး၊ (၂) လွှတ်တော်နှစ်ရပ် အာဏာတူပေးရေး၊ (၃) လူမျိုးစု
လွှတ်တော်သို့ ပြည်နယ် တိုင်းမှတူညီသော ကိုယ်စားလှယ်ပေးရေး၊ (၄) ပြည်နယ်
များက ဆန္ဒအလျောက် လွှဲအပ်သော အာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့
ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေးစသည့်
အချက်များပါသည်။ (မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့မှ
စိစစ်သော '၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး' စတုတ္တတွဲ စာ-၁၃၄မှ ကောက်နုတ်ချက်)
အဆိုပါ ဖက်ဒရယ်မူကိုပင် (၁၉၆၂) ဖေဖော်ဝါရီ
လကုန်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံဝယ်
ထိုခေတ်နိုင်ငံရေးပါတီများ၊ အစိုးရတာဝန်ရှိသူများ အစုံအညီဖြင့် ဆက်လက်
ဆွေးနွေးခဲ့ကြပါသည်။ ပထမအကြိမ်ဆွေးနွေးပွဲ ဝန်ကြီးစပ်ခွန်ချိုက
ဖက်ဒရယ်မူကိုတင်သွင်းပြီး တိုင်းရင်းသားခေါင်းဆောင် အချို့က
ထောက်ခံခဲ့ကြသည်။ ဒုတိယအကြိမ်ဆွေးနွေးပွဲ (၁၉၆၂-မတ်လ ၁ရက်)တွင်
ပမညတကိုယ်စား ဝိဓူရ သခင်ချစ်မောင်နှင့် ဖဆပလကိုယ်စား ဦးဗဆွေတို့က
မိမိတို့သက်ဆိုင်ရာပါတီများ၏ သဘောထားကို အသီးသီးဖြင့် တင်ပြခဲ့ကြသည်။
ပမညတရော ဖဆပလကပါ ဖက်ဒရယ်မူမှာ လက်တွေ့တွင် ဖက်ဒရေးရှင်းကျော်ပြီး
ကွန်ဖက်ဒရေးရှင်းသို့ ဦးတည်သွားနိုင်စရာ ရှိသည်ဟု ဝေဖန်ထောက်ပြကြသည်။
အာဏာရပါတီ(ပထမ)၏သဘောထားကို တတိယ အကြိမ် ဆွေးနွေးပွဲ(၁၉၆၂-မတ် ၇
ရက်)တွင်တင်ပြဖို့ရှိသော်လည်း လက်တွေ့ ဖြစ်မလာတော့ပါ။
ဒုတိယဆွေးနွေးပွဲအပြီး နောက်တစ်ရက်မှာပင် မြန်မာ့
နိုင်ငံရေးတစ်ခေတ်ပြောင်းသွားသောကြောင့်ဖြစ်ပါသည်။
ဤနေရာတွင် စာရေးသူုအနေနှင့် ဘယ်မူဘယ်အဖွဲ့က
မှန်သည်စသဖြင့် သဘောထားမှတ်ချက်ပြုဖို့ (လုံးဝ) လုံးဝမရှိပါ။ Union ခေါ်ခေါ်
Federal ခေါ်ခေါ် ပြည်ထောင်စုဖွဲ့စည်းပုံတိုင်းတွင် ဗဟိုနှင့်ဒေသကြား
အာဏာခွဲဝေကျင့်ကြံ နူးညံ့သိမ်မွေ့လှသည်နှင့်အမျှ အလွန်အကဲဆတ်သည်ဟူ၍သာ
ထင်မြင်ယူမိပါသည်။ အကယ်၍ ဗဟိုတွင်လုပ် ပိုင်ခွင့် အာဏာကဲပါက Unitary
ဘက်သို့ ဦးတည်သွားနိုင်ပြီ။ ဒေသ ဘက်အလေးသာလွန်းပြန်လျှင်လည်း
ဖက်ဒရေးရှင်းကိုကျော်ပြီး ကွန်ဖက် ဒရေးရှင်းသို့ရောက်ကောင်းရောက်သွား
နိုင်ပြန်သည်။ ထို့ထက်¬ပြဿနာမှာ အစဉ်မသင့်လျှင် ဘော်လကန်နိုင် ဇေးရှင်း
(အစိတ်စိတ်အမွှာမွှာပြိုကွဲမှု) သဘောအထိဆွဲယူကြည့်မြင်နိုင်စရာ လည်းရှိလေရာ
မျှော်မှန်းထားသည် ထက် ဘေးထွက်ဆိုးကျိုးများနိုင် စရာရှိမည်ထင်သည်။
မြန်မာ့ခေတ်သစ်သမိုင်းမှာ ပြည်တွင်းစစ်
အရိပ်မည်းကြီးနှင့် ယခုထက်တိုင် မလွတ်သေးသည်ဖြစ်ရာ ဤဖြစ်ရပ်ကြီး၏
ဇာစ်မြစ်နှင့် အကျိုးဆက်များကို ဥပက္ခာပြုပြီး မည်သည့်အရေး၊
မည်သည့်ကိစ္စကိုမှ အဆောတလျှင် မဆုံးဖြတ် မချဉ်းကပ်သင့်ဟု သဘော ရပါသည်။
(၂ဝ၁ဝ)နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပမည်ဟု တပ်မတော် အစိုးရက
ကြေညာခဲ့စဉ်ကပင်လာတော့ မည့်ရွေးကောက်ပွဲ ကိုအလေးအနက် စဉ်းစားသင့်ကြောင်း
ကနဦး ပြောကြားခဲ့သူများထဲတွင် စာရေးသူမှာတစ်ယောက် အပါအဝင်ဖြစ်ပါသည်။
သို့နှင့်တိုင် ရွေးကောက်ပွဲ တစ်ကြိမ်ဖြတ်သန်းရုံမျှဖြင့် နတ်ရေကန်ထဲ
ခုန်ဆင်းလိုက်သလို တင်းပြည့်ကျပ်ပြည့် ဒီမိုကရစီ ဖြစ်လာလိမ့်မည်ဟူ၍ကား
ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ပါ။ မိမိဖြတ်သန်းခဲ့ရသော မဆိုစလောက်
အတွေ့အကြုံနှင့် ဖတ်ရမှတ်ရသမျှ၊ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်၏
ခက်ခဲနက်နဲမှုကို အထိုက်အသင့်ဆ ဝါးမိ၍လည်း ရွေးကောက်ပွဲ အဖြေအပေါ်
အကောင်းဘက်မှ ကြည့်မြင် နိုင်ပါသည်။
အထူးသဖြင့် လူမျိုးစုပါတီများ
အခြေအနေကောင်းပြီး အဆိုပါပါတီများ ကိုယ်တိုင်က ခွဲထွက်ရေးအကြောင်း
မပြောကြတော့၍ စိတ်ချမ်းသာရသည်။ လူမျိုးစုပြဿနာ၏ အနူးညံ့၊
အသိမ်မွေ့ဆုံးအပိုင်းဖြစ်သော ဗဟိုနှင့် ဒေသ အာဏာခွဲဝေကျင့်သုံးရေး ပြဿနာကို
လာတော့မည့် လွှတ်တော်တွင်သာ အကျေအလည် ဆွေးနွေးနိုင်ကြလျှင်
ဘေးထွက်ဆိုးကျိုး ကင်းကင်းဖြင့် အဖြေတစ်ခု ရလိမ့်မည်ထင်ပါသည်။ လွှတ်တော်
ပြင်ပလမ်းကြောင်းများနှင့် သွားကြမည်ဆိုလျှင်မူ ဆိုခဲ့ပြီးသော
ဘေးထွက်ဆိုးကျိုးများနှင့် ကြုံရနိုင်စရာရှိ၍ အမှန်ပင် စိုးရိမ်မိသည်။
သို့ပါ၍ အသည်းနှလုံးကြီးရုံမျှဖြင့် မလုံလောက်၊ ဦးနှောက်ကြီးကြီးဖြင့်
စဉ်းစားပေးကြပါဟု မေတ္တာရပ်ခံလိုပါသည်။
မိမိ၏ ပုဂ္ဂလိက
ကိုယ်ကျိုးစီးပွားဘက်မှဆိုရလျှင် စာရေးသူ လောဘမကြီးတော့ပါ။
လက်ရှိကျန်းမာရေး အခြေအနေအရ နောင်ဆယ်နှစ်ပင် နေခွင့်ရှိ၊ မရှိမသေချာတော့ရာ
ငယ်အိပ်မက်တွေကို မျိုချတန်သလောက် မျိုချနိုင်ခဲ့ပါပြီး သို့ဖြစ်လင့်ကစား
နိုင်ငံရေးဖွံဖြိုးမှု မရသေးလျှင်သော်မှ စီးပွားရေးဖွံဖြိုးမှု ကိုမူ မသေခင်
မြင်ချင်ပါသေးသည်။ သို့အတွက်ကြောင့်လည်း တတ်နိုင်သမျှ Common on Ground
တစ်ခုရှာဖွေပြီး ညီညီညွတ်ညွတ်ကြိုးပမ်းကြဖို့ အခါခါ မေတ္တာရပ်ခံနေမိခြင်း
ဖြစ်ပါသည်။ သည့်အတွက် ဘဝင်မကျသည် ဆိုငြားအံ့။ ပြောသမျှ၊ ဝေဖန်မျှကို
ရင်စည်းခံရုံမျှ တစ်ပါး အခြားမရှိတော့ပါဟူ၍ ဖော်ပြခဲ့သည်။
(ဆရာ)ကျော်ဝင်းက (Union Federal) ဝေါဟာရ
ပြဿနာ၊ အနုဝေါဟာ ရပြဿနာတို့ကိုသုံးသပ်ပြထားသည့်။ (ဆရာ)ကျော်ဝင်းက၊
ရွေးကောက်ပွဲကို တစ်ကြိမ်ဖြတ်သန်းရုံမျှဖြင့် နတ်ရေကန်
ထဲခုန်ဆင်းလိုက်သလို၊ တင်းပြည့်ကြပ် ပြည့်ဒီမိုကရေစီ ဖြစ်လိမ့်မည်ဟူ၍ သူ
ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ပါဟု ဆိုသည်။ (ဆရာ)ကျော်ဝင်းက ရွေး
ကောက်ပွဲလွန်ရက်စွဲများတွင် လူမျိုးစု ပါတီများအခြေအနေကောင်းပြီးအဆို ပါယ
ပါတီများ ကိုယ်တိုင်ကခွဲထွက်ရေး အကြောင်းမပြောကြတော့၍သူစိတ်ချမ်း
သာသည်ဟုဆိုထားသည်။
လွှတ်တော်တွင် အကျေအလည်ဆွေးနွေးကြလျှင်
ဘေးထွက်ဆိုးကျိုး ကင်းကာ အဖြေတစ်ခုရမည် သဘော ဆွေးနွေးထားသည်။
(ဆရာ)ကျော်ဝင်းက ဦးနှောက်ကြီးကြီးဖြင့် စဉ်းစားပေးကြရန်လည်း စာထဲမှနေ၍
မေတ္တာရပ်ခံ ထားသည်။
(ဆရာ)ကျော်ဝင်းက သူသည် နောက်ဆယ်နှစ်ပင်
နေခွင့်ရှိမရှိ မသေချာ တော့သည့်အတွက် ငယ်အိပ်မက်များကို မျိုချတန်သလောက်
မျိုချနိုင်ခဲ့ပြီဟု လည်းဆိုထားသည်။ တတ်နိုင်သမျှ Common Ground
တစ်ခုရှာဖွေပြီး ညီညီညွတ်ညွတ် ကြိုးပမ်းကြစေ ဆိုသည့်သဘော။ သူ့ကိုလည်း
ဘဝင်မကျသည် ဆိုပါက ပြောဆိုသမျှ၊ ဝေဖန်သမျှကို ရင်စည်းခံမည်ဟု ဆိုထားရာ
စေတနာပါလှ သည်ဟု ဆိုရမည်။
(ဆရာ)မောင်စူးစမ်းမှ အရေးအခင်းမှ
တက်ကြွလှုပ်ရှားသူတို့၏ အမြင်သည် ရေပန်းစားခဲ့ကြောင်း ယခု လွှတ်တော်သုံးရပ်
နိုင်ငံရေး အခင်းအကျင်းတစ်ခု ဖြစ်လာသဖြင့် တက်ကြွလှုပ်ရှားသူတို့အမြင်သည်
ဆီလျော်မှု ကင်းမဲ့သွားပြီဟု ဝေဖန်ခဲ့သည်။
(ဆရာ)မောင်စူးစမ်းကတော့ နိုင်ငံရေးသူငယ်နာ
ရောဂါဟု သတ်မှတ်သည်။ (ဆရာ)မောင်စူးစမ်းက သူ၏အမြင်ကို
ပွင့်ပွင့်လင်းလင်းတင်ပြရာ၌ မည်သည့် အရာကိုမဆို 'ဘူး'အမြင်ဖြင့်ရှုမြင်သော
နိုင်ငံရေးပုံသဏ္ဌာန်သည် တက်ကြွ လှုပ်ရှားသူတို့၏
နိုင်ငံရေးအမြင်နှင့်ဆင်တူသည်။ ဖြစ်ရပ်တို့သည် အလျင်အမြန် ပြောင်းလဲနေလေရာ
ပြောင်းလဲနေသာ ဖြစ်ရပ်တို့က နိုင်ငံရေးအမြင် အတော် များများကို စိန်ခေါ်သည်။
ကိုင်လှုပ်ဖယ်ရှားပစ်သည်။ ထိုအခါ နိုင်ငံရေးအမြော် အမြင်သူတို့အဖို့
ရှိရင်းအခြေအနေကို အသိအမှတ်ပြုလျက် လိုက်လျောညီထွေ ရှိသော
နိုင်ငံရေးလမ်းစဉ်တို့ကို ပြသချမှတ်ရမည်သာ ဖြစ်သည်။
တစ်နည်းပြောလျှင် တည်ဆဲအခြေအနေနှင့်
အနာဂတ်ကို မဟာဗျုဟာမြောက် ရှုထောင့်ဖြင့် နားလည်ရန်လိုခြင်း ဖြစ်သည်။
ပေါ်ပေါက်မည့် လွှတ်တော်နိုင်ငံရေးသည် အသေးအဖွဲ အပြောင်းအလဲမဟုတ်ပေ။
အခြေခံကျသော မဟာဗျုဟာမြောက် အပြောင်းအလဲဖြစ်သည်။ ဤအပြောင်းအလဲတွင် ပါဝင်
ပတ်သက်ရန် ငြင်းဆန်သော ပျက်ကွက်မှု (Default)သည် မိမိကိုယ်မိမိ
ဘေးထိုင်ဘုပြောသော အဆင့်သို့ လျှောချရာရောက်သည်။ လွှတ်တော်သုံးရပ်
နိုင်ငံရေးခေတ်တွင် အဆင့်မြင့်နိုင်ငံရေးဂိမ်းကိုသာ ကစားရမည်။
လူကြီးလူကောင်း ဂိမ်းကိုသာ ကစားရမည်။ မိမိပြောင်းလဲလိုသာ အစီအစဉ်ကို
လွှတ်တော်သုံးရပ်အတွင်း၌သာ ကြိုးပမ်းရမည်။ သို့မဟုတ်ဘဲ တက်ကြွလှုပ်ရှား
သူတို့၏ အမြင်ဖြင့်သာ နိုင်ငံရေးကစားလျှင် လွှတ်တော်သုံးရပ် နိုင်ငံရေး (ဝါ)
အခင်းအကျင်းအသစ်ကို ချဉ်းကပ်မှုအသစ်၊ ယုတ္တိအသစ်တို့ဖြင့် နားလည်ရန်
လိုသည်ဟူ၍ဖော်ပြခဲ့ရာ နိုင်ငံရေးအခင်းအကျင်းအသစ်ကို ချဉ်းကပ်မူအသစ်၊
ယုတ္တိအသစ်ဖြင့် နားလည်လိုရန်သည့်လို သုံးသပ်ခဲ့သည့်။
(ဆရာ)ကျော်ဝင်းနှင့်
(ဆရာ)မောင်စူးစမ်းတို့သည် အမြင်အတွေးများသည် တူသလိုလိုကွဲ၍၊
မတူသလိုလိုနှင့် တွဲနေပြန်သည်၊ သို့သော်(ဆရာ)နှစ်ပါးလုံးသည်
အမျိုးသားရေးအမြင်ကို ချဉ်းကပ်ရာတွင် ကိုယ်မြင်တာ၊ ကိုယ်ပြောရဲသည့် သဘော၊
လူဆိုသည်က ကိုယ်ယုံတာကိုယ် ရဲရဲပြောနိုင်ပါမှ သမိုင်းတွင် တရားခံ
မဖြစ်ပေလိမ့်မည်။ ရေငုံနူတ်ပိတ်ကာ ဝဇီပိတ်နေခြင်းသည် သမိုင်းအပေါ်
မရိုင်းရာရောက်မည် ဖြစ်သည်။ သည့်အတွက် မည်သူမဆို ကိုယ်ယုံတာ
ကိုယ်ပြောရဲဖို့ ကိုယ့်သမိုင်းမရိုင်းဖို့ ရဲရဲပြတ်ပြတ် တာဝန်ယူသင့်လှချေ၏။