xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ ( ၃ )

Tuesday, December 21, 2010

ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ ( ၃ )

မင်္ဂလာပါ မစု။ မစုလို့ ခေါ်ဝေါ် သုံးနှုန်းတာကို စာဖတ်ပရိသတ် အချို့က ဒါဟာ မရိုမသေ ခေါ်ဝေါ်တာ ဖြစ်ကြောင်း ဝေဖန် ပြောဆို လာကြပါတယ်။ ကျွန်တော့် အစ်မအကြီးဆုံး ဒေါ်ညိုဟာ မစုထက် တစ်နှစ်ကြီး ပါတယ်။ အစ်မကြီး ဒေါ်ညိုကိုလည်း ကျွန်တော် မညိုလို့ပဲ ခေါ်ခဲ့ပါတယ်။ မစုထံသို့ အိတ်ဖွင့်ပေးစာ (၁)နှင့် ''အမြန်ဆုံး ရုန်းထွက် လိုက်ပါတော့လား'' ဆောင်းပါးများကို ရေးခဲ့တဲ့ ၂၀၀၇ ခုနှစ် အချိန်တုန်းက မစုဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့ နေထိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ မစုကို ကရုဏာ ပိုခဲ့မိပြီး မစုလို့ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီစာတွေထဲမှာ "မစုရေ" "မစုရေ" လို့ စာပိုဒ်ရဲ့ အစတိုင်းမှာ နွေးထွေးစွာ ခေါ်ဝေါ်ခဲ့ပါတယ်။ မျက်စိအောက်က ပျောက်သွားတဲ့ ဆယ်ကျော်သက်ရွယ် အစ်မကြီး တစ်ယောက်ကို စကားပြော တတ်ကာစ မောင်ငယ်လေး တစ်ယောက်က တစာစာ တမ်းတခေါ်နေတဲ့ သဘောပါပဲ။ နောက်ပြီး မစုဟာ ကျွန်တော်တို့ လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီး ဖြစ်တာကြောင့် အစ်မရင်း တစ်ယောက်လို သဘောထားခဲ့ မိပါတယ်။ ခု မစု လွတ်မြောက် လာချိန်မှာ ဒေါ်စုလို့ မခေါ်ချင်တော့ ပါဘူး။ ဟိုအရင်တုန်းက မစုအပေါ် ဖြစ်ပေါ်ခဲ့တဲ့ အကြင်နာ၊ ကရုဏာ စိတ်တွေဟာ ခုထက်ထိ ရှင်သန်နေဆဲ ဖြစ်တဲ့အတွက် မစုလို့ပဲ ဆက်၍ ခေါ်ခွင့်ပေးဖို့ အနူးအညွတ် မေတ္တာ ရပ်ခံ အပ်ပါတယ် မစု။



မစု ခင်ဗျား--- နိုဝင်ဘာလ (၂၅) ရက်နေ့တုန်းက မစုတို့ ရုံးရှေ့မှာ ဖြစ်ခဲ့တာတွေနှင့် ပတ်သက်ပြီး ကျွန်တော်ရှင်းလင်း တင်ပြပါရစေ။ နိုဝင်ဘာလ (၂၄) ရက်နေ့ နေ့လည် (၁၂)နာရီလောက်မှာ ကျွန်တော်ဟာ မစုထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင် မော်နီတာ ဂျာနယ်ပါ ကျွန်တော်ရေးတဲ့ ဆောင်းပါး နှစ်ပုဒ်၊ သတင်းစာပါ ကျွန်တော်ရေးတဲ့ ဆောင်းပါး (၄) ပုဒ် တို့ကို မစု ဖတ်နိုင်ဖို့ အတွက် မစုတို့ ရုံးချုပ်ရဲ့ စာပေးစာယူမှာ တရားဝင် မှတ်ပုံတင် လက်မှတ်ထိုးပြီး ပေးအပ်ခဲ့ပါတယ်။ စာအိတ်ပေါ်မှာ "သို့/ ဒေါ်အောင်ဆန်းစုကြည်" "မှ/ ငါးမင်းဆွေ" လို့ ရေးထားပါတယ်။ ဒီအချိန်မှာ မစုဟာ ရုံးချုပ်ရဲ့ အောက် ထပ်မှာ စည်းဝေးပွဲ လုပ်နေပါတယ်။ မစုကို ကျွန်တော် လှမ်းမြင်နေရ ပါတယ်။ မန္တလေးတိုင်း ဒေသကြီးမှ အမျိုးသမီး တစ်ဦး တင်ပြပြောဆို နေတာကိုလည်း တွေ့မြင် နေရပါတယ်။ မစုကို အနီးကပ်တွေ့ချင် မြင်ချင်တဲ့ ဆန္ဒပြင်းပြ နေတာကြောင့် (၁၀) မိနစ်ခန့် မစုမျက်နှာကို ငေးမော ကြည့်ရှုပြီးမှ မစုတို့ ရုံးချုပ်ကနေ ကျွန်တော် ထွက်ခွာခဲ့ပါတယ် မစု။


မစု ခင်ဗျား--- ရန်ကုန်မြို့ထဲမှာ ကျွန်တော် ကားမောင်းနေတုန်း ဖုန်းဝင်လာပါတယ်။ ဖုန်းဆက်သူက သူဟာ NLD ရုံးချုပ်က ဦးဝင်းထိန် ဖြစ်ကြောင်း ပြောပါတယ်။ သူက ခင်ဗျားရဲ့ ပေးစာကို ဒေါ်အောင်ဆန်း စုကြည်ထံ မတင်ပြနိုင်ကြောင်း ပြောလာပါတယ်။ "ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ (၂)" လို့ ခေါင်းစဉ် တပ်ထားတာကို မကြိုက်ကြောင်း "ဒေါ်စုကြည်" မှာ အမည်ရင်း မဟုတ်ကြောင်း၊ "ဒေါ်အောင်ဆန်းစုကြည်" လို့သာ ခေါ်ဝေါ် သုံးနှုန်းရမှာ ဖြစ်ကြောင်း ပြောလာပါတယ်။ ကျွန်တော်က ၂၀၀၇ ခုနှစ်တုန်းက သတင်းစာထဲမှာ "ငါးမင်းဆွေမှ ဒေါ်စုကြည်သို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့ကြောင်း၊ ဒါကြောင့် ယခုလည်း "ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ (၂)" ဟု ရှေ့နောက် လျှော်ညီအောင် ရေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ကျွန်တော်ပေးသော ဆောင်းပါး အပုဒ်တိုင်းရဲ့ ထိပ်မှာ "အစ်မကြီး ဒေါ်အောင်ဆန်း စုကြည်သို့ ရိုသေစွာဖြင့် အမှတ်တရ" လို့ ရေးသားပြီး လက်မှတ်ရေးထိုး ထားပါကြောင်း၊ အစ်ကိုကြီးက "ဒေါ်အောင်ဆန်း စုကြည်"လို့ ပြင်စေလိုလျှင်လည်း ကျွန်တော် ပြင်ပေးပါမယ်။ ဒီလိုပြင်လိုက်လျှင် ကျွန်တော့်စာကို ပို့ပေး နိုင်မှာလားဟု မေးရာ ဦးဝင်းထိန်က မပို့ပေးနိုင်ကြောင်း၊ ခင်ဗျား စာထဲမှာ မှားယွင်းမှု အချို့ ပါရှိနေကြောင်း ပြောပါတယ်။ ကျွန်တော်က ကျွန်တော်ရေးတဲ့ စာတွေ၊ ဆောင်းပါးတွေ ထဲမှာ မှားတာရှိလျှင် ဒေါ်အောင်ဆန်း စုကြည်က လူသိရှင်ကြား ဝေဖန် ထောက်ပြပေးပါလို့ ရေးထားကြောင်း၊ မှားတာမှန်တာ ဆုံးဖြတ်ရမည်မှာ ဒေါ်အောင်ဆန်း စုကြည်သာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ ဦးဝင်းထိန်က ဒီစာကို ဘယ် နည်းနဲ့မှ မတင်ပေး နိုင်ကြောင်း ပြန်ပြောပါတယ်။ ဒီစာကို မတင်ပေး နိုင်ရင်လည်း ကျွန်တော် ရေးထားတဲ့ သတင်းစာနဲ့ ဂျာနယ်များပါ ဆောင်းပါးများကို တင်ပေးပါဟု ပြောရာ ဦးဝင်းထိန်က မတင်ပေးနိုင်ကြောင်း ပြောပါတယ်။ ဒီလို ဦးဝင်းထိန်ရဲ့ ပြောကြားချက် များကြောင့် ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်း စုကြည်ကို နားမျက်စိ ပိတ်နေသူဟု ကျွန်တော် ခံစားထင်မြင်မိခဲ့ ပါတယ် မစု။


မစု ခင်ဗျား---- ထိုနေ့ညနေမှာပဲ ရပ်ကွက်တွင်းရှိ စတိုးဆိုင်မှ တီရှပ် အဖြူတစ်ထည်နှင့် ဆော့ပင်အနီ တစ်ချောင်းတို့ကို ဝယ်ပြီး ဘာတာမှတ်တိုင် အနီးရှိ ပန်းချီဆရာ တစ်ဦးအား တီရှပ်ပေါ်တွင် "ဒေါ်အောင်ဆန်း စုကြည်ကို နားမျက်စိ မပိတ်ပါနဲ့၊ မော်နီတာ ဂျာနယ်မှ ငါးမင်းဆွေ၏ မေတ္တာလမ်းစဉ် မှတစ်ပါး အခြားမရှိပါ ဆောင်းပါးကို ဒေါ်အောင်ဆန်း စုကြည်သို့ ပို့ပေးပါ" လို့ ရေးခိုင်းခဲ့ပါတယ်။ အဲဒီနောက် သတင်း ဂျာနယ်တိုက် (၄)ခုသို့ ဖြစ်ပျက်သည့် အကျိုးအကြောင်းကို ပြောပြပြီး မနက်ဖြန် နေ့လည် (၁၁ )နာရီတွင် မစုတို့ ရုံးချုပ်သို့ သွားပြီး ဦးဝင်းထိန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းပေးခဲ့ပါတယ်။ သတင်းဂျာနယ် အချို့ကို သတင်း ပေးခဲ့ခြင်းသာ ဖြစ်ပြီး ညှိနှိုင်းတိုင်ပင် ခေါ်ယူခြင်း မလုပ်ခဲ့ပါ။ ခေါ်ပိုင်ခွင့်လည်း ကျွန်တော့် တွင် မရှိပါ။ နောက်နေ့ နေ့လည် (၁၁) နာရီတိတိ အချိန်မှာ ကျွန်တော် မစုတို့ ရုံးချုပ်ရှေ့သို့ ရောက်ခဲ့ပါတယ်။ ရုံးရှေ့မှာ ကားတွေ ပိတ်နေတာကြောင့် ရုံး တစ်ဖက်မှာရှိတဲ့ လဖက်ရည် ဆိုင်ရှေ့မှာ ကျွန်တော့်ရဲ့ ဆန်နီပစ်ကပ် ကားကို ရပ်လိုက် ပါတယ်။ ကားပေါ်က ဆင်းပြီး မစုတို့ ရုံးရှေ့ကို တိုက်ရိုက် လာခဲ့ပါတယ်။ ရုံးရှေ့ရောက်တော့ သတင်းထောက် တစ်ဦးက ဒီရုံးရှေ့ကို ဘာကြောင့် လာရကြောင်း မေးပါတယ်။ ကျွန်တော်က အထက်မှာ ရေးခဲ့တဲ့ အတိုင်း မနေ့က ဖြစ်ပျက်တဲ့ အဖြစ်အပျက် အားလုံးကို ပြောပြပြီး ကျွန်တော့်ရဲ့ စာနဲ့ ဆောင်းပါးတွေကို ဒီရုံးမှ ရုံးအဖွဲ့မှူး ဖြစ်သူ ဦးဝင်းထိန်က ဒေါ်အောင်ဆန်း စုကြည်ထံသို့ တင်ပေးနိုင်ပါရန် အတွက် ဦးဝင်းထိန်နဲ့ တွေ့ဆုံရန် လာရောက်ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ ပါတယ်။ ဒီလို ရှင်းပြတဲ့ နေရာမှာ ရောက်နေတဲ့ သတင်းထောက် အားလုံး ကြားနိုင်ရန်နဲ့ အသံသွင်းစက်ထဲ အသံ ကောင်းမွန်စွာ ဝင်နိုင်ရန် နှစ်ကိုယ်ကြား ပြောသော အသံထက် အနည်းငယ် ကျယ်သော အသံဖြင့် ပြောဆို ရှင်းပြခဲ့ပါတယ်။ အဲဒီနောက် ပါလာတဲ့ မော်နီတာ ဂျာနယ်ပါ ဆောင်းပါး နှစ်ပုဒ်နှင့် ငါးမင်းဆွေမှ ဒေါ်အောင်ဆန်း စုကြည်သို့ (၂) အိတ်ဖွင့်ပေးစာ တို့ကို ပြည်တွင်း သတင်းထောက်တွေကို ပေးဝေခဲ့ပါတယ်။ မစုတို့ ရုံးအဖွဲ့မှ တိုက်ပုံ ဝတ်ထားတဲ့ အသက်ကြီးပိုင်း တစ်ယောက်က ဦးမင်းဆွေ ဘာဖြစ်ချင် သလဲလို့ မေးပါတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့ စာနဲ့ ဆောင်းပါးများကို ဒေါ်အောင်ဆန်း စုကြည်ထံသို့ ပို့ပေးနိုင်ရန် ဦးဝင်းထိန်နဲ့ တွေ့ဆုံ လိုပါကြောင်း၊ ဖြစ်နိုင်လျှင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ပြီး မနေ့က ဖြစ်ပျက်ခဲ့သည် များကို ရှင်းပြလိုပါကြောင်း ပြောခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်က သတင်း ပို့ပေးမည် ဖြစ်ကြောင်း၊ ခေတ္တ စောင့်ရန် ပြောပါတယ်။ ကျွန်တော်က ရုံးထဲမှာ ဝင်စောင့်ဖို့ ရုံးနယ်နိမိတ်ကို ခြေတစ်လှမ်း ဝင်လိုက်တာနဲ့ ကျွန်တော့်ကို လက်နဲ့တားပြီး အပြင်မှာ စောင့်ရန် ပြောပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးဝင်းထိန်တို့ကို တွေ့ဆုံရန် လာရောက်တဲ့ ပြည်သူ တစ်ယောက်ကို ရုံးထဲဝင်ပြီး စောင့်ဆိုင်းခွင့် မပြုတာ အလွန် ရိုင်းစိုင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ငါးမင်းဆွေ ဆိုတာ ဒေါ်အောင်ဆန်း စုကြည်ကို ဝေဖန် ခဲ့တာကြောင့် အငြိုးအတေး အာဃာတကြီးစွာ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလိုက်ခြင်း ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ် မစု။


မစု ခင်ဗျား--- ကျွန်တော် ငါးမင်းဆွေဟာ နိုင်ငံပိုင် သတင်းစာများက နေပြီး မစုကို ဝေဖန် ထောက်ပြတာတွေ ရှိခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက မစုဟာ နေအိမ်မှာ အကျယ်ချုပ် ခံထားရတာမို့ မစုဘက်က ကျွန်တော် ရေးတာတွေကို ပြန်လည် ဝေဖန် ထောက်ပြခွင့် မရှိခဲ့ပါဘူး။ ယခု မစု လွတ်မြောက်လာချိန်မှာ ကျွန်တော် မစု အပေါ် ရေးသားခဲ့တာ တွေဟာ ဘာတွေများ မှားနေပါ သလဲလို့ လူသိရှင်ကြား ဝေဖန် ထောက်ပြပေးဖို့ သတင်းဆောင်းပါး အချို့ကို လာပေးတာပါ။ ဒါဟာ လွတ်လပ်စွာ ရေးသားပြောဆို ဝေဖန်နိုင်မှုပါ။ ဒါဟာ တရားမျှတတဲ့ လုပ်ရပ်ပါ။ ဒါဟာ မစုတို့ ပြောပြောနေတဲ့ ဒီမိုကရေစီ ကျင့်စဉ်တစ်ခု ပါ။ ဒီလို ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ ကျွန်တော့် ဆောင်းပါးများကို ဝေဖန် ထောက်ပြ နိုင်ပါရန် လာပေးတာကို မစုထံ မတင်ပြခြင်း၊ ထိုသို့ မတင်ပြခြင်း အတွက် မိမိ ခံစားရသည့် ခံစားချက်ကို မိမိ အင်္ကျီပေါ်တွင် ရေးပြီး မတင်ပေး နိုင်ဘူးဟု ပြောဆိုသူ ဦးဝင်းထိန်နဲ့ တွေ့ဆုံနိုင်ရန် အေးအေးဆေးဆေး လာရောက်သူကို ရုံးအတွင်း ဝင်ထိုင်စောင့်ခွင့် မပြုဘဲ အပြင် ပလက်ဖောင်း ပေါ်တွင် တစ်နာရီလောက် မတ်တပ်ရပ် စောင့်ခိုင်းထားခြင်း တို့ဟာ ဒီမိုကရေစီကို စော်ကားခြင်း ဖြစ်ပါတယ် မစု။


မစု ခင်ဗျား--- မစုရုံးရှေ့မှာ ထိုင်ခုံ မရှိပါဘူး။ ရုံးရဲ့ လမ်းတစ်ဖက်က လက်ဖက်ရည်ဆိုင် ဒါမှမဟုတ် ကားထဲထိုင် စောင့်နေ ပြန်ရင်လည်း ကျွန်တော့်ကို တွေ့ဖို့ ခေါ်လျှင် လိုက်ရှာနေရမှာ စိုးလို့ရယ်၊ လက်ဖက်ရည် ဆိုင်ထဲမှာ ထောက်လှမ်းရေး အဖွဲ့အစည်းတွေ ရှိနေတာကြောင့် ရုံးရှေ့မှာပဲ မိုးတိုးမတ်တပ်နဲ့ ခေါ်နိုးခေါ်နိုး တစ်နာရီလောက် စောင့်နေရပါတယ်။ ခန္ဓာကိုယ် အလေးချိန်က များလွန်းတာကြောင့် မတ်တပ် မရပ်နိုင်တဲ့ အဆုံး လမ်းဘေး ပလက်ဖောင်းမှာ ဖင်ထိုင်ချခဲ့ ရပါတယ်။ ၁၉၈၀ ခုနှစ် ကနေ ယခု ထက်ထိတိုင် နှစ် (၃၀) လုံးလုံး မြန်မာနိုင်ငံ ဆားထုတ်လုပ်သူ အကြီးဆုံး (၁၀) ဦးမှာ တစ်ဦး အပါအဝင် ဖြစ်တဲ့ ကျွန်တော်ဟာ လူတစ်ယောက်ကို တွေ့ခွင့်ရဖို့ အတွက် ဒီတစ်ခါပဲ အောက်ကျနောက်ကျ ဖြစ်ခဲ့ရဘူး ပါတယ်။ မပြောကောင်း ပြောကောင်း ပြောရလျှင် ဆားလုပ်ငန်းရှင်ကြီး ငါးမင်းဆွေဟာ မစုတို့ ရုံးရှေ့မှာ လမ်းဘေး သူတောင်းစား တစ်ယောက်ဖြစ်ဖို့ ခွက်စုတ် တစ်လုံးသာ လိုတော့တဲ့ အဖြစ်သို့ ရောက်ခဲ့ရပါတယ် မစု။


မစု ခင်ဗျား--- အဲဒီနေ့က ဦးဝင်းထိန်နဲ့သာ တွေ့ခွင့် ရခဲ့ပါတယ်။ မစုနဲ့ တွေ့ခွင့် မရခဲ့ပါ။ မစုနဲ့ ၅ မိနစ်လောက်တောင် တွေ့ဆုံ ရှင်းလင်းပြခွင့် မရတဲ့အတွက် ကျွန်တော် ဝမ်းနည်းမိပါတယ်။ ကျွန်တော့်ဘက်က မစုကို ရှင်းလင်း ပြောဆို ချင်တာကို မပြော နိုင်ခဲ့တဲ့ အတွက် လူ့အခွင့်အရေး ရှုံးဆုံးသလို ဖြစ်ခဲ့ရပါတယ်။ ဘယ်လို ဖြစ်ကြတာလဲလို့ ဦးဝင်းထိန် ပြောတာရော၊ ကျွန်တော် ပြောတာရော မစု နားထောင်သင့် ပါတယ်။ ဒါမှသာ မစု အမှန်ကို မြင်နိုင်ပါလိမ့်မယ်။ ဒါမှသာ မျှတမှု ရှိပါလိမ့် မယ်။ အဲဒီနေ့က မစု ကျွန်တော့်ကို ခတ္တ ခဏလောက်တောင် ထွက်မတွေ့ နိုင်ခြင်းဟာ တစ်ကယ်လို့ မစုက ကျွန်တော့်ကို ထွက်တွေ့လိုက်လျှင် ပြည်တွင်းဂျာနယ် သတင်းထောက်တွေက စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက် တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ ငါးမင်းဆွေ ရေးထားတာကို ဒေါ်စု ဘယ်လို ဖြေမလဲလို့ မေးခဲ့ကြလျှင် မစု အနေနဲ့ ငြင်းရလည်းခက်၊ ဝန်ခံရလည်းခက် ဆိုတဲ့ ဘေးကြပ်နံကြပ် အခြေအနေကို ဆိုက်ရောက်နေတဲ့ အတွက် ဒီလို ထွက်မတွေ့ရဲ တာလို့ ကျွန်တော် ထင်မိပါတယ်။ မစုကို အိတ်ဖွင့်စာ ပို့ပြီးတာ (၁၀) ရက်ကျော်ကြာတဲ့ အထိ မစုဘက်က ယနေ့ထက်တိုင် ကျွန်တော် မေးထားတာနဲ့ ပတ်သက်ပြီး ဘာသံမှ ထွက်မလာ သေးတာကို ကြည့်လျှင် ကျွန်တော် ထင်မြင် တာတွေဟာ ပိုပြီး ခိုင်မာလာရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မစု တောင်းဆိုခဲ့တဲ့ စီးပွား ပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်ခြင်း ဟုတ်မဟုတ် ဆိုတာကို မစု သတ္တိရှိရှိ ရှင်းလင်း ပြောကြား လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်နေဆဲပါ မစု။


မစု ခင်ဗျား--- မစုတို့ ရုံးရှေ့ကို သွားခဲ့တဲ့ နိုဝင်ဘာလ (၂၅ )ရက်နေ့ ညနေပိုင်း VOA အစီအစဉ် ကနေပြီး စစ်အစိုးရပိုင် သတင်းစာများမှာ ဆောင်းပါးရေးတဲ့ ငါးမင်းဆွေဟာ NLD ရုံးချုပ်ရှေ့သွားပြီး သူ့ဆောင်းပါးတွေကို ဒေါ်အောင်ဆန်းစုကြည် ဖတ်ဖို့ အောင်ဟစ်ဆန္ဒပြ တောင်းဆိုခဲ့တယ်။ ဒီလို လုပ်ရပ်ကြောင့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးကို ပိုမို စိုးရိမ် လာရတယ်ဟု ပြောဆိုသွားပါတယ်။ ဒီပြောဆိုမှုဟာ လုံးဝမှားယွင်းတဲ့ ပြောဆိုမှု ဖြစ်ပါတယ် မစု။ ကျွန်တော်ဟာ ကျွန်တော့် ပေးစာနဲ့ ဆောင်းပါးတွေကို မစုထံ မပေးပို့ တဲ့အတွက် ဒီလို မပေးပို့နိုင်တဲ့ ဦးဝင်းထိန်နဲ့ တွေ့ဆုံရန် မစုတို့ ရုံးကို တစ်ယောက်တည်း အေးအေးဆေးဆေး လာခဲ့ခြင်း ဖြစ်ပါတယ်။ သတင်းထောက်တွေ မေးသလောက်ကိုသာ ဖြေပြီး မစုတို့ ရုံးက တာဝန် ရှိသူတွေက ရုံးထဲပေးမဝင်လို့ ရုံးအပြင် ပလက်ဖောင်းပေါ်မှာ ရပ်စောင့်နေရခြင်းသာ ဖြစ်ပါတယ်။ အော်ဟစ်ဆန္ဒပြ ရမ်းကားခြင်း လုံးဝ မပြုလုပ်ခဲ့ပါ။ ဒါတွေကို ပြည်တွင်းပြည်ပ သတင်းထောက်တွေက အသံသွင်းခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယို ရိုက်ခြင်းများ လုပ်ခဲ့ပါတယ်။ ပြည်ပ အသံလွှင့် ဌာနက သတင်းထောက်တွေ ရှိနေပါလျှက် ကျွန်တော် အော်ဟစ် ဆန္ဒပြခြင်း မရှိဘူးဆိုတာ သိမြင်ပါလျက်၊ VOA အပါအဝင် အခြားပြည်ပ အသံလွှင့် ဌာနများကပါ ငါးမင်းဆွေဟာ NLD ရုံးချုပ်ရှေ့မှာ အော်ဟစ် ဆန္ဒပြခဲ့တယ်လို့ ထုတ်လွှင့် သွားကြပါတယ်။ ဒီလိုထုတ်လွှင့်သွားတာကို ကြားရတဲ့ မြန်မာပြည်သူ အချို့က ကျွန်တော့်ကို စိတ်ဆိုးဒေါသ ဖြစ်ကြပြီး ဖုန်းထဲကနေ ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ကျွန်တော်နှင့် စီးပွားလုပ်ကိုင်ဖက် မိတ်ဆွေ တစ်ဦးလည်း ပါဝင်ခဲ့ ပါတယ်။ အဲဒီလို ကျွန်တော့်ကို ဆဲဆိုခြိမ်းခြောက် ပြောဆိုခဲ့တဲ့ မြန်မာပြည်သူ တွေကို ကျွန်တော်လုံးဝ စိတ်မဆိုးပါဘူး။ သူတို့ကို ဖြစ်စဉ်အမှန်တွေ ကျွန်တော် ရှင်းပြခဲ့ပါတယ်။ အချို့ဆဲဆို ခြိမ်းခြောက်သူတွေဟာ ကျွန်တော့်ကို ရှင်းပြခွင့်ပင် မပေးဘဲ ရေပက် မဝင်အောင် ဆဲဆိုပြီး ဖုန်းချ သွားကြပါတယ်။ ဒီလို ကျွန်တော်တို့ နိုင်ငံသား အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြည်ပ အသံလွှင့် ဌာနများက မဟုတ်မမှန် သတင်းတစ်ခုကို မဟုတ်မမှန်မှန်း သိလျက် မြင်လျက်နှင့် ထုတ်လွှင့်ခဲ့တာ အလွန်ဝမ်းနည်း စိတ်ထိခိုက်ဖို့ ကောင်းပါတယ် မစု။ ဒီပြည်ပ အသံလွှင့် ဌာနတွေရဲ့ လုပ်ရပ်ဟာ ကိုယ်နဲ့ မပြေလည်တဲ့ လူတစ်ယောက်ကို ခါးပိုက်နှိုက် မဟုတ်ဘဲ သိပါလျက်နဲ့ ခါးပိုက်နှိုက်၊ ခါးပိုက်နှိုက်လို့ လိုင်းကားပေါ်မှာ အုပ်စုဖွဲ့ ညာသံပေး အော်ဟစ်ပြီး လူအများရဲ့ ဆဲဆို ရိုက်နှက်မှုကို ခံရအောင် လုပ်ခြင်းနှင့် အတူတူပါပဲ။ ဒါဟာ အင်မတန် ကောက်ကျစ်စဉ်းလဲ ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပါတယ် မစု။


မစု ခင်ဗျား --- နိုဝင်ဘာ(၂၅) ရက်နေ့က မစုတို့ရဲ့ရုံးရှေ့မှာ ကျွန်တော်အော်ဟစ် ဆန္ဒပြခြင်းမရှိခဲ့ကြောင်းကို မစုတို့ ရုံးအဖွဲ့သားများ ကောင်းစွာ သိရှိကြပါတယ်။ မှတ်တမ်းတင် ထားတဲ့ အသံဖိုင်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယို ခွေတွေလည်း မစုတို့ရုံးမှာ ရှိနိုင်ပါတယ်။ မရှိရင်လည်း ပြည်တွင်း သတင်းဂျာနယ်တွေမှာ တောင်းယူ ကြည့်ရှု နိုင်ပါတယ်။ ဒီလို မဟုတ်မမှန် လုပ်ကြံစွပ်စွဲခြင်း ခံရတဲ့ကိစ္စဟာ မစုနဲ့ ဦးဝင်းထိန်တို့ကို တွေ့ဆုံရန် လာရောက်ခြင်းကြောင့် မစုတို့ ရုံးချုပ်ရှေ့မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်တဲ့အတွက် မစုအနေနဲ့ အမှန်တရားကို မြတ်နိုးပါလျှင် အမှန်တရားဘက်က ရပ်တည်ကာကွယ် ပေးလိုပါလျှင် မဟုတ်မမှန် သတင်း ထုတ်လွှင့်ခဲ့သော လူယုတ်မာ ပြည်ပအသံလွှင့် ဌာနများကို မစုအနေဖြင့် ကြေငြာချက် ထုတ်ပြီး တရားဝင် ကန့်ကွက် ရှုတ်ချပြောဆို သင့်တယ်လို့ ကျွန်တော် ထင်မြင်ပါတယ် မစု။ နောက်ပြီး ဒီလိုလူယုတ်မာ အသံလွှင့် ဌာနတွေရဲ့ မစုအပေါ် မြှောက်စား ချီးမွမ်းခန်း ထုတ်နေကြတာ တွေကိုလည်း မစု မခံယူ သင့်တော့ပါဘူး။ ဒီလူယုတ်မာ ပြည်ပအသံလွှင့် ဌာနတွေနဲ့ တွေ့ဆုံ မေးမြန်းခန်း လုပ်တာတွေ ကိုလည်း မစု အဆက်အသွယ် ဖြတ်သင့်ပါတယ်။ ဒီလူယုတ်မာ ပြည်ပအသံလွှင့် ဌာနတွေကြောင့် မစု လိုချင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ခုထက်ထိ မရနိုင်တာလို့ ကျွန်တော် ထင်မြင်ပါတယ်။ ဒီလူယုတ်မာ ပြည်ပ အသံလွှင့်ဌာန တွေနဲ့ မစု အဆက်အသွယ် ဖြတ်လိုက်တာနဲ့ မစုလိုချင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ ပေါ်ထွန်းပြီး ဖြစ်နေပါလိမ့်မယ် မစု။


မစု ခင်ဗျား--- နိုဝင်ဘာလ(၂၄) ရက်နေ့က ကျွန်တော် ပေးပို့ခဲ့တဲ့ “ငါးမင်းဆွေမှ ဒေါ်အောင်ဆန်း စုကြည်သို့ (၂)” အိတ်ဖွင့်ပေးစာကို ဖတ်ပြီး ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။ ဒီအိတ်ဖွင့် ပေးစာဟာ ပြည်တွင်း သတင်းဂျာနယ် အချို့မှာ ပါရှိခဲ့ပြီး ဖြစ်တာမို့ မြန်မာ ပြည်သူတွေလည်း ဖတ်ပြီးကြပါပြီ။ ပြည်ပ အသံလွှင့်ဌာန တွေလည်း အင်တာနက်မှာ ဖတ်ပြီးပြီလို့ ထင်မိပါတယ်။ စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းသည် အကြမ်းဖက်ခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ကို မစုဘက်က ပြန်လည် ဖြေရှင်းတာ မရှိသေးပါဘူး။ ကျွန်တော် နှင့်တကွ မြန်မာ ပြည်သူတွေဟာ စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်း ဆိုတာ အကြမ်းဖက်ခြင်း ဖြစ်တယ် ဆိုတာကို မစု အနေနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ငြင်းမှာလား ဒါမှမဟုတ် စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်ခြင်း ဖြစ်တယ်လို့ မစုအနေနဲ့ ဝန်ခံလာမှာလား ဆိုတာကို သိချင်နေကြပါတယ် မစု။


မစု ခင်ဗျား --- စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းသည် အကြမ်းဖက်ခြင်း မဟုတ်ဘူးလို့ မစု ငြင်းခဲ့ပါလျှင် ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်း မီဒီယာများ ရှေ့မှောက်မှာ မစုနဲ့ ကျွန်တော် တွေ့ဆုံဆွေးနွေး လိုပါတယ်။ စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းသည် အကြမ်း ဖက်ခြင်းဖြစ်သည် ဆိုသော ကျွန်တော်၏ ယုံကြည်ချက်အပေါ် စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းကို တောင်းဆိုခဲ့သော မစုဘက်က ဘာမှ သဘောထား မှတ်ချက် မပေးလျှင်သော် လည်းကောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မစုနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် မပြုလျှင်သော် လည်းကောင်း ကျွန်တော် ငါးမင်းဆွေ အနေဖြင့် မစုတို့ ရုံးရှေ့တွင် ထပ်မံဆန္ဒ ပြရပါလိမ့်မယ် ခင်ဗျား။


မစု ခင်ဗျား စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းကြောင့် ကမ္ဘာ့ငွေကြေး အဖွဲ့အစည်းတွေက ကျွန်တော်တို့ နိုင်ငံကို ငွေကြေး အကူအညီ မပေးကြတော့ပါဘူး။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု လျော့နည်းခဲ့တဲ့ အပြင် ရှိပြီးသား ပြည်ပ ရင်းနှီးမြှုပ်နှံမှု များပါ ပြန်လည်ထွက်ခွာ သွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်း များစွာ ဆုံးရှုံးခဲ့ရပြီး သားတစ်ကွဲ မယားတစ်ကွဲနဲ့ ပြည်ပနိုင်ငံများမှာ မျက်နှာငယ် အနှိမ်ခံဘဝနဲ့ သွားရောက်လုပ်ကိုင် နေကြရပါတယ်။ နည်းပညာ ရရှိမှုတို့လည်း ဆုံးရှုံးခဲ့ရ ပါတယ်။ အသိသာဆုံး ကတော့ အထည်ချုပ် စက်ရုံ (၈၀)% လောက် ရပ်ဆိုင်းသွားပြီး သိန်းချီတဲ့ အထည်ချုပ် အလုပ်သမလေးတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမလေး တွေဟာ KTV ဆိုင်တို့ လမ်းဘေး ပလက်ဖောင်း ပေါ်တို့ ရောက်ပြီး ဘဝပျက်ခဲ့ ကြရပါတယ်။ တစ်ချို့လည်း ပြည်ပထွက်ပြီး ဘဝပျက်ခဲ့ ကြရပါတယ်။ AIDS ရောဂါတွေ စွဲကပ်ခဲ့ကြရပါတယ်။ အသက်တွေ ဆုံးရှုံးခဲ့ကြ ရပါတယ်။ သူတို့ကို မှီခိုနေတဲ့ လူမမယ် ကလေးများလည်း ဒုက္ခ ဆင်းရဲတွင်းထဲ ရောက်ခဲ့ကြရပါတယ်။ ဒီလိုဖြစ်တဲ့ အရေအတွက်တွေ ဘယ်လောက်များ သလဲလို့ မေးရင်တော့ မြန်မာ အမျိုးသမီးတွေဟာ အရှက်ကို အသက်ထက် တန်ဖိုးထားတဲ့ အတွက် စာရင်းပြုစုနိုင်ဖို့ တော်တော် ခက်ပါလိမ့်မယ် မစု။


မစု ခင်ဗျား--- လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည် လွတ်လပ်ရေးရဖို့ ဖက်ဆစ်ကို ခေါ်လာခဲ့ပါတယ်။ ဖက်ဆစ်စနစ် ဆိုးကြောင့် မြန်မာပြည်သူတွေ ထိခိုက်နစ်နာ လာတဲ့အခါ ဗိုလ်ချုပ်ဟာ သူ့အမှားသူသိပြီး ဖက်ဆစ်ကို ပြန်လည် တွန်းလှန်ခဲ့ပါတယ် မစု။ ဗိုလ်ချုပ်က ဖက်ဆစ်စနစ်ကို ဘယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုခဲ့တယ် ဆိုတာကို ကျွန်တော်အိမ်မှာ တရိုတသေ သိမ်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ စာအုပ်ထဲမှ စာတစ်ပိုဒ်ကို တိကျစွာ ဖော်ပြ လိုက်ပါတယ်။ “ဖက်ဆစ်စနစ်၊ ဖက်ဆစ်ဝါဒ ဆိုလို့ ဗမာပြည်မှာ ယောင်ဝါးဝါးတွေ အများကြီး ဖြစ်နေကြတယ်၊ ဖက်ဆစ်စနစ် ဆိုတာဘာလဲ၊ ကြမ်းသင့်လို့ ကြမ်းတာကို ဖက်ဆစ်စနစ်လို့ ခေါ်တာမဟုတ်ဘူး၊ ကိုယ်နဲ့ စိတ်မသင့်တာ လုပ်သမျှကို ဖက်ဆစ်စနစ်လို့ ခေါ်တာ မဟုတ်ဘူး၊ ငွေပင်ငွေရင်းရှင် (Fanancial Capitatists) ကြီးတွေက လက်ကိုင်ဒုတ် လုပ်ထားတဲ့ တပည့်တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းပတမ်း ဖိနှိပ်ပြီး အင်မတန် ကျဉ်မြောင်း မှားယွင်းတဲ့ လူမျိုးရေး တရား လက်ကိုင်ထားတဲ့ ဝါဒဟာ ဖက်ဆစ်ဝါဒဘဲ" လို့ ဗိုလ်ချုပ် ပြောကြားခဲ့ ပါတယ် မစု။ ဗိုလ်ချုပ်ဟာ ဖက်ဆစ် တိုက်ဖျက်ရေး၊ ပြည်သူ့လွတ် မြောက်ရေး (ဖဆပလ) အဖွဲ့ချုပ်ကြီးကို ဖွဲ့ပြီး မြန်မာပြည်တွင် မက ကမ္ဘာပေါ်တွင်ပါ ဖက်ဆစ်စနစ်ဆိုး ပပျောက်အောင် ကြိုးစားအားထုတ် ဆောင်ရွက်ခဲ့ပါတယ် မစု။


မစု ခင်ဗျား--- ခုအခါမှာ အမေရိကန်နဲ့ အနောက်အုပ်စု စတဲ့ ငွေပင်ငွေရင်း ကြွယ်ဝချမ်းသာတဲ့ နိုင်ငံကြီးတွေဟာ သူတို့ နိုင်ငံက ဒီမိုကရေစီ စနစ်သာ ကြီးကျယ်မြင့်မြတ် မှန်ကန်တယ်လို့ ကြွေးကြော် အကြောင်းပြပြီး သူတို့သြဇာ လွှမ်းမိုးလို့ မရ နိုင်တဲ့ စီးပွားဓန အင်အားနည်းတဲ့ နိုင်ငံငယ်တွေမှာ သူတို့ လက်ကိုင်တုတ်တွေ အာဏာ ရရှိစေဖို့ စီးပွားရေး လက်နက်နဲ့ နိုင်ငံငယ်က ပြည်သူပြည်သား တွေကို အကြမ်းဖက် နှိပ်ကွပ် လာကြပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ အနောက် အုပ်စုတွေရဲ့ စန်ရှင်ဝါဒဟာ ဖက်ဆစ် လက်သစ်ဝါဒ ဖြစ်ပါတယ် မစု။ စန်ရှင်ဆိုတဲ့ ဖက်ဆစ် လက်သစ်ဝါဒဆိုးကို မစု မဖြစ်မနေ တွန်းလှန် သင့်ပါတယ်။ ဖက်ဆစ်ကို ခေါ်လာတာ ဗိုလ်ချုပ်ပါ။ ဖက်ဆစ်ကို တွန်းလှန်တာလည်း ဗိုလ်ချုပ်ပါပဲ။ ဗိုလ်ချုပ်ဟာ ဖက်ဆစ်ကို တွန်းလှန်ပြီး လွတ်လပ်ရေးကို ရယူခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးနောက် ဖက်ဆစ်စနစ် ကျင့်သုံးခဲ့တဲ့ ဂျပန်နိုင်ငံထံမှ ကျွန်တော်တို့ နိုင်ငံဟာ နစ်နာကြေးငွေတွေ၊ စီးပွားရေး အကူအညီတွေ ရရှိခဲ့ပါတယ် မစု။


မစု ခင်ဗျား--- စန်ရှင် စနစ်ဆိုးကြီး မြန်မာပြည်ကို ရောက်အောင် ဖိတ်ခေါ် တောင်းဆိုခဲ့တာ မစုပါ။ ဒီစန်ရှင် စနစ်ဆိုးကြီးဟာ မြန်မာပြည်သူ တွေကို ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ် စေခဲ့တာကြောင့် စန်ရှင် စနစ်ဆိုးကို မစုနဲ့ ကျွန်တော်တို့ မြန်မာပြည်သူများ တိုက်ဖျက် ရပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံအပေါ် စန်ရှင်စနစ်ဆိုး ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေကနေ နစ်နာကြေးတွေ ရရှိအောင်၊ စီးပွားရေး အထူး အခွင့်အရေးတွေ၊ အကူအညီတွေ၊ နည်းပညာတွေ နှစ်ထပ်တိုး ရရှိအောင် ဆောင်ရွက် ကြရပါလိမ့်မယ်။ မစု အနေနဲ့ စန်ရှင် တိုက်ဖျက်ရေး၊ ပြည်သူ ချမ်းသာရေး (စရပခ) အဖွဲ့ချုပ်ကြီး အမြန် ဖွဲ့စည်းပြီး ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်သင့်ပါတယ်။ ဗိုလ်ချုပ်ဟာ ဖက်ဆစ်စနစ် ဆိုးကို တိုက်ဖျက်ပြီး လွတ်လပ်ရေးကို ရယူပေးခဲ့သလို မစုအနေနဲ့ စန်ရှင်စနစ်ဆိုးကို တိုက်ဖျက်ပြီး ပြည်သူများ ချမ်းသာ ကောင်းစားရေးကို လုပ်ပေးနိုင်မယ် ဆိုပါလျှင် မစုတို့ ကျွန်တော်တို့ လိုချင် တောင့်တနေတဲ့ ဒီမိုကရေစီစနစ်ဟာ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီးမှာ မလွဲမသွေ ပေါ်ပေါက် လာပါမယ်လို့ ရိုသေစွာ အကြံပြု ရေးသား တင်ပြ လိုက်ပါတယ် မစု။


ငါးမင်းဆွေ 
( Myanmar Express မှ ကူးယူဖေါ်ပြသည် )