ဒီတစ်ခါအိပ်ရာက မထနိုင်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဘယ်လောက်ထိ ကြာသွားလဲဆိုရင် နံပါးနှစ်ဖက်မှာ ဘိုလိုbedsore လို့ခေါ်တဲ့ အိပ်ရာပွန်းနာတွေ ရလာတဲ့အထိပါပဲ။ သုံးလလုံးလုံး နေ့ရောညပါ အိပ်ရာထဲမှာပဲနေပြီးညာဖက်နံတောင်းနဲ့ စောင်းအိပ်လိုက်၊ ဘယ်ဖက်နံတောင်းနဲ့စောင်းအိပ်လိုက် နဲ့သာ နေရတာကိုး။
စိတ်ပူရှာကြ
ရေးနေကျဂျာနယ်တွေအတွက် စာမရေးနိုင်တော့
နယ်ပေါင်းစုံကစာ ဖတ်ပရိတ်တွေ ဖုန်းဆက်ကြ၊ စာရေးကြနဲ့ စိတ်ပူရှာကြတယ်။
ရန်ကုန်နဲ့ နီးတဲ့ဒေသက စာဖတ်သူများကတော့ လူကိုယ်တိုင်ရောက်လာပြီး
စုံစမ်းမေးမြန်းကြတယ်။ နဂိုက ဧည့်မပြတ်ရတာ ထက်တောင်ပိုပြီး
အရောက်အလာများတယ်။ နေမကောင်း ဘူးကြားတော့ စာပေသမား သတင်းသမားတွေကလည်း
စိတ်ပူပြီး တစ်ယောက်ပြီး တစ်ယောက်ရောက်ရောက်လာ ကြတယ်။ တချို့များဆို
ဝီရိယကောင်းလွန်းလို့ နေမကောင်းတဲ့ကြား က ပြုံးတောင်ပြုံးမိသေးတယ်။
စာရေးနိုင်ပြီလားဆိုတာ သိချင်လို့လာတာပါဆိုပြီး အိပ်ရာထဲလှဲနေတဲ့ သူကို
ထောင့်မျိုးစုံကလှည့်ပြီး ဓာတ်ပုံရိုက်သူကရိုက်၊ ဗီဒီယိုရိုက်သူကရိုက်နဲ့
လုပ်ကြတော့ သတင်းသမားချင်း မဟုတ်လား။ သူတို့လာတဲ့ ရည်ရွယ်ချက်ကို
မသိဘဲဘယ်နေပါ့မလဲ။
မဂိုးသေးပါဘူး
လူငယ်လေးတွေမို့ ဘာမှမပြောဘဲ
ပြုံးရုံသာပြုံးနေလိုက်ပေမယ့် စိတ်ထဲကတော့ ''မဂိုးသေးပါဘူးကွယ်၊
တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပြီး
ကျောင်းသားလူငယ်တွေ၊ ဆရာတော်သံဃာတော်တွေ၊ တပ်မတော်သားတွေနဲ့
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေ အားလုံး လိုလားတောင့်တနေကြတဲ့
ဒီမိုကရေစီနိုင်ငံတော်ကြီးကို မမြင်ရမချင်း အကြာကြီးကို
နေသွား ဦးမှာပါ''လို့ ပြောနေမိတယ်။ အနိစ္စမသိ၊ တရားမရှိလို့ ပြောတာမဟုတ်ဘူး။
ဒုတိယကမ္ဘာစစ်ကြီး မှာမွေးပြီး နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်း စစ်ကြီးနဲ့
တစ်ပါတီ တစ်ဖွဲ့တစ်စည်း အုပ်ချုပ်မှုအောက် မှာ နှစ်ပေါင်း ၅၀ နီးပါး
နေထိုင်ခဲ့ရသူတစ်ဦးအနေနဲ့ ဒါလောက်ကလေး လိုလားတောင့်တတာဟာ
မလွန်လောက်ဘူးထင်လို့ပါ။
ဒါကြောင့်
''စစ်ဆိုရင်မုန်းလွန်းလို့ ရေတောင
်စစ်မသောက်ချင်ဘူး'' လို့ ရှေးလူကြီးတွေ ပြောကြသလိုတောင် တစ်ခါတစ်ခါ
ပြောချင်မိတယ်။ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ကြီးအတွင်းမှာ တပ်ထဲဝင်သွားတဲ့
ဦးလေးသားချင်းစစ်ဗိုလ်တွေ တိုက်ပွဲမှာကျဆုံးသွားတာရှိသလို၊ ရဲဘော်ဖြူတွေထဲ
ကွန်မြူနစ်တွေထဲ ရောက် သွားပြီး ကျဆုံးသွားတဲ့ ဆွေမျိုးတွေလည်း ရှိခဲ့တယ်။
ကိုယ်ကြီးလာတော့လည်း ဒီအတိုင်းပဲ။ သူငယ်ချင်း စစ်ဗိုလ်တချို့
ကျဆုံးသွားကြသလို တောထဲတောင်ထဲရောက်သွားပြီး တိုက်ပွဲမှာ ကျသွားတဲ့
ကျောင်းနေဖက် သူငယ်ချင်းတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို
ချစ်တာ၊ ဒီမိုကရေစီကို လိုချင်တာ။
အဆုံးအဖြတ်ပြုနိုင်လောက်တဲ့သတင်း
ဇူလိုင်ကုန်ခါနီးတော့ ဧည့်သည် အ၀င်အထွက်
ပိုများလာတယ်။ နည်းနည်း သက်သာသလိုမြင်ရရင် စကားပြောလာကြတယ်။
ရူးပတ်မားဒေါ့ရဲ့ မီဒီယာအင်ပါယာကြီး ကိစ္စအပေါ် ထင်မြင်ချက် မေးချင်လာ ကြတယ်
''ဇူလိုင်နောက်ဆုံးပတ်ရောက်တော့ မားဒေါ့ကိစ္စတုန်းက အလိုက်သိစွာနဲ့
ဘာမှမမေးဘဲ နှုတ်ဆိတ်နေခဲ့ကြတဲ့ မိတ်ဆွေတချို့တောင် မမေးဘဲမနေနိုင်ကြတော့ဘဲ
''ထင်မြင်ချက်လေး ပေးပါဦး''လို့ ပြောလာကြတယ်။ မားဒေါ့ကိစ္စလိုမဟုတ်ဘဲ
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်တော့ အရေးကြီးဆုံး ထိပ်တန်းသတင်းကြီး
မဟုတ်လား။ တိုင်းပြည်ရဲ့ ကံကြမ္မာကို အကောင်းအဆိုး
အဆုံးအဖြတ်ပြုနိုင်လောက်တဲ့အထိ အရေးပါတဲ့ သတင်းကြီးပဲလေ။ အစိုးရသစ်ရဲ့
ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြတဲ့ သတင်းပေကိုး။