(၂၀၁၁
ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ဖေါ်ပြပါရှိသည့်
ဆောင်းပါးရှင် ဗညားအောင်၏ ဆောင်းပါး ဖြစ်ပါသည်။)
မတ်လ
၃ဝ ရက်နေ့သည် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ လမ်းစဉ် (၇) ရပ်၏ သတ္တမ
အဆင့် ဖြစ်သည့် လွှတ်တော်မှ ရွေးကောက်တင်မြှောက်သော နိုင်ငံတော်
အကြီးအကဲများ၊ လွှတ်တော်မှ ဖွဲ့စည်းပေးသော အစိုးရ အဖွဲ့နှင့် အာဏာပိုင်
အဖွဲ့အစည်းများဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်
တည်ဆောက်ခြင်း အဆင့်ကို စတင် အကောင်အထည်ဖော် ခဲ့သည့်နေ့ ဖြစ်သည်။
ထိုနေ့တွင် သမ္မတကြီးက ပြည်ထောင်စု လွှတ်တော်သို့ မိန့်ခွန်း ပြောကြားရာ၌
ယနေ့မှ စတင်ပြီး မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး
လုပ်ငန်းစဉ် စတင်ပြီ ဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့ သကဲ့သို့ အစိုးရသစ်
အနေဖြင့် ဆက်လက် ဆောင်ရွက်မည့် ပြည်တွင်းရေးရာ မူဝါဒများ၊ နိုင်ငံခြားရေးရာ
မူဝါဒများကို ပြည့်ပြည့်စုံစုံ ထုတ်ဖော်ပြောကြား သွားခဲ့သည်။ ထို့အတူ မတ်လ
၃၁ ရက်နေ့တွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊
ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများကို မိန့်ခွန်း ပြောကြားရာ၌လည်း
ပြည်တွင်းရေးရာ မူဝါဒများကို အကောင်အထည် ဖော်ရာတွင် လိုက်နာကျင့်သုံးရမည့်
သဘောထားများ၊ ခံယူချက်များ၊ နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်း
ပြောကြားခဲ့ပြန် ပါသည်။
မြန်မာ့
နိုင်ငံရေး အပြောင်းအလဲများကို စိတ်ဝင်တစား လေ့လာစောင့်ကြည့် နေသည့်
နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အစိုးရသစ်၏ မူဝါဒ အပြောင်းအလဲများကို
စောင့်မျှော်နေသည့် ပြည်သူများက အဆိုပါ မိန့်ခွန်း နှစ်ခုကို
လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ မြန်မာ့အရေးကို အစဉ်တစိုက် လေ့လာသုံးသပ်
နေသည့် ဂျော့ခ်ျတောင်း တက္ကသိုလ် ပါမောက္ခ ဒေးဗစ်စတိုင်းဘဂ်က သမ္မတကြီး၏
မိန့်ခွန်းသည် ၁၉၆၂ ခုနှစ် နောက်ပိုင်း နိုင်ငံတော် အကြီးကဲများ
ပြောကြားခဲ့သည့် မိန့်ခွန်းများအနက် အရေးကြီးဆုံး မိန့်ခွန်းဟုပင်
သုံးသပ်ခဲ့သည်။ ပြည်တွင်း ဆောင်းပါးရှင် တစ်ဦးကမူ မိန့်ခွန်းကြောင့်
ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ရ သကဲ့သို့ နောက်ဆက်တွဲအဖြစ်
မျှော်လင့်ချက် ရောင်ခြည်များလည်း ပေါ်လာခဲ့ သည်ဟု ဆိုသည်။
သို့သော်
မိန့်ခွန်းအပေါ် အကောင်းမြင် သဘောထားဖြင့် တုံ့ပြန်မှုများ ရှိသကဲ့သို့
သံသယဖြင့် ရှုမြင်သူများလည်း ရှိသည်ကို တွေ့ရသည်။ ထိုကဲ့သို့ သံသယ
ဖြစ်သူများထဲတွင်လည်း နှစ်မျိုးနှစ်စား ကွဲပြားပြန်သည်။ ပထမတစ်မျိုးက
မိန့်ခွန်းပါ မူဝါဒ အပြောင်းအလဲများကို အကောင်အထည် ဖော်ရာတွင်
တွေ့ကြုံရမည့် အတွင်း၊ အပြင်က စိန်ခေါ်မှုများ၊ ကန့်သတ်ချက်များနှင့်
လုပ်ဆောင်ရမည့် လုပ်ငန်း ပမာဏ ကြီးမားမှုကြောင့် ဘယ်လို အခက်အခဲတွေများ
ရှိလေမလဲဟု စာနာတွေးတော စိတ်ပူပင်သူများ ဖြစ်သည်။ နောက်တစ်မျိုးကမူ အစိုးရ
ဘာလုပ်လုပ် ဆန့်ကျင်ပြောဆိုနေမည့် အဖွဲ့အစည်းများ ဖြစ်သည်။ တကယ်တော့
ထိုသူများ အတွက် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဘက်စုံထောင့်စုံ
စဉ်းစားထားသော၊ အယူအဆ မတူသူများ၊ သဘောထား ကွဲပြားနေသူများ၏
အခြေအနေများကိုပါ ထည့်သွင်း စဉ်းစားထားသော၊ အမိန့် အာဏာသံ မပါနူးညံ့
သိမ်မွေ့စွာဖြင့် မိမိတို့ ဖော်ဆောင်မည့် အနာဂတ် မူဝါဒများကို
ရှင်းလင်းတင်ပြထားသော သမ္မတကြီး၏ မိန့်ခွန်းများ၌ အပြစ်အနာအဆာ ရှာ၍ မရပါ။
ထို့ကြောင့်လည်း အောက်ကလိအာ သဘောဖြင့် မိန့်ခွန်းပါ အချက်များကို
လုပ်လိုသည့် ဆန္ဒမရှိကြောင်း၊ နိုင်ငံတကာက စောင့်ကြည့်ရန် လိုကြောင်း
စသည့်ဖြင့် ဝေဖန် ပြောဆိုနေကြခြင်းသာ ဖြစ်သည်။
တကယ်တော့ ပြီးခဲ့သည့် သုံးလတာ ကာလအတွင်း မြန်မာနိုင်ငံတွင် အကောင်းဘက်ကို ရှေးရှုသည့် တိုးတက်ဖြစ်ထွန်းမှု
များစွာ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ပထမဆုံး အပြောင်းအလဲမှာ
အုပ်ချုပ်ရေးနှင့် ဥပဒေ ပြုရေး ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နိုင်ငံတော်၏
အခြေအနေနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆို လာကြခြင်းပင်
ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရ၊ ဒီမိုကရေစီ
ကျင့်စဉ်များ ထွန်းကားရေး၊ နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ တရားဥပဒေ
စိုမိုးမှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ခံမှု၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊
ဆင်းရဲချမ်းသာ ကွာခြားမှု လျှော့ချရေး၊ သဟဇာတ ဖြစ်သော လူ့အဖွဲ့အစည်း စသည့်
စကားလုံးများသည် မဆန်းလှသော်လည်း ထိုစကားလုံးများကို နိုင်ငံတော် အကြီးအကဲ
တစ်ဦးက နိုင်ငံတော် မူဝါဒမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းမှာ
နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး ထူးကဲလှသော အဖြစ်အပျက်ပင် ဖြစ်ပါသည်။
မည်သည့် လုပ်ငန်းမဆို ရည်မှန်းချက်ကို မသွားမီ မိမိ မည်သည့်နေရာတွင်
ရှိနေသည်ကို သိဖို့လိုပါသည်။ သို့မှသာ ရည်မှန်းချက်သို့ အရောက်သွားရမည့်
လမ်းကြောင်းနှင့် နည်းဗျူဟာတို့ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပေ
လိမ့်မည်။ ထို့ကြောင့်လည်း ပကတိ အခြေအနေများကို သုံးသပ် ပြောကြားခဲ့သည့်
သမ္မတကြီး၏ မိန့်ခွန်းသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထူးကဲသည့်
ပြည်သူ့ရေးရာ ဆိုင်ရာ မူဝါဒ မိန့်ခွန်းဖြစ်သည်ဟု ဆိုကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့်
ရက် (၁ဝဝ) ကာလအတွင်း တိုးတက် ဖြစ်ပေါ်မှုများကို လေ့လာပါက အစိုးရ အနေဖြင့်
နိုင်ငံတော် သမ္မတကြီး၏ မိန့်ခွန်းများပါရှေ့ လုပ်ငန်းစဉ်များ အတိုင်း
အကောင်အထည်ဖော် လုပ်ဆောင်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။ အမျိုးသား ပြန်လည်
စည်းလုံး ညီညွှတ်ရေးနှင့် ပတ်သက်လာလျှင် သမ္မတကြီးက အစိုးရ အသစ်အပေါ် သံသယ ရှိနေသူများ၊ အခြေခံ ဥပဒေကို လက်မခံသူများ
ရှိနေသူများ ရှိကြောင်းကို အသိအမှတ်ပြုပြီး ထိုသူများ အနေဖြင့် ၄င်းတို့၏
သံသယများ ပျောက်ပြီး အမျိုးသား အကျိုးစီးပွား အတွက် ပါဝင်ပူးပေါင်းလာအောင်
မိမိတို့၏ မှန်ကန်သော စေတာနာကို ပြသရန် လိုကြောင်း ပြောကြားခဲ့သလို
မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို လိုလားသူတိုင်း အခြေခံဥပဒေ ဘောင်ထဲကသာ
နိုင်ငံ့အကျိုးကို ဆောင်ရွက်ကြရန် နှင့် နိုင်ငံတော် အစိုးရအနေဖြင့်
အခြေခံဥပဒေ ဘောင်အတွင်းမှ လုပ်ဆောင်မှု အားလုံးကို ကြိုဆို မည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေကို လက်မခံ နိုင်သေးသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ ဥပဒေပြင်ပရှိ
အဖွဲ့အစည်းများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုပါက
အခြေခံဥပဒေ အခန်း(၁၂) ပါ လုပ်ထုံး လုပ်နည်းများနှင့် အညီ ပြင်ဆင်နိုင်ရေး
အတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့်အာဏာကို
တရားနည်းလမ်း ကျစွာရယူရန် တိုက်တွန်းခဲ့သည် ကိုလည်း တွေ့ရမည် ဖြစ်ပါသည်။
လက်တွေ့တွင်လည်း
နိုင်ငံရေး ပါတီများမှ တည်ဆဲဥပဒေများကို ဖောက်ဖျက် ကျူးလွန်သဖြင့်
အကျဉ်းကျခံ နေရသူများ အပါအဝင် အကျဉ်းသား ၁၄၇၅၈ ဦးကို နိုင်ငံတော်သစ်
တည်ဆောက်ရေးတွင် ပါဝင် နိုင်စေရန် အတွက် မေလ ၁၆ ရက်နေ့တွင် လွတ်ငြိမ်း
ချမ်းသာခွင့် ပြုခဲ့သည်။ ထို့အပြင် အမျိုးသား ပြန်လည် စည်းလုံး
ညီညွတ်ရေးကို ရှေးရှုသည့် အနေဖြင့် ဥပဒေအရ ရပ်တည်ခွင့် မရှိတော့သည့်
နိုင်ငံရေး ပါတီဟောင်း တစ်ခု၏ အရေးကိစ္စကိုပင် သိမ်မွေ့စွာ ကိုင်တွယ်ပြီး
အမျိုးသား အကျိုးစီးပွားအတွက် လက်တွဲ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ
ဖွင့်ပေးထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ အလားတူပင် ဖွဲ့စည်းပုံ
အခြေခံဥပဒေကို လက်မခံနိုင်ဘဲ ဆက်လက်ပြီး လက်နက်စွဲကိုင် တိုက်ခိုက်နေသော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ရရှိထားခဲ့သည့် ငြိမ်းချမ်းရေးကို
ပယ်ဖျက်ပြီး လက်နက်ကိုင် တိုက်ပွဲများ၊ ဗုံးခွဲ တိုက်ခိုက်သည့်
လုပ်ရပ်များကို ကျူးလွန်နေသည့် တိုင်းရင်းသား အဖွဲ့များကိုလည်း
ငြိမ်းချမ်းရေး တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း ပြောကြားပြီး နိုင်ငံတော်
အစိုးရ၏ သဘောထားကြီးမှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လိုလားမှုကို
ထုတ်ဖော်ပြသခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ဤကဲ့သို့ အမျိုးသား
စည်းလုံးညီညွတ်ရေးကို ရှေးရှုသည့် သဘောထားနှင့် လက်တွေ့
လုပ်ဆောင်နေမှုများသည် နိုင်ငံရေး မျက်နှာစာတွင် သိသာထင်ရှားသည့်
တိုးတက်မှုများပင် ဖြစ်ပါသည်။
နောက်ထပ်
သိသာထင်ရှားသည့် တိုးတက်မှု မျက်နှာစာမှာ နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာပင်
ဖြစ်သည်။ သမ္မတကြီးက ၄င်း၏ မိန့်ခွန်းများထဲတွင် မြန်မာနိုင်ငံ အနေဖြင့်
ဘက်မလိုက်သည့် လွတ်လပ်ပြီး တက်ကြွသော နိုင်ငံခြားရေး မူဝါဒကို ဆက်လက်
ကျင့်သုံးသွားမည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည့် အပြင်
နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်
ပူးပေါင်း ဆောင်ရွက်မည့် သဘောထားများကို ထုတ်ဖော် ပြောကြားခဲ့သည်။ ထို့ပြင်
မြန်မာ ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေးကို လိုလားသည့်
နိုင်ငံများ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အပြုသဘော ဖြစ်ပေါ်တိုးတက်မှုများကို
အသိအမှတ်ပြုပြီး ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို
ကမ်းလှမ်းချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ် ပြုခဲ့သည့်အတွက်
ပြီးခဲ့သည့်ရက် (၁ဝဝ) ကာလအတွင်း နိုင်ငံတကာမှ ကိုယ်စားလှယ် အဖွဲ့များ
မြန်မာနိုင်ငံသို့ လာရောက်ခဲ့၊ လာရောက်ခွင့်ရရန် ကမ်းလှမ်း ခဲ့ကြသည်။
နိုင်ငံတော် အစိုးရ အနေဖြင့်လည်း စိတ်ရင်းစေတနာ မှန်ကန်ပြီး မြန်မာနိုင်ငံ၏
ဖြစ်ပေါ် တိုးတက်မှုများကို ဆန္ဒစွဲ ကင်းကင်းဖြင့် အရှိကို အရှိအတိုင်း
သုံးသပ်လိုသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အားလုံးကို လာရောက် လည်ပတ်ရန်
ခွင့်ပြုခဲ့သည့် အပြင် နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများနှင့် ပြည်ထောင်စု
ဝန်ကြီးများက လက်ခံ တွေ့ဆုံပေးခဲ့သည်။ ထိုကဲ့သို့ လာရောက် လည်ပတ်သော
အဖွဲ့များတွင် အစဉ်အလာ အရ ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးကို
တည်ဆောက်ထားသည့် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အာဆီယံ နိုင်ငံများမှ
ပါဝင်သကဲ့သို့ နှစ်ပေါင်း နှစ်ဆယ်ကျော် မြန်မာနိုင်ငံကို အထီးကျန် ထားရန်၊
ပိတ်ဆို့ အရေးယူရန်သာ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သည့် အမေရိကန်၊
သြစတြေးလျနှင့် ဥရောပ သမဂ္ဂတို့မှလည်း ပါဝင်ခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။
ထို့အတူ
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော
အဖွဲ့အစည်းများ ကလည်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးစသည့် ကဏ္ဍ မျိုးစုံတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက်
သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ အလုပ်ရုံ
ဆွေးနွေးပွဲများ ကျင်းပခြင်း စသည်တို့ကို မြိုင်မြိုင်ဆိုင်ဆိုင်
ဆောင်ရွက်နေကြပြီ ဖြစ်သည်။ ထိုတွေ့ဆုံမှုများတွင် မြန်မာနိုင်ငံ ဘက်က
တာဝန်ရှိသူ အဆင့်ဆင့်က မြန်မာနိုင်ငံ အနေဖြင့် ရင်ဆိုင်နေရသည့်
စိန်ခေါ်မှုများ၊ ထိုစိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန်အတွက် လုပ်ဆောင်မည့်
အစီအမံများနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရှင်းလင်း ပြောကြားခဲ့
သဖြင့် တစ်သက်လုံး အကောင်း မမြင်ခဲ့သူများ ကပင်လျှင် မြန်မာနိုင်ငံတွင်
ပြောင်းလဲမှုတွေ စတင်နေပြီ ဆိုသည်ကို အသိအမှတ်ပြု ပြောကြားခဲ့သည်ကို
တွေ့ရမည်ဖြစ်သည်။ ထို့ပြင် နှစ်အတော်ကြာ ရပ်ဆိုင်းနေခဲ့သည့် နိုင်ငံတကာ
ကြက်ခြေနီအဖွဲ့ ICRC ၏ အကျဉ်းထောင်များကို
သွားရောက်လေ့လာပြီး အကူအညီပေးသည့် လုပ်ငန်းများကိုလည်း ဇူလိုင်လ ၁ ရက်နေ့မှ
ပြန်လည် စတင်နေပြီဖြစ်ရာ အကျဉ်းထောင်များနှင့် ပတ်သက်ပြီး
ပိုမိုတိုးတက်သည့် လုပ်ဆောင်ချက်များကို တွေ့မြင် ရတော့မည် ဖြစ်ပေသည်။
အလားတူပင်
စီးပွားရေး ကဏ္ဍ၌လည်း မြန်မာနိုင်ငံ၏ လူဦးရေ ၇ဝ ရာခိုင်နှုန်းခန့်
နေထိုင်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို မေလ ၂ဝ ရက်
နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် သမ္မတကြီးက
နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည်
အဓိကကျကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ငွေကြေး မူဝါဒ၊ ဘဏ္ဍာရေး
မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို
ပြန်လည်သုံးသပ် ပြင်ဆင်မှာ ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်
အတွက် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ဆွေးနွေးသွားမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုနှင့်
ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲသည် အဆိုပါ
ဆွေးနွေးပွဲများ အနက် ပထမဆုံး ဆွေးနွေးပွဲဖြစ်သည်။ ယခုကဲ့သို့
ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေး စတင် ဆောင်ရွက်ရခြင်းမှာလည်း
ကျေးလက်ဒေသ ပြည်သူများသည် မြန်မာနိုင်ငံ၏ အဓိက ကုန်ထုတ် စွမ်းအားစုကြီး
ဖြစ်နေပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်သည်နှင့်အမျှ ဆင်းရဲနွမ်းပါးမှုလည်း
လျော့ကျလာပြီး နိုင်ငံ့ စီးပွားရေးလည်း ပိုမို ကောင်းမွန်လာနိုင်သည့်
အတွက်ကြောင့်ပင် ဖြစ်သည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင်
သမ္မတကြီးအနေဖြင့် အဖွင့် မိန့်ခွန်း ပြောကြားရုံသာမက စာတမ်းရှင်များ၏
တင်ပြချက်များ၊ တက်ရောက်သူများ၏ မေးခွန်းများနှင့် ဆွေးနွေးချက်များကို
အစီအစဉ် ပြီးဆုံးသည်အထိ တက်ရောက် နားထောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ထိုကဲ့သို့ နိုင်ငံအကြီးအကဲ တစ်ဦးက အလုပ်ရုံ ဆွေးနွေးပွဲကို အစအဆုံး
တက်ရောက် နားထောင်ခဲ့ခြင်းသည် အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းများ ပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားမှု (Political Will) ရှိကြောင်း
သက်သေ ပြလိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့်
နိုင်ငံခြားသား ပညာရှင် တစ်ဦးက နိုင်ငံတော် အကြီးအကဲတစ်ဦး ရှေ့တွင်
အစိုးရ၏ စီးပွားရေး၊ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများကို ပွင့်ပွင့်လင်းလင်း
ဝေဖန် ထောက်ပြ ဆွေးနွေးမှုသည် နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလအတွင်း
မကြုံစဖူး ထူးကဲသည့် ဖြစ်ရပ်ဖြစ်ရုံသာမက ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ
ပေါ်ပေါက်လာသည့် မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင် အသစ်ကိုလည်း ထင်ဟပ်ပြနေသည်ဟု
မှတ်ချက်ချခဲ့ခြင်းကို ကြည့်ပါက ဤအလုပ်ရုံ ဆွေးနွေးပွဲ၏ အရေးကြီးမှုကို
သတိပြုနိုင်ကြမည် ဖြစ်ပါသည်။
အလားတူပင်
ပညာရေး ကဏ္ဍအဆင့်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ၊ သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ၊ e-Government အလုပ်ရုံ ဆွေးနွေးပွဲ
စသည့် ဆွေးနွေးပွဲများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်ကို တွေ့ရမည်
ဖြစ်ပါသည်။
တစ်ချိန်တည်း၌ပင်
သမ္မတကြီး၏ မိန့်ခွန်းတွင် အုပ်ချုပ်ရေး ကဏ္ဍအသီးသီးတွင် ပြန်လည်
သုံးသပ်မှုများ ပြုလုပ်ပြီး အခြေအနေ၊ အချိန်အခါနှင့် ကိုက်ညီသည့် မူဝါဒများ၊
လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည့် အတိုင်း
စီးပွားရေး၊ ကုန်သွယ်ရေး ကဏ္ဍများတွင် လုပ်ငန်းများ လုပ်ဆောင်ရာ၌
ပိုမိုလျင်မြန် ချောမွေ့စေရန်အတွက် ဖြေလျှော့မှုများ ပြုလုပ်ခြင်း၊ လုပ်ထုံး
လုပ်နည်းများ ပြင်ဆင်ခြင်း၊ အခွန်နှုန်း ထားများကို
လျှော့ချပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့ပြင်
သမ္မတကြီး၏ မိန့်ခွန်းတွင် ကတိပေးထားသည့် အတိုင်း နိုင်ငံတော်၏ စီးပွားရေး
အခြေအနေ၊ ဘဏ္ဍာရေး အခြေအနေများကို သုံးသပ်ပြီးနောက် ပင်စင်စားများ၏ ပင်စင်
လစာများကိုလည်း ယခုနှစ် ဇူလိုင်လမှ စတင်ပြီး တိုးမြှင့် သတ်မှတ်ပေးခဲ့ပြီ
ဖြစ်သည်။
မီဒီယာ
ကဏ္ဍတွင်လည်း သမ္မတကြီးက စတုတ္ထမဏ္ဍိုင် ဖြစ်သည့် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို
အလေးထားရန် ၊ စာနယ်ဇင်းများ၏ အပြုသဘောဆောင် အကြံပြုချက်များကို အလေးထားရန်
ပြောကြားချက်ကို အကောင်အထည် ဖော်သည့်အနေဖြင့် အနုပညာ သုတရသ၊ ကျန်းမာရေး၊
ကလေး၊ နည်းပညာနှင့် အားကစားဆိုင်ရာ ဂျာနယ် ၈၂ စောင်၊ မဂ္ဂဇင်း ၉၆စောင် နှင့်
အထက်ပါ အမျိုးအစားမျာနှင့် အကျုံးဝင်သော အထွေထွေ စာအုပ်များ၊ပုံပြင်
ရုပ်ပြစာအုပ်များ ကို ထုတ်ဝေပြီးမှ စာပေစိစစ်သို့ တင်ပြသည့် စနစ်ကို
ပြောင်းလဲ ကျင့်သုံးနေပြီ ဖြစ်သည်။ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲသို့
တင်ပြပြီးမှ ထုတ်ဝေခွင့် ရှိသည့် ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း ကန့်သတ်ချက်
များကို လျှော့ပေါ့ပေးခဲ့သဖြင့် ယခင်ကရေးသားခြင်း မပြုနိုင်သည့်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အကြောင်းအရာများ ကို ရေးသားခွင့်
ရရှိနေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
ဤကဲ့သို့
အုပ်ချုပ်ရေး ကဏ္ဍတွင် တိုးတက်မှုများ ရှိနေသကဲ့သို့ ဥပဒေပြုရေး ကဏ္ဍတွင်လည်း
ပြည်ထောင်စု လွှတ်တော်အနေဖြင့် အခြေခံဥပဒေက အပ်နှင်းထားသော တာဝန်များကို
ပီပီပြင်ပြင် ကျင့်သုံး နိုင်ရန်အတွက် လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရမည်
ဖြစ်ပါသည်။ ပြီးခဲ့သည့် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် ပုံမှန်
အစည်းအဝေးတွင် ကိုယ်စားလှယ်များ၏ မေးခွန်း (၁ဝ၆) ခုကို သက်ဆိုင်ရာ
ဝန်ကြီးများက ဖြေကြားခဲ့ရပြီး အဆို (၄၃) ခုကို ဆွေးနွေးညှိနှိုင်း
ဆုံးဖြတ်ခဲ့ကြသည်။ ထိုမေးခွန်းများ၊ အဆိုများသည် မဲဆန္ဒရှင် ပြည်သူများ၏
သဘောထား အမြင်များကို ထင်ဟပ်နေသည့် မေးခွန်းများ ဖြစ်သောကြောင့်
ပြည်ထောင်စု လွှတ်တော်အနေဖြင့် ပြည်သူများ၏ သဘောထားများကို ထင်ဟပ်
ဖော်ပြပေးနိုင်ခဲ့သည်ဟု ဆိုရပေမည်။ ထိုကဲ့သို့ ပြည်သူ့ဆန္ဒ သဘောထားကို
ထင်ဟပ် ဖော်ပြနိုင်သည့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာခြင်း သည်ပင်လျှင်
မြန်မာ့ နိုင်ငံရေးတွင် ကြီးမားသည့် ပြောင်းလဲမှု တစ်ရပ်ဟု ဆိုနိုင်ပါသည်။
တစ်နည်းအားဖြင့် ပြည်သူများ၊ နိုင်ငံရေး ပါတီများအတွက် နိုင်ငံရေး နယ်ပယ်
(Political Space) တစ်ရပ် ပေါ်ပေါက် လာခြင်းသည် အရေးကြီးသည့် တိုးတက်မှု
တစ်ခုဟု ဆိုနိုင်ပါသည်။
ပထမအကြိမ်
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ပြီးဆုံးပြီး နောက်တွင်လည်း လွှတ်တော်
နှစ်ရပ်လုံးမှ လွှတ်တော် ကော်မတီများ အနေဖြင့် လွှတ်တော်ကို အရည်အချင်း
ရှိပြီး ခိုင်မာ တောင့်တင်းစေရန်၊ လွှတ်တော်၏ အဓိက တာဝန် နှစ်ရပ်ဖြစ်သည့်
ဥပဒေပြုရေးနှင့် လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားရေး အဖွဲ့တို့ အကြား
အပြန်အလှန် ထိန်းကျောင်း မှုရှိစေရန် တာဝန်များကို ထိရောက်စွာ
ထမ်းဆောင်နိုင်ရန် ရည်ရွယ်ပြီး အချင်းချင်း အပြန်အလှန် ဆွေးနွေးခြင်း၊
အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် အခြား နိုင်ငံများမှ
လွှတ်တော်များနှင့် အပြန်အလှန် လည်ပတ်ခြင်း၊ ဆွေးနွေးခြင်းများ
ပြုလုပ်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့ပြင် သမ္မတကြီး၏ ပြည်ထောင်စု
လွှတ်တော်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းပါ အတိုင်း တည်ဆဲ ဥပဒေများကို
ပြည်သူ့ အကျိုး စီးပွားကို ကာကွယ် စောင့်ရှောက်နိုင်မှုရှိ၊ မရှိ၊
နိုင်ငံတော် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်မှု ရှိ၊ မရှိ၊
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိ၊ လက်တွေ့ ဆောင်ရွက်နိုင်မှု
ရှိ၊ မရှိနှင့် မိမိတို့ နိုင်ငံက လက်ခံ ကျင့်သုံးနေသည့် နိုင်ငံတကာ
ကွန်ဗင်းရှင်းများ၊ စာချုပ်များနှင့် ကိုက်ညီခြင်းရှိ၊ မရှိ ဆိုသည့်
စံနှုန်းများနှင့် ပြန်လည် သုံးသပ်မှုများ ပြုလုပ်လျက် ရှိပေသည်။ ဤကဲ့သို့
ဥပဒေပြု အဖွဲ့အစည်းများ ခိုင်မာ အားကောင်း လာအောင် လုပ်ဆောင် နေမှုများသည်
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်ကို မှန်မှန်ကန်ကန်၊ အနှစ်သာရ ရှိရှိ၊
ခိုင်ခိုင်မာမာ ကျင့်သုံးနိုင်ရေးအတွက် အားတက် ဖွယ်ရာ တိုးတက်
ဖြစ်ပေါ်မှုများပင် ဖြစ်ပေသည်။
အထက်တွင်
ဖော်ပြခဲ့သည့် ကဏ္ဍအလိုက် တိုးတက် ဖြစ်ပေါ်မှုများကို ကြည့်လိုက်လျှင်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာသည့် မြန်မာ့နိုင်ငံရေး
ပတ်ဝန်းကျင်တွင် အောက်ပါ တိုးတက်မှုကြီး သုံးရပ်ကို တွေ့မြင်ရမည် ဖြစ်ပါသည်
(က)
အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံ၏
ပကတိ အရှိတရားများကို မှန်မှန်ကန်ကန် သုံးသပ်ပြီး ရင်ဆိုင်နေရသည့်
စိန်ခေါ်မှုများကို သတ်မှတ်ခြင်း၊ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့်
နည်းလမ်းများကို ပြည်သူများနှင့် ပူးပေါင်း ကျော်လွှားနိုင်အောင် လုပ်ဆောင်
လာခြင်း။
(ခ)
အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အဖွဲ့အစည်းများ အနေဖြင့် ပြည်သူလူထု၏ ဆန္ဒ
သဘောထားများကို အလေးထား စဉ်းစားလာခြင်းနှင့် တုံ့ပြန် ဆောင်ရွက်လာခြင်း။
(ဂ) နိုင်ငံတကာနှင့် ပိုမိုထိတွေ့ဆက်ဆံရန် ဆန္ဒရှိလာခြင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို အသိအမှတ် ပြုလာခြင်း။
သမ္မတကြီး၏
မိန့်ခွန်းများ၊ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ်
အစိုးရများ၏ စတင် လုပ်ငန်း ဆောင်ရွက်မှုများကို လေ့လာပါက အသွင်
ကူးပြောင်းရေး လုပ်ငန်းစဉ်သည် ဦးတည်ချက် မှန်မှန်ဖြင့် စတင်ပေါ်ပေါက်
နေပြီဟု ဆိုနိုင်ပါသည်။ သို့သော် ယခု ပြောင်းလဲမှုများကို နှေးကွေးသည်ဟု
ပြောဆိုပြီး အမေရိကန် နိုင်ငံရေး လောကတွင် သမ္မတသစ် သက်တမ်းအစ ရက် (၁ဝဝ)
အတွင်း သိသာ ထင်ရှားသည့် အပြောင်းအလဲများ လုပ်လေ့ရှိသည့် အစဉ်အလာကို
ထောက်ပြကာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ရက် (၁ဝဝ) အတွင်း သိသိသာသာ
ထင်ထင်ရှားရှား ပြောင်းလဲခဲ့ခြင်း မရှိဟု ဆိုနေသူများလည်း ရှိနေသည်ကို
တွေ့ရပါသည်။
သို့သော်
အမေရိကန်နိုင်ငံ အပါအဝင် အနောက် ဒီမိုကရေစီ နိုင်ငံများတွင် ဒီမိုကရက်တစ်
အင်စတီကျူးရှင်းများက နှစ်ပေါင်းများစွာ အထိုင်ကျခဲ့ပြီး ဖြစ်သည်ကိုလည်း
သတိပြုဖို့ လိုပါသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ
အင်စတီကျူးရှင်းများကို အသစ် တည်ဆောက်ရခြင်း ဖြစ်သည့်အတွက် သမ္မတကြီး
မိန့်ခွန်းတွင် ဖော်ပြထားသည့်အတိုင်း စိန်ခေါ်မှုများကို ကျော်ဖြတ်ရဦးမည်
ဖြစ်သည်။ ထို့အပြင် ပြုပြင်ပြောင်းလဲမှု မှန်သမျှသည် အတွင်းအပြင်
နှစ်ဌာနလုံးမှ ခုခံမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ဗဟို ဦးစီးစနစ်
အောက်တွင် အရိုးစွဲလာခဲ့သည့် အမူအကျင့်များ၊ အတွေးအခေါ် များကိုလည်း
ကျော်ဖြတ်ရဦးမည် ဖြစ်သည်။ ထိုထက် ပိုဆိုးသည်က အမျိုးသား ပြန်လည်ပေါင်းစည်း
ညီညွတ်မှု အားနည်း နေသည့် အတွက် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင်
ပြင်ပ အနှောင့်အယှက်များ၊ ဖိအားပေးမှုများ ရှိနေခြင်းပင် ဖြစ်သည်။
ထို့ကြောင့်လည်း မကြာမီရက်များအတွင်း အများပြည်သူများ အသုံးပြုနေသည့်
ကားလမ်း၊ ရထားလမ်းများတွင် မိုင်းခွဲတိုက်ခိုက်မှုများ၊ မြို့ရွာများအတွင်း
ဗုံးဖောက်ခွဲမှုများပြုလုပ်ခဲ့သကဲ့သို့ မြေပေါ် နိုင်ငံရေး ဆူပူမှုများ
ဖြစ်ပေါ်စေရန် အတွက် ကွန်ရက်များကို အသုံးပြုပြီး လှုံ့ဆော်ရန်
ကြိုးစားမှုများ ပေါ်ပေါက် နေသည်ကိုလည်း တွေ့ရမည် ဖြစ်ပါသည်။
ထို့ကြောင့်
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ
လျင်လျင်မြန်မြန်နှင့် အောင်အောင်မြင်မြင် ဖြစ်စေရေး အတွက် နိုင်ငံတော်
အစိုးရနှင့် တရားဝင် နိုင်ငံရေး ပါတီများတွင် သာမက လွှတ်တော် ပြင်ပက
အဖွဲ့အစည်း များတွင်လည်း တာဝန်ရှိသည်ဟု ဆိုချင်ပါသည်။ အားလုံး ဝိုင်းတွန်း၊
ပြိုင်တူတွန်းလျှင် အရွေ့ ပိုကောင်းပါလိမ့်မည်။ ထိုကဲ့သို့ အားလုံး
ပါဝင်နိုင်အောင်လည်း နိုင်ငံတော် သမ္မတကြီးက တံခါးဖွင့် ပေးခဲ့ပြီး
ဖြစ်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်သေးသူများ
အနေဖြင့် နိုင်ငံတော် အစိုးရက ဖွင့်ထားသော တံခါးမှ ဝင်လာရန် လိုနေပြီ
ဖြစ်ပါသည်။ နိုင်ငံ့ အရေးအတွက် လမ်းမှန်ကို ရွေးနိုင်ခဲ့လျှင်
ပြီးခဲ့သည့်ရက် (၁ဝဝ)အတွင်း တိုးတက်မှုများကြောင့် ပေါ်ထွက်လာနေသည့်
မျှော်လင့်ချက်များ လျင်လျင်မြန်မြန် အကောင်အထည် ပေါ်လာမည်သာ ဖြစ်ပေသည်။
ဗညားအောင်