xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံတစ်ခု၏ ဂုဏ်သရေ

Sunday, December 26, 2010

နိုင်ငံတစ်ခု၏ ဂုဏ်သရေ

Legitimacy ဆိုသော စကားလုံးကို တရားဝင်မှုဟု ဘာသာပြန်ရမည် ဖြစ်သော်လည်း နိုင်ငံရေးနှင့် ပတ်သက်လျှင် ဂုဏ်သရေဟု ဘာသာပြန်က ပိုမို ထိရောက်မည် ထင်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏ Legitimacy ဆိုသည်မှာ နိုင်ငံတစ်ခု၏ ဂုဏ်သရေဟု ဘာသာပြန်ရလိမ့်မည် ထင်ပါသည်။
နိုင်ငံတစ်ခု၏ ဂုဏ်သရေဟုပြောလျှင် အများစုက အစိုးရကို ပြေးမြင်ဖွယ် ရှိသော်လည်း နိုင်ငံတစ်ခု၏ ဂုဏ်သရေဆိုသည်မှာ အစိုးရ၊ နိုင်ငံ့မျက်နှာဖုံး လူပုဂ္ဂိုလ်များ၊ နိုင်ငံကိုယ်စားပြု သံတမန်များ၊ နိုင်ငံကိုယ်စားပြု အားကစားအသင်းများ၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အောင်မြင်မှုများမှသည် နိုင်ငံသား တစ်ဦးချင်း၏ အပြုအမူအဆုံး ပါဝင်ပတ်သက်သည်ဟု ဆိုရလိမ့်မည် ဖြစ်ပါသည်။
နိုင်ငံတစ်ခု၏ Legitimacy ဆိုသည်မှာ နိုင်ငံတစ်ခု၏ ဂုဏ်သရေဖြစ်၍ ထိုဂုဏ်သရေကို နိုင်ငံသားအားလုံးက မိမိကျရာကဏ္ဍမှာ ပါဝင်တည်ဆောက် ပေးကြရန် တာဝန်ရှိပြီး အစိုးရတစ်ဦးတည်းတွင်သာ တာဝန်ရှိသည် မဟုတ်ပါ။ နိုင်ငံတစ်ခု၏ ဂုဏ်သရေနှင့်ပတ်သက်လျှင် နိုင်ငံသားအားလုံး၏ တာဝန်မှာ အောက်ထစ်ဆုံး မလုပ်သင့်သည့် အပြုအမူ အကျင့်အကြံမျိုးကို မလုပ်မိရန် တာဝန်ရှိပါလိမ့်မည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးက မိမိလစာထက် အဆပေါင်းများစွာ တန်ကြေးရှိသည့် မော်တော်ယာဉ်မျိုးကို ၀ယ်ယူ စီးနင်းခြင်းမျိုးမှအစ မြန်မာနိုင်ငံမှ ထွက်ခွာသည် သို့မဟုတ် မြန်မာနိုင်ငံသို့ ၀င်ရောက်သည့် နိုင်ငံတကာ လေယာဉ်ပေါ်တွင် စကား ကျယ်ကျယ်ပြောခြင်းမျိုး အဆုံး မလုပ်သင့်သည်များကို မလုပ်ခြင်းများသည် နိုင်ငံသားတစ်ဦးချင်းစီက ကျင့်ကြံရမည့် ကိစ္စရပ်များ ဖြစ်နေပါသည်။ အစိုးရများလည်း ထုံးတမ်းစဉ်လာ မရှိသည့် အပြုအမူများကို မလုပ်ဘဲနေရန် တာဝန်ရှိပါသည်။
နောက်တစ်ဆင့်တက်၍ ပြောရလျှင် ဂုဏ်သရေကို တည်ဆောက်ရန် လုပ်သင့်သည့်အပိုင်းများကို ကျရာကဏ္ဍမှ လုပ်ဆောင်ကြရေး ဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် နိုင်ငံတကာ စံနှုန်းများကို လိုက်နာခြင်းသည် နိုင်ငံ၏ဂုဏ်သရေကို ဖန်တီးပေးခြင်းဖြစ်ပါသည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းထား၊ အစိုးရထံတွင် ရှိနေသော ပညာရှင် အရေအတွက်၊ နိုင်ငံကိုယ်စားပြု ဘောလုံးအသင်း၏ အောင်မြင်မှု၊ အင်္ဂလိပ် စကားကို ကောင်းမွန်စွာ ပြောနိုင်သော အစိုးရအဖွဲ့ စသည်များသည် နိုင်ငံတစ်ခု၏ ဂုဏ်သရေကို ဖြစ်စေသော ကိစ္စရပ်များဖြစ်၍ နိုင်ငံအသီးသီးသည် ထိုကိစ္စရပ်များကို ဖြည့်ဆည်းနေကြခြင်း ဖြစ်ပါသည်။ ဘလက်ဘယ်ရီခေါ် တယ်လီဖုန်းမျိုးကို အမေရိကန် သမ္မတလောင်း ဘားရက်ခ်အိုဘားမား ကိုင်တွယ် အသုံးပြုတတ်ကြောင်း အမေရိကန်မီဒီယာများက ရေးကြီးခွင်ကျယ် ရေးကြခြင်းမှာ ထိုအချက်ပင် ဖြစ်ပါသည်။
အတိုချုပ်၍ ပြောရလျှင် နိုင်ငံတစ်ခု၏ ဂုဏ်သရေဆိုသည်မှာ ထိုနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းဆောင်များနှင့် နိုင်ငံသား တစ်ဦးချင်းတို့က အရေးအရာ အသီးသီးကို ကျရာကဏ္ဍမှ အလှအပ လုပ်ပြထားရန် ကိစ္စကို နိုင်ငံသား တစ်ဦးချင်းက သိနားလည်ခြင်းမှ စရလိမ့်မည်ဖြစ်သည်။ ထိုသို့ သိနားလည်ပြီးလျှင် ထိုအလှအပများကို ဖန်တီးရန်ကိစ္စ၊ အောက်ထစ်ဆုံး အရုပ်ဆိုးသော အဆုံးအဖြတ်များကို မပြုမိရန်ကိစ္စများ သူ့အလိုလို လျော့ကျသွားလိမ့်မည်ဟု ယုံကြည်ပါသည်။
(The Voice Weekly)