xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အဆိပ်ပင်ရေလောင်းနေသူများ

Sunday, January 2, 2011

အဆိပ်ပင်ရေလောင်းနေသူများ


အခုရက်ပိုင်းလေး အတွင်းမှာ VOA ၊ BBC ၊ RFA စတဲ့ ပြည်ပ သတင်းဂျာနယ် တွေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ ထုတ်လွှင့်ရာမှာ ဒေါ်စုကြည်ရဲ့ သတင်းတွေပြီးရင် ရှေ့တန်း ရောက်လာတဲ့ သတင်းကတော့ “မြန်မာ ဒုက္ခသည်များ” ဆိုပြီး ထုတ်လွှင့် နေတဲ့ သတင်းတွေ ပါပဲဗျာ။
သတင်းထုတ်လွှင့်မှု ကတော့ သူတို့ရဲ့ လုပ်ပုံလုပ်နည်း အကျင့်စရိုက် အတိုင်းပါဘဲ။ လုပ်ကြံဖန်တီးမယ်၊ နိုင်ငံတကာက အထင်အမြင် လွဲပြီး မြန်မာနိုင်ငံ အပေါ် အထင်သေးအောင် နည်းအမျိုးမျိုးနဲ့ အကြောင်းအရာတွေ ဖန်တီး ရှာကြံပြီး ပုတ်ခတ် ပြောဆိုမယ်။ ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးပြီး ယုတ်မာရက်စက်တဲ့ သောင်းကျန်းသူတွေ၊ လူသတ်၊ မုဒိန်းကျင့်၊ ဗုံးခွဲ ဆက်ကြေးတောင်း ပြည်သူပိုင် ပစ္စည်းတွေ ဖြစ်တဲ့ လမ်းတံတား၊ စက်ရုံ အလုပ်ရုံ တွေကို ဖျက်ဆီးနေတဲ့ သောင်းကျန်း နေသူတွေကိုမူ နိုင်ငံတကာက သနား လာအောင် ဒုက္ခသည် အမည်ခံ စေပါတယ်။ ဒီသောင်းကျန်းသူတွေ သက်ဆိုးရှည်အောင် ဝိုင်းဝန်းပံ့ပိုး ထောက်ပံ့နေကြတဲ့ အနောက်အုပ်စု နိုင်ငံတွေက ပိုပိုပြီး ထောက်ပံ့ကြေး ရအောင် ထုတ်လွှင့် နေကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသား အချင်းချင်း အထင်အမြင် လွဲမှားစေရန် ရန်တိုက်ပေးတဲ့ လုပ်ကြံ သတင်းမျိုး တွေကို မြိန်မြိန် ရှက်ရှက်ကြီး ထုတ်လွှင့် နေကြတယ်ဗျာ။
တိုင်းရင်းသား ကျေးရွာတွေကို တပ်မတော်က နှိပ်စက်နေဟန်၊ ရွာသားတွေ ပေါ်တာဆွဲဟန်၊ စားနပ်ရိက္ခာ တွေကို အတင်းအဓမ္မ လုယူဟန် သတင်းတွေကို လုပ်ကြံဖန်တီး ထုတ်လွှင့် နေကြတယ်။ တကယ်တော့ ဒီလုပ်ရပ်တွေက သောင်းကျန်းသူ အဖွဲ့တွေက လုပ်တာ ဖြစ်ပါတယ်။ သူတို့အမိန့် မနာခံရင် သတ်တယ်။ ညှင်းပန်းတယ်။ အဆိုးဆုံးကတော့ အရွယ်မရောက် သေးတဲ့ ကလေးငယ် တွေကို သူတို့ရဲ့ အဖွဲ့တွေထဲကို အတင်းအဓမ္မ ဆွဲသွင်းတာပါဘဲဗျာ။ အနောက်အုပ်စု တွေနဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ၊ အနောက် သြဇာခံ အမည် အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေက မြန်မာနိုင်ငံမှာ အရွယ် မရောက်သေး သူတွေကို စစ်သား အဖြစ် သိမ်းသွင်း နေတယ်လို့ စွပ်စွဲပါတယ်။ လုံးဝကို အခြေအမြစ် မရှိပါဘူး။ အမှန်တကယ် စွပ်စွဲရမှာ သောင်းကျန်းသူ အဖွဲ့တွေကိုပါ။ သူတို့ဟာ အရွယ် မရောက်သေးတဲ့ ကလေးသူငယ် တွေကို သူတို့အဖွဲ့ထဲ အတင်းအဓမ္မ ဆွဲသွင်းတဲ့ လုပ်ရပ်ကို အမြဲလုပ်ဆောင် နေတဲ့ အဖွဲ့တွေပါ။
တပ်မတော်ရဲ့ နှိမ်နင်းမှု ဒဏ်ကို မခံနိုင်လို့ တစ်ဖက် နိုင်ငံကို ထွက်သွားကြတဲ့ သောင်းကျန်းသူ အဖွဲ့တွေကို မြန်မာ ဒုက္ခသည်တွေ ဆိုပြီး ထောက်ပံ့တယ်။ အနောက်အုပ်စုက သံတမန်တွေ၊ ဝန်ကြီးတွေ ကိုယ်တိုင် လာကြည့်ကြတယ်။ အားပေး ကြတယ်။ အဆိပ်ပင် ရေလောင်း နေကြတယ်။ မြန်မာနိုင်ငံမှာ အခုလို လက်နက်ကိုင် သောင်းကျန်းသူတွေ သက်ဆိုးရှည်မှ သူတို့ မျှော်မှန်းတဲ့ မိမိသြဇာခံ နိုင်ငံဖြစ်ရေး ဆိုတဲ့ ရည်မှန်းချက်ကြီးကို အထောက်အကူ ပြုမယ်။ သူတို့ကို မြှောက်ပင့် အသုံးပြုပြီး ဒီသောင်းကျန်းသူတွေ၊ ပြည်တွင်း ပြည်ပ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ အာဏာရလာရင် သူတို့ မျှော်မှန်းချက်ကြီး အောင်မြင်မယ် ဆိုတာကို အနောက် အုပ်စုက ခံယူ ထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပမှာ မိမိရဲ့ အမိန့်သြဇာကို နာခံမယ့် အမျိုးသား သစ္စာဖောက် တွေကို အမျိုးမျိုး ထောက်ပံ့ မြှောက်စား မွေးမြူ ထားကြတယ်။ သောင်းကျန်းသူ အဖွဲ့တွေလည်း သက်ဆိုးရှည်ပြီး အင်အားကြီးမား လာအောင် ခေါင်းစဉ်တွေ အမျိုးမျိုးနဲ့ ထောက်ပံ့ကူညီ နေကြတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နာဂစ်၊ ဂီရိ ဒုက္ခသည်တွေ ထက်တောင် အခုလို ပြည်ပြေးတွေကို ထောက်ပံ့တာက ပိုပြီးများ ပါလိမ့်မယ်။ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင် ဒီလုပ်ရပ်ဟာ အဆိပ်ပင် ရေလောင်း နေကြခြင်းသာ ဖြစ်ပါတယ်ဗျာ။
                                                                                                                   မျိုးချစ်မောင်