မြန်မာမှုနယ်ပယ်များကို ဖျက်ဆီးကြသူများ
အဆိုးတကာ့အဆိုးဆုံး သတင်းများမှာ မည်သည့်ကောင်းကျိုးမှမပြုသည့် အပြင် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင် ဘာသာရေးအရ၄င်း ၊ ရှေးရိုးအစဉ်အလာများအရ၄င်း အခိုင်အမာ တည်ရှိပြီးသား မြန်မာမှု နယ်ပယ်များကို ဖျက်ဆီးပစ်လိုက်ကြသည့် သတင်းများ ၊ ပြောဆိုရေးသားမှုများဖြစ်သည် ။ ဥပမာဆိုရသော်-
- မိဘ ၊ ကျောင်းသား နှင့် ဆရာများအကြားဆက်ဆံရေးနယ်ပယ်
- ဆရာဝန်များနှင့် ပြည်သူလူထု လူနာများကြားဆက်ဆံရေး နယ်ပယ်
- တပ်မတော်သားများနှင့် ပြည်သူလူထုကြား ဆက်ဆံရေးနယ်ပယ်
- ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်
- တရားရေးဝန်ထမ်းများနှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်
- ရပ်ကွက် ၊ မြို့နယ် စသောအုပ်ချုပ်ရေး ဌာနအဆင့်ဆင့်နှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်
စသည်..စသည်တို့ဖြစ်ကြလေသသည် ၊ ယခုဖေါ်ပြခဲ့သည့် မြန်မာမှုနယ်ပယ်များမှာ ဥပမာမျှသာဖြစ်ပါသည် လူပြိန်းကြိုက်တို့၏ စောင်မမှုကြောင့် ပျက်စီးသွားကြကုန်သော အခြားမြန်မာမှုနယ်ပယ်များ များစွာကျန်ရှိပါသေးသည် ။ထိုနယ်ပယ်များစွာထဲမှ မိဘ၊ကျောင်းသား နှင့်ဆရာတို့၏ဆက်ဆံရေးနယ်ပယ် ပျက်စီးယိုယွင်းသွားပုံကို သာဓကဆောင်၍ ဦးစွာတင်ပြလိုပါသည် ။
မြန်မာမှုနယ်ပယ်တွင် ဆရာသည် မိဘနှင့်တစ်ဂိုဏ်းတည်းထား လေးစားရိုသေကြရသော အနန္တောအနန္တ ငါးပါးဝင် ဖြစ်လေသည် ၊ ဆရာကလည်း ဆရာ့ဝတ် ၊ ကျောင်းသားကလည်း ကျောင်းသားဝတ်များဖြင့် တစ်ဦးပေါ် တစ်ဦး အပြန်အလှန်လေးစားယုံကြည်မှုများနှင့်ပြည့်နှက်ကာ ကြည်နူးဘွယ် ပီတိဖြစ်ဘွယ် ဆက်ဆံရေးဖြစ်လေသည်။
ဘာကြောင့်မိဘနှင့်တစ်ဂိုဏ်းထဲထားရတာလဲ
တိရိစ္ဆာန်များတွင်လည်း ပညာသင်ကြားရေးရှိလေသည် ၊ ထိုပညာသင်ကြားရေးကို မိဘများက ကိုယ်တိုင်တာဝန် ယူကြရလေသည် ၊ ကြောင်ကလေးများကို ကြောင်မကြီးက ကြွက်ခုတ်နည်း ၊ ကြွက်ချောင်းနည်း တိတ်တဆိတ် ချဉ်းကပ်နည်းစသည်တို့ကို ကိုယ်တိုင်သင်ကြားပေး၏ ၊ ထို့နည်းတူစွာပင် ဗျိုင်းကလေးများကို ဗျိုင်းမကြီးက ကတွတ်ပေါက်တွင်ငါးစောင့်နည်း ၊ ဖမ်းနည်းများကို ကိုယ်တိုင်သင်ပေး၏ ၊ စွန်ရဲတစ်ကောင်က သားကောင်ရှာဖွေနည်း ၊ ထိုးသုတ်နည်း ၊ တို့ကို ၄င်းတို့၏သားသမီးများအား ကိုယ်တိုင် သင်ကြားပေးကြရလေသည် ၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်သော လူတို့တွင်ကား ထိုသို့ မဟုတ် အပြောကျယ်လှသော လူမှုနယ်ပယ်အသီးသီးတွင် လူသားဆန်စွာ ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များအပြင် ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်သုံးသပ်ရပ်တည်နိုင်ရန် ပညာသင်ကြားခြင်းမှာ ကျယ်ဝန်းနက်ရှိုင်းလှသည် ဖြစ်ရာ ထိုတာဝန်ကို မိဘ နှစ်ဦးတည်းက တာဝန်ယူ၍ မဖြစ်နိုင်တော့သဖြင့် အရပ်ရပ်သောပညာတို့ကို သင်ကြားပေးရန်အတွက် ဆရာတို့သည် မိဘများကိုယ်စား တာဝန်ယူကြရလေသည် ၊ မိဘရဲ့တာဝန်တွေကို ကိုယ်စားဆောင်ရွက်ပေးနေရသူများဖြစ်တဲ့အတွက် မိဘနဲ့ တစ်ဂိုဏ်းထဲထားကာ ရိုသေ အလေးအမြတ်ထားနေကြခြင်းဖြစ်ပါသည်။
ဒီနေ့ခေတ်မှာရော ဆရာတွေဆရာစိတ်မရှိကြတော့ဘူးလား
ဤမေးခွန်း၏ အဖြေကို ပေါ်လွင်သွားစေရန် နိုင်ငံတော်အစိုးရမှ ၁၀တန်းအောင်သူတိုင်း ဆရာလုပ်ကြရမည် ဟု အမိန့်တပ်ရပ်ထုတ်ပြန်လိုက်စေလိုသည် ၊ ထိုသို့ထုတ်ပြန်လိုက်ပါက ဤမြန်မာပြည်တွင် ဆရာမလုပ်လိုသူ အမြောက်အများ ပေါ်ထွက်လာမည်ကို သင်တွေ့ရပါလိမ့်မည် ၊ "ကျွန်မသားလေးကိုမိဘ လက်ငုတ်စီးပွားရေးပဲလုပ်ခိုင်းမှာပေါ့ ဘာလို့ဆရာလုပ်ရမှာလည်း" ၊ " အောင်မလေး လစာလေးသုံးလေးသောင်းနဲ့ ငါ့ကလေးတွေကို ဆရာတော့မလုပ်ခိုင်းနိုင်ပါဘူး" ၊ " ထီးဖြူ ဘိနပ်ပါး အလုပ်ပါအေ...ဘာမှဖြစ်လာမှာမဟုတ်ပါဘူး " စသော စသော အသံတွေကို သင်သေချာပေါက် ကြားရပါလိမ့်မည် ၊ ဒီလိုဆိုရင် အခုလက်ရှိဆရာလုပ်နေသူများကို မလေးစားသင့်ပေဘူးလား ၊ သူများသားသမီးကို မိမိသားသမီးကဲ့သို့သဘောထား ပြုစုပျိုးထောင်ပေးရသော စေတနာ၊ အထူးစိတ်ရှည်ရသော သင်ကြားရေးကိုမှ စိတ်ဝင်စားသော ၀ါသနာ ၊ ဘာစီးပွားမှ မဖြစ်နိုင်မှန်းသိလျှက်နှင့် ဘ၀၏ အချိန်အမြောက်အများကို ပေးဆပ်နေရသော အနစ်နာခံမှုမျိုး ကို လွယ်သည်ဟုသင် ထင်ပါသလား ၊ ထိုသို့ပေးဆပ်ခဲ့သည့်အတွက် ပေးဆပ်နေကြဆဲဖြစ်သည့်အတွက် ဆရာများသည် ဘာများပြန်ရပါရဲ့လဲ ၊ မိမိပြုစုပျိုးထောင်ခဲ့သည့် ပန်းပွင့်လေးများ လောကအလယ်တွင် ဖူးပွင့်လာသောအခါတွင် ရသော ဥယျာဉ်မှူး ၏ ပိတိမျိုးမှ တစ်ပါး ဆရာတို့သည် ဘာများရနေသည်ဟု သင်ထင်ပါသလည်း ၊သေချာသည်မှာ ယခင်ခေတ် အဆက်ဆက်က ဆရာများမှသည် ယနေ့ခေတ်ဆရာဆရာမ များအထိ အားလုံးသောဆရာတို့သည် ထိုနာ ၃ နာနှင့် ပြည့်စုံကြသူများဖြစ်ကြလေသည် ။လေးစားထိုက်သူများဖြစ်ကြလေသည် ၊ ယနေ့ခေတ်တွင် နာမည်ကျော်ကျူရှင်ဆရာများ၏ ၀င်ငွေကောင်းမှုကို သင်ထောက်ပြကောင်းထောက်ပြပေလိမ့်မည် ၊ ထိုနာမည်ကျော်ဆရာများသည် မူလ နာ ၃ နာအပြင် သင်ကြားရေးတွင် ပါရမီထူးသူများဖြစ်ကြသည် ၊သို့ဖြစ်ခြင်းကြောင့် ထိုဆရာတို့ကို ကြည့်၍ မုဒိတာပွားနေခြင်းသည်သာ အမှန်ဆုံးဖြစ်ပေလိမ့်မည်ဟုသာ ဆိုချင်ပါသည် ။
ကျူရှင်သင်တာအပြစ်လား....
သင်ကြားရေးအလုပ်သည် ဆရာတစ်ယောက်၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည် ၊ ကျူရှင်သင်သည်ဆိုသည်မှာလည်း စာသင်သည့်အလုပ်ပင်ဖြစ်သည် ၊ သင်ကြားရေးအလုပ်ဖြင့် အသက်မွေးသူက စာသင်တာအပြစ်ဟု ဆိုကြပါမည်လား..ဆိုလျှင်ကော တရားပါမည်လား ၊ဆရာဝန်က ဆေးကုသည် ၊ အင်ဂျင်နီယာက တည်ဆောက်ရေးလုပ်သည် ၊ ဆရာကစာသင်သည် ဘာများ ဆန်းပါသလည်း ဘာမှမဆန်းပါ ၊ အထက်တန်းပြဆရာတစ်ယောက်၏လစာသည် ၄၀၀၀၀ ကျပ်မျှသာဖြစ်သည် ၊ ကျောင်းကိုအသွားအပြန်လုပ်ရသည့် ခရီးစရိတ်မျှသာရှိသည် ၊ ဆရာတို့ဘ၀စားဝတ်နေရေးအတွက် မလောက်ငှကြ ၊ ဒီတော့ကျောင်းချိန်ပြင်ပတွင် စာသင်ပြီး အပိုဝင်ငွေရှာကြရင်း ဘ၀ရပ်တည်ရေး ဆောင်ရွက်ကြရသည် ။ ကျူရှင်သင်သောဆရာသည် မနက် ၅နာရီမတိုင်ခင်အိပ်ယာမှထရသည် ၊ မနက် ၆နာရီမှ ၈ နာရီအထိ ကျူရှင်တွင်စာသင်ရသည် ၊ ၈ နာရီနှင့် ၉ နာရီအကြားတွင် ကျောင်းကို အပြေးသွားကြရသည် ၊ ကျောင်းတွင် ညနေ ၄နာရီအထိ စာသင်ကြရသည် ၊ ညနေ၅နာရီမှ ည ၈နာရီခန့်ထိကျူရှင်တွင်တစ်ဖန် စာသင်ကြရပြန်သည် ၊ အိမ်အရောက်တွင်မနားရသေး ကျောင်းမှကလေးများ၏ အိမ်စာများကို စစ်ရဆေးရပြန်သည် ၊ ၁၀နာရီကျော်မှနားရသည် ၊ မနက် ၅နာရီပြန်ထရသည် ၊စနေ၊ တနင်္ဂနွေဟူ၍ မရှိ သင်ကြားနေရသည် ၊ ထိုသို့နေ့မအိပ်ညမအိပ်ကြိုးစား ရုန်းကန်နေကြရသော ဆရာတို့ကို လူပြိန်းကြိုက် တို့က အသပြာဆရာ ဟု ကင်ပွန်းတပ် ရုပ်လုံးဖေါ်ရေးသားနေကြသည်မှာ တရားမျှတပါရဲ့လား ၊ တရားတော်နဲ့ရော ညီပါရဲ့လား ၊ဒီလိုလူပြိန်းကြိုက်စာများရေးပြီးရတဲ့ဝင်ငွေဖြင့် အသက်မွေးဝမ်းကျောင်း ပြုခြင်းကို သမ္မာအာဇီဝ ဟု ဆိုနိုင်ပါမည်လား ။
နိုင်ငံတော်အစိုးရက ဘာလို့ ကျောင်းဆရာတွေကျူရှင်မသင်ရဘူးလို့အမိန့်ထုတ်ရတာလည်း
ဤအမိန့်ထုတ်ပြန်ရခြင်းမှာလည်း ထိုလူပြိန်းကြိုက်မီဒီယာသမားများ၏ မစမှုသသည် အဓိက အခန်းမှပါဝင်လေသည် ။ထိုသူတို့သည် ဆရာတို့က ကျောင်းတွင်သေချာမသင် ၊ ကျူရှင်တွင်သာ သေချာသင်ကြသည် ၊ ကျူရှင်တက်သောကလေးကို အမှတ်ပိုပေးသည် ၊ မတက်သောခလေးကို အမှတ်လျော့သည် ၊ ထိုကြောင့် ထိုအသပြာဆရာများသည် မြန်မာ့ပညာရေးလောက ကိုအရုပ်ဆိုးအောင် လုပ်နေကြသူများဖြစ်နေသယောင်ယောင် ရေးသားကာ အမှားကိုထောက်ပြသလိုလိုနှင့် ဆရာနှင့်တပည့် ၊ ဆရာနှင့်မိဘအကြား ခလောက်ဆန်ကာ အမျိုးမျိုးရေးသားကြသည် ၊ ထိုသို့လုပ်သောနည်းဖြင့် သားသမီးများအား ကျုရှင်မထားနိုင်သူမိဘများ ၊ ထားနိုင်သော်လည်းမထားကြသူ မိဘများ ကဆရာများအပေါ် တဖြည်းဖြည်း အမြင် စောင်းလာသည် ကြာလာတော့ အထက်ဌာနများသို့ မကြာခဏဆိုသလို တိုင်ကြ တောကြ ဖြစ်လာသဖြင့် နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း ဆရာများကျူရှင်မသင်ရ ဟူသောအမိန့် ကိုထုတ်ပြန်ရသည်အထိ ဒုက္ခပေးခဲ့ကြသည် ။သို့သော်လည်း မိမိကလေးကို ထူးချွန်ထက်မြက်စေလိုသောမိဘများ၏ တောင်းဆိုမှုနှင့် ဆရာတို့၏၀င်ငွေမလောက်ငှမှု တို့ကြောင့် နောက်ဆုံးတွင် အနန္တဂိုဏ်းဝင် ဆရာများသည် မိမိတို့ ခင်မင်နီးစပ်ရာအိမ်များတွင် စာသင်သည့် အလုပ်ကိုပင် မူးယစ်ဆေးဝါးရောင်းဝယ်သကဲ့သို့ တိတ်တိတ်ပုန်း ခိုးလုပ်ရသော အဖြစ်သို့ ရောက်ရှိသွားလေတော့သည် ။
အထက်ပါဖြစ်ရပ်ကို ရိုးရိုးကလေးစဉ်းစားကြည့်လျင်ပင် အဖြေကရှင်းနေပါသည် စာတစ်ပုဒ်ကို ကျူရှင်မှာတစ်ခါသင် ကျောင်းမှာတစ်ခါသင် သောကလေးက ကျောင်းတွင် တစ်ခါသာသင်သောသူထက် ပို၍ တော်နေ ၊ ပို၍တတ်နေမည်မှာ ယေဘူယျ အမှန်တရားဖြစ်သည် ၊ ကျူရှင်သင်သောကလေးသည် အထက်တွင်ဆိုခဲ့သော ဆရာများနည်းတူ မနက် ၅ နာရီမှသည် ည ၁၀ နာရီကျော်ထိ သူတို့၏ ဘ၀ကို ပညာရေးတွင် မြှုတ်နှံထားရသည် ၊ ထိုသို့ပညာရေးကို အချိန်များစွာပေးထားသောကျောင်းသားကျောင်းသူ များသည် ၊ ကျောင်းသွားခါနီးမှအိပ်ယာထ အမေအဆင်သင့်လုပ်ထားသောထမင်းကိုစား ထမင်းချိုင့်ကိုဆွဲ ကျောင်းကိုသွား၊ ညနေကျောင်းဆင်းလျင် ဆော့ ၊ ညကြတော့မောပြီး အစောကြီးအိပ် သွားကြကုန်သော သူများထက် စာပေအရာတွင် အစစသာကြသည်မှာ ဘာများဆန်းပါသနည်း ၊ ထိုစာညံသောကျောင်းသား ကျောင်းသူများသည် လူငယ်သဘာဝ ညံ့သည်ဟု ၀န်မခံ ကြ ၊ အမေတို့ကသားတို့ကို ကျူရှင်မှမထားတာကိုး ...ကျူရှင်ထားရင်သားလဲတော်မှာပေါ့ ၊ ဆရာမက မေးခွန်းကို ကျူရှင်မှာသင်ထားတာနေမှပေါ့ စသောစကားများကို ခံတပ်သဖွယ်အသုံးပြုကာ မိဘတို့ကိုစိတ်ဆင်း ရဲအောင်လုပ်ရင်း မိမိတို့ အပြစ်ကို ဖုံးကွယ်ကြသည်မှာ ထိုစာညံ့ကြသူများ၏ လုပ်ရိုးလုပ်စဉ် အလုပ်မျိုးသာဖြစ်လေသည် ။ ထူးခြားချက်အနေဖြင့် တစ်ခါသင်ယုံမျှဖြင့်ပင် နှစ်ခါသင်ထားသူအချို့ထက် ပိုပြီးသိလွယ် တတ်လွယ်သော ကျောင်းသားမျိုးလဲရှိတတ်ပေရာ ဆရာတို့သည် ထိုကျောင်းသားမျိုးကို မိမိထံတွင်ကျုရှင်ယူသူများထက်ပင် ချီးမွမ်းခန်းထုတ်ကာ မိမိတို့ကျူရှင်သင်ရာနေရာ များသို့ ခေါ်ဆောင်သွားပြီး အခမဲ့သင်ကြားပေးရင်းမြေတောင်မြှောက်ပေး မှုကြောင့် အောင်မြင်ပေါက်မြောက်သွားကြသူများ မရေမတွက်နိုင်အောင်ပင် ရှိနေပြီဖြစ်ပါသည် ။ ဒီလို ရိုးရှင်းသော အဖြေမှန်တွေရှိနေပါလျှက် မိမိတို့သားသမီး ညံ့တိုင်း ဆရာများကို ပုံချ လက်ညိုးထိုးနေကြမည် ၊ အပြစ်ဆိုနေကြမည်ဆိုပါလျင် တရားနည်းလမ်း ကျနိုင်ပါမည်လား ဟုမေးစရာ ဖြစ်လာပါသည် ။
ဆုံးရှုံးမှုများစွာ
အထက်ပါဖြစ်စဉ်များကြောင့် မိဘများနှင့်ဆရာများကြား ကျောင်းသားများနှင့်ဆရာများကြား အခိုင်အမာတည်ရှိပြီးသား ဆက်ဆံရေးတွင် အက်ကြောင်းထင်လာပါသည် ။ နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်းဆရာများ ကျူရှင်မသင်ရဟု အမိန့်ထုတ်ပြန်လိုက်သဖြင့် ဥပဒေဘောင်အတွင်းနေထိုင်လိုသော အတွေ့အကြုံရှိ လုပ်သက်ရင့် ဆရာများ ဘ၀ရပ်တည်ရေးအတွက် မိမိတို့ချစ်ခင်လှစွာသော ကျောင်းစာသင်ခန်း များကို ကျောခိုင်း၍ အငြိမ်းစားယူကာ ပြင်ပစာသင်ခန်း များသို့ ရောက်သွားကုန်ကြပါသည် ၊ ယခင်ကအစိုးရစာသင်ကျောင်းများတွင် အခမဲ့ရနိုင်နေသော ဆရာတို့၏ သင်ကြားမှုကို ပြင်ပဘော်ဒါ စာသင်ခန်းများတွင် အခကြေးငွေများစွာပေးမှရနိုင်တော့သည့် အဖြစ်ကိုနေ့ချင်းညချင်း ရောက်သွားကြလေသည် ။ ဆရာများဘက် ၊ မိဘများဘက် ၊ ကျောင်းသားများဘက် စသည့်အဘက်ဘက်မှ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြပါသည် ။
ဤသို့ အဘက်ဘက်မှဆုံးရှုံးမှုများ ဖြစ်ပေါ်သွားခြင်းအပေါ်တွင် အသင် မီဒီယာလောကသားတို့ရော ပျော်နေနိုင်ပါ၏လော ၊ အောင်ပွဲရော ခံထိုက်ပါ၏လော ၊ ထိုသို့သူတပါးတို့ဆုံးရှုံးမှုအပေါ် မွေ့လျော်အာင်ပွဲခံနေကြသည့် အဖြစ်ကို အပြစ်ဟုဆိုပါလျင် ထိုအပြစ်တို့ ကို ပြင်ဆင်ရန်သည် အချိန်သည် နောက်ကျသည်ဟူ၍ ရှိမည်မထင်ပါကြောင်းတင်ပြအပ်ပါသည် ။

(ဆက်လက်ဖေါ်ပြပါမည်)
ဒေါက်တာဆိတ်ဖွား