xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ငြိမ်းချမ်းရေးတဲ့လား......

Monday, July 11, 2011

ငြိမ်းချမ်းရေးတဲ့လား......

 ( လက်ရှိအစိုးရက ဒေါ်စုကြည်နဲ့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ကို တွေ့ဆုံဆွေးနွေး လိုက် ရင်ပဲ ပြည်တွင်းငြိမ်းချမ်းရေး ချက်ချင်းရတော့မလိုလို ၊ နေ့ချင်းညချင်း အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးရတော့မလိုလို ပြောဆိုနေကြသော အချိန်အခါတွင် ဖတ်သင့်သော ဆောင်း ပါးဖြစ်သည် )

 ဆင်းရဲဒုက္ခရောက်ခြင်း၊ ဆူပူလှုပ်ရှားထကြွခြင်း၊ နှောက်ယှက်ဖျက်ဆီးခြင်း၊ စစ်မက်စသည်တို့ ကင်းမဲ့သောအဖြစ်ကို ငြိမ်းချမ်းရေးဟုဆိုသည်။ လူသားအားလုံးအတွက် ငြိမ်းချမ်းရေးဆိုသော အသံမှာ  နားဝင်ချိုစေလှသည်။ အမှန်တကယ်လည်း ငြိမ်းချမ်းမှုဖြစ်အင်ကို လိုလားတောင့်တကြသည်။ ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဘက်မှာ စစ်ဖြစ်သည်။ စစ်ကို တိုင်းပြည်အချင်းချင်း လက်နက်အားကိုး ခြင်းဖြင့် တိုက်ခိုက်ခြင်းဟုဆိုသည်။ စစ်ဟူသည် အလိုအလျောက်ပေါ်လာသော အဖြစ်အပျက် မဟုတ်။ ဖန်တီးပြုလုပ်၍ ပေါ်သော အဖြစ်အပျက်အဖြစ် အဓိပ္ပါယ်ဖွင့်ကြသည်။ လူသားအားလုံးက စစ်ဆိုသည်အား အထူး ရွံ့မုန်းကြသည်။ ရှောင်ရှားလိုကြသည်။ တိုက်ဖျက် ပစ်ချင်ကြသည်။ သို့သော်လည်း လူ့သမိုင်း၌ ငြိမ်းချမ်းရေးအကြောင်းပြောလိုလျှင် စစ်ဆိုသည်အား ရှောင်ရှား၍ မရသကဲ့သို့ စစ်ကို ပြောဆိုလိုလျှင်လည်း ငြိမ်းချမ်းရေးဆို သည်က ဒွန်းတွဲပါရှိကြရ စမြဲဖြစ်သည်။ ဤကား သဘာဝ နိယာမတစ်ခုပင်တည်း။
 
            အမှန်တွင် ငြိမ်းချမ်းရေးသည်သာ လူသားအားလုံးအတွက် အသာယာဆုံးနှင့်အချိုမြိန်ဆုံး သံစဉ်တစ်ခုဖြစ်ပြီး လက်နက်အားကိုးဖြင့် လူလူချင်းတိုက်ခိုက်ကြသော စစ်ပွဲများသည်ကား မဖြစ်စကောင်းသော၊ မဖြစ်အောင်လည်း လမ်းလွဲရှောင်ကြဉ်နိုင်သော နည်းလမ်းမျိုးရအောင် ကြိုးစားကြသင့်သည်။ 
 
 သို့သော်လည်း နိုင်ငံရေးနှင့်ဖြေရှင်း၍မရသော နောက်ဆက်တွဲပြဿနာမျိုး ဖြစ်ပေါ်ပြီဆိုပါက စစ်ဆိုသည်အား မဖြစ်မနေ ရင်ဆိုင်ကြုံတွေ့ကြရတော့သည်။ ဘီစီငါးရာမတိုင်ခင်က တရုတ်စစ်သမိုင်းပညာရှင် ဆွန်ဇုအနေဖြင့် ''ရွေးချယ်ရန် နည်းလမ်းမရှိတော့သည့် အချိန်ရောက်မှသာ လက်နက်များကို ခြိမ်းခြောက်တိုက်ခိုက်ရန် ပစ္စည်းတစ်ခုအဖြစ် သုံးစွဲရလိမ့်မည်''ဟုဆိုခဲ့သော်လည်း ဆယ့်ကိုးရာစုပရပ်ရှားစစ်သမိုင်းပညာရှင် ကလော့စ်ဝ်ဇ်ကမူ ''မိမိ၏ လိုအင်ဆန္ဒများကို အလုံးစုံလိုက်လျောလာသည် အထိ မိမိ၏ဆန့်ကျင်ဘက်အပေါ်ပြုကျင့်ရမည့် အကြမ်းဖက်မှု တစ်ရပ်'' ဟု အဓိပ္ပါယ်ဖွင့်ခဲ့ပြန်သည်။ သို့ဆိုလျှင် ဖြေရှင်းရန်နည်းလမ်း မကျန်တော့ပြီဆိုပါက လူသားတို့အနေဖြင့် ငြိမ်းချမ်းရေးကို မည်မျှပင်မြတ်နိုးပါစေ၊ စစ်ဆိုသည်ကိုတော့ ရင်ဆိုင်ကြရလိမ့်မည်ဟု ဖွင့်ဆိုရပါလိမ့်မည်။
 
            ယနေ့ နှစ်ဆယ့်တစ်ရာစု လူသားများနှင့် ကမ္ဘာကြီးကိုကြည့်ပါက စစ်ပွဲပေါင်းများစွာကို တွေ့မြင်နေကြရပါ သည်။ ဥပမာအားဖြင့် လစ်ဗျားစစ်ပွဲကိုပဲကြည့်ပါဦး။ နိုင်ငံအား နှစ်လေးဆယ်ကျော်အုပ်ချုပ်ခဲ့သော ခေါင်းဆောင် ကဒါဖီကိုလူထုကဆင်းပေးရန် တောင်းဆိုသည်။ အုံကြွဆန္ဒပြမှုတွေဖြစ်ပေါ်လာသည်။ ကဒါဖီအစိုးရက ဆန္ဒပြမှု များအား နှိမ်နင်းသောအခါ အုံကြွမှုပါ လူအချို့ သေဆုံးပြန်သည်။ ယင်းဖြစ်စဉ်ကို နိုင်ငံတကာက သုံးသပ်ပြီး နေတိုးနှင့် မဟာမိတ်အဖွဲ့က ၀င်ရောက်ကိုင်တွယ်သည်။ သို့သော်လည်း ကဒါဖီအစိုးရနှင့် ညှိနှိုင်းစေ့စပ်၍မရ။ နောက်ဆုံးတွင် နေတိုးနှင့်မဟာမိတ်အုပ်စုက စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ဆုံးဖြတ်ကာ လစ်ဗျားနိုင်ငံ အပေါ်သို့ ဗုံးမိုးများ ရွာချခဲ့သည်။ ယခုဆိုလျှင် ရက်ပေါင်းတစ်ရာခန့်ပင် ရှိခဲ့ပြီဖြစ်ပြီး အမေရိကန်နိုင်ငံသမ္မတကပါ စစ်ရှိန်တိုးမြှင့်ဆောင်ရွက်ရန် အားသစ်လောင်းပေးလျက်ရှိပါသည်။ ရာထူးအာဏာမစွန့်လွတ်သော ကဒါဖီအစိုးရအား ဖြုတ်ချနိုင်ရန်တစ်ခုတည်းအတွက် လစ်ဗျားနိုင်ငံအပေါ်သို့ ဗုံးကြဲလျက်ရှိသော စစ်ဆင်ရေးသည် လူသားများအတွက် တရားမျှတပါရဲ့လား။ ဗုံးဆန်တစ်ခုတွင် မျက်စေ့မပါသကဲ့သို့ ဒုံးတစ်ခုတွင် မျက်လုံးမပါကြရကား မည်သည်က ကဒါဖီအစိုးရ၊ မည်သည်က အပြစ်မဲ့လစ်ဗျားပြည်သူ ခွဲခြားရနိုင်မည် မဟုတ်ဘဲ အလုံးစုံ သေကြေပျက်စီးဆုံးရှုံးကြရလိမ့်မည်။ ထို့ထက်ဆိုးသည်ကား လေကြောင်းစစ်ဆင်ရေးတစ်ခုတည်း ဖြင့် ကဒါဖီအစိုးရက အလျော့ပေးမည်လား။ မြေပြင်ထိုးစစ်ပါ ပေါင်းစပ်မှ ရည်မှန်းချက် အောင်မြင်မည်ဆိုလျှင် အတိုင်းထက်အလွန်သော ပေးဆပ်မှုတွေကို လစ်ဗျားပြည်သူလူထုကသာ ပေးဆပ်ကြရဦးမည်ဖြစ်သည်။ သို့သော်လည်း နေတိုးအုပ်စုအနေဖြင့် လစ်ဗျားနိုင်ငံ ပြည်သူလူထုလွတ်မြောက်ရေးအတွက် စစ်မှလွဲ၍ အခြားနည်းလမ်းကို ရွေးချယ်ရန် မရှိတော့ဟုဆိုလျှင် စစ်ပွဲအားရွေးချယ်ခဲ့ခြင်းကို မည်သည့် မှတ်ချက်မှ မပေးလိုပါပေ။
            လစ်ဗျားကဲ့သို့သော အရေးကိစ္စမျိုးအား နှစ်ဆယ်ရာစုနှောင်းပိုင်းက ဆားဗီးယားနိုင်ငံမှ လူမျိုးတုံး သုတ်သင် ရှင်းလင်းမှု(Ethnic Cleansing) အကြောင်းပြချက်နှင့် ကိုဆိုဗိုပဋိပက္ခတွင် နေတိုးနှင့် မဟာမိတ်များက အတွေ့အကြုံရှိခဲ့ပြီးဖြစ်သည်။ ရက်ပေါင်း ခြောက်ဆယ်ကြာလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ၌ နောက်ဆုံးတွင် မြို့၏လျှပ်စစ်ပေးဝေမှုနှင့်ဆက်သွယ်မှုစနစ်များကိုပါ ချိုးဖျက်နိုင်သော ဂရပ်ဖိုက်ဗုံးများ ကြဲချအကြမ်းဖက်ခြင်း ဖြင့် မီလိုဆီဗစ်ခ်ျအစိုးရအား လက်လျော့စေခဲ့သည်။ သို့သော်လည်း အရှေ့ဥရောပ၌ အလှပဆုံး မြို့တစ်မြို့ဖြစ်ခဲ့သည့် ကိုဆိုဗိုမှာနောက်ဆယ်စုနှစ် နှစ်ခုခန့်ကြာအောင် ပြန်လည် တည်ဆောက်ရပါဦးမည်။ အလားတူ သက်ဆိုင်ရာဒေသခံ လူထုသည်လည်း စစ်ပွဲနှင့်ပတ်သက်၍ ခံစားခဲ့ရသည့် သောကဝေဒနာပေါင်းများစွာကို တစ်သက်တာလုံးရင်နှင့်အမျှ ခံစားနေကြရပါလိမ့်ဦးမည်။ ကိုဆိုဗိုပဋိပက္ခအား နိုင်ငံရေးနှင့်ဖြေရှင်း၍မရသော နောက်ဆက်တွဲ ပြဿနာတစ်ရပ်အဖြစ် နေတိုးနှင့်မဟာမိတ်များက သုံးသပ်စစ်ခင်းခဲ့ခြင်းအတွက် မှတ်ချက် တစ်စုံတစ်ရာ မပေးလိုတော့ပါပေ။
            ယနေ့ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာအောင် သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးများ အား ဆင်နွှဲနေကြရဆဲဖြစ်သည်။ ယင်းဆယ်စုနှစ်များအတွင်း ဖဆပလ အစိုးရသည်လည်းကောင်း၊ တော်လှန်ရေးကောင်စီအစိုးရသည်လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရသည်လည်းကောင်း၊ 1988 ခုနှစ်မှ 2011 ခုနှစ်မတ်လ (30)ရက်နေ့အထိ တာဝန်ယူခဲ့သော တပ်မတော်အစိုးရသည်လည်းကောင်း အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များနှင့် စေ့စပ်ဆွေးနွေးမှုအကြိမ်ကြိမ် ဆောင်ရွက်ခဲ့ သော်လည်း လုံးဝဥဿုန်ငြိမ်းချမ်းရေး ကိုကားတစ်ခါမျှ မရရှိခဲ့ပေ။ ၄င်းတို့အနေဖြင့်တိုင်းရင်းသားအချင်းချင်း စေ့စပ်ဆွေးနွေးရေးပွဲများသို့ တစ်ဖက်နှင့် တစ်ဖက် မည်သို့မျှ ညှိနှိုင်း မရနိုင်သော အချက်အလက်များကိုကြိုတင်ကန့်သတ်ချက်များအဖြစ် အမြဲတမ်းယူဆောင်လာပြီး စားပွဲဝိုင်း၌ ထိုင်ကြချိန်တွင်လည်း ပြည်သူလူထုအတွက် ရိုးသားစစ်မှန်သော စိတ်အရင်းခံကို တစ်ကြိမ်တစ်ခါမျှ မပြနိုင်ခဲ့ကြချေ။ အမှန်တွင် ပြည်နယ်၊ ဒေသလွတ်မြောက်ရေးအတွက် ၄င်းတို့ ပြည်နယ်ဒေသရှိ တိုင်းရင်းသား ပြည်သူလူထုကို ကိုယ်စားပြုပါ သည်ဟု ၄င်းတို့ဘာသာ အဆိုရှိထားသော ယင်းတိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များ အနေဖြင့် ကာလရှည်ကြာလာသည်နှင့်အမျှ တစ်စထက်တစ်စအင်အားများ ချည့်နဲ့ လျော့ပါးလာပြီး နိုင်ငံနယ်နိမိတ် အစွန်အဖျားနေရာများ၌ မထင်မရှား ရပ်တည်နေကြရသည်။ လွန်ခဲ့သည့်နှစ်လေးဆယ်အတွင်း တပ်မတော်နှင့်မြို့သိမ်းတိုက်ပွဲတစ်ခုကိုပင် ဆင်နွှဲနိုင်ခြင်းမရှိသကဲ့သို့ပြီးခဲ့သောနှစ်နှစ်ဆယ်အတွင်းတွင်လည်းမည်သည့် စခန်းသိမ်းတိုက်ပွဲမျိုးကိုမျှဖော်ဆောင်နိုင် စွမ်းမရှိခဲ့ချေ။ပြောက်ကျားစစ်ဟူသည်အမှည့်ခြွေစစ်မှနယ်မြေဒေသတစ်ခုလုံးအား ကွက်ပြည့်စည်းရုံး၍အချိန်အခါနှင့်အညီ တန်ပြန်ထိုးစစ်ကြီး ဆင်နွှဲကြရပြီး ယင်းအကျိုးအမြတ်ကိုရယူကာ တစ်နိုင်ငံလုံးသို့ အပြီးသတ် အောင်ပွဲဖော်ဆောင်ခြင်းဖြစ်ရကား ယနေ့တိုင်းရင်းသားအမည်ခံလက်နက်ကိုင်အဖွဲ့ အစည်းများ၏လှုပ်ရှားမှုဆိုသည်မှာသင်္ကြန်အမြောက်လောက်သာ ကျန်ပါတော့သည်။ စစ်ပွဲမဆိုထားဘိ၊ တိုက်ပွဲမျိုးပင်ရှားပါးနေပြီး ထိတွေ့မှုဆိုသည့်ပစ်ပြေး၊မိုင်းထောင်မိုင်းဆွဲအဆင့်လောက်သာ ကြုံတွေ့ကြရပါတော့သည်။
၎င်းတို့ကသာ ဖွဲ့စည်းပုံအခြေခံဥပဒေ 2008 ခုနှစ်နှင့်အညီ အသိအမှတ်ပြုလက်ခံ ဆောင်ရွက်ကြမည်ဆိုပါက ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အစိုးရအနေဖြင့် အတိအလင်း ပြောဆိုထားပြီးဖြစ်သော် လည်းဝင်ရောက်မလာကြခြင်းမှာ မည်သူ့ကိုအပြစ်ဆိုရပါမည်နည်း။ လတ်တလော ကချင်ပြည်နယ်၌ ကေအိုင်အေတို့၏ မိုင်းခွဲခြင်းကိစ္စမျိုးများမှာ ပြည်သူလူထုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လား (သို့မဟုတ်) အကြမ်းဖက်မှု သက်သက်လားဆိုသည်ကို စဉ်းစားကြည့်ကြရန်ဖြစ်ပါသည်။ ဒီကေဘီအေကဲ့သို့သော ကရင်တိုင်းရင်းသားလက်နက် ကိုင်အစုအဖွဲ့အချို့က ၄င်းတို့ရပ်တည်နေထိုင်နိုင်ရေးအတွက် လိုင်စင်မဲ့ကား များ မသွင်းရသည်ကို အကြောင်းပြ၍ ငြိမ်းချမ်း ရေးကို ကျောခိုင်းခြင်းမျိုးမှာလည်း ရယ်စရာကောင်းပါသည်။ အမှန်တွင် တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူ အစုအဖွဲ့အများစုသည် ဥပဒေပြင်ပ၌ ဘိန်းစိုက်ခြင်း၊ ဘိန်းသယ်ခြင်း၊ သစ်ခိုးထုတ်ခြင်း၊ သယံဇာတများခိုးထုတ်ခြင်းအပြင်ဥပဒေနှင့်မညီသော စီးပွားရပေါက်ရလမ်းများကို အကန့်အသတ်မရှိ လုပ်ကိုင်နိုင်ရာမှ ဥပဒေဘောင်အတွင်း ၀င်ရောက်၍ မိမိဘာသာ ရပ်တည်ရန် ကြိုးစားကြရသောအခါ မှန်ကန်သော လမ်းကြောင်းကို မရွေးချယ်နိုင် ကြတော့ဘဲ အမှောင်ကမ္ဘာသို့ ပြန်လည်ဝင်ရောက်တတ်ခြင်းမျိုးကိုလည်း ဂရုပြုသင့်ကြပါသေးသည်။
နိုင်ငံရေးနည်းလမ်းနှင့်ဖြေရှင်း၍ မရလျှင်စစ်ရေးနည်းကို အသုံးပြုကြသည်မှာ စစ်သမိုင်းတစ်လျှောက်စစ်ပွဲများ ကလည်းကောင်း၊ မျက်မှောက် ကမ္ဘာ့ဒေသအလိုက် စစ်ပွဲများအရလည်းကောင်း လက်ခံကြရပြီး ဖြစ်ပါသည်။ ကာလံ ဒေသံအချိန်အခါနှင့်အညီ နိုင်ငံရေးနှင့်ဖြေရှင်း၍မရသည့် နောက်ဆက်တွဲ ပြဿနာအဖြစ် ပေါ်ပေါက်လာတတ်သော စစ်ပွဲများကို လူသားတို့က မလိုလားကြသော်လည်း ရင်ဆိုင်ကြရမည်သာဖြစ်သည်။ 2001 ခုနှစ်ကစတင်ခဲ့သော အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရကို ဖယ်ရှားနိုင်ခဲ့သော အမေရိကန်တို့၏ စစ်ပွဲကိုချီးကျူးထိုက်ပါသည်။ သို့သော်လည်းဆယ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်သော အာဖဂန်ရှိ အမေရိကန်ရုပ်သေး အစိုးရနှင့်နိုင်ငံအတွင်း အကြမ်းဖက်အုပ်စုများအကြားစစ်ပွဲငယ်များကို စားပွဲဝိုင်းတစ်ခုအပေါ်တွင် ငြိမ်းချမ်းစွာ အဖြေရှာကြရန် နည်းလမ်းအား ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားကြည့်စေလိုပါသည်။ အလားတူ 2003 ခုနှစ်၌ အီရတ်ရှိ ဆဒမ်ဟူစိန်အစိုးရအားဖယ်ရှားပေးခဲ့သည့် အမေရိကန်တို့၏စစ်ပွဲကို ကောင်းချီးပေးလိုပါသည်။ သို့သော်လည်း (9)နှစ်ကြာ အီရတ်နိုင်ငံအတွင်း မတည်ငြိမ် နေမှုများအတွက် အီရတ်ရှိ အမေရိကန် စင်တင်အစိုးရနှင့် နိုင်ငံ အတွင်းအကြမ်းဖက်သူပုန်အုပ်စုများအကြားငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာကြရန် စားပွဲဝိုင်းတစ်ခုပေါ်သို့ ခေါ်သင့်၊ မခေါ်သင့်နည်းလမ်းကိုလည်းကြံဆကြည့်စေလိုပါသည်။ အမေရိကန်အပါအ၀င် နေတိုးမဟာမိတ် များ၏လစ်ဗျားအပေါ် လတ်တလော လေကြောင်းထိုးစစ်ဆင်မှုများအား ဂုဏ်ယူပါသည်။ သို့သော်လည်း သွေးမြေကျပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ် ရန်အတွက် စားပွဲဝိုင်းတစ်ခုအပေါ်တွင် နေတိုးမဟာမိတ်နိုင်ငံများနှင့် ကဒါဖီအစိုးရတို့တွေ့ဆုံဆွေးနွေးကြည့်ရန် နည်းလမ်းအားကောင်း၊ မကောင်းသုံးသပ်ပေးစေလိုပါသည်။ဤနည်းလမ်းများမှာလုံးဝမဖြစ်နိုင်တော့သဖြင့် ဆက်လက် စစ်ခင်းကြရမည်ဆို လျှင်လည်း လက်ခံပေးနိုင်ပါသည်။
            သို့ဆိုလျှင် မြန်မာနိုင်ငံ၌ နက်နဲလှစွာသော သမိုင်းကြောင်းနောက်ခံများနှင့်ဖြစ်ပေါ်ခဲ့ရသည့် တိုင်းရင်းသား လူမျိုးရေးရာလက်နက်ကိုင် ပဋိပက္ခကိစ္စအ၀၀အား အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသော ခေါင်းစဉ် တစ်ခုတည်းဖြင့်စားပွဲဝိုင်းတစ်ခုပေါ်၌ အချိန်ကာလတစ်ခုအတွင်းမှာ ပင်တွေ့ဆုံဖြေရှင်းကြပါဟူသော နည်းလမ်းသည်လည်းအမှန် တကယ်လက်တွေ့ သင့်မြတ်နိုင်မှု ရှိ၊မရှိကို ပြန်လည်သုံးသပ်ကြည့်ရှုကြစေလိုပါကြောင်း . .. ။

                                                                                                                                                                                                   ရဲရင့်တင့်ဆွေ



            ''…ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ပတ်သက်ပြီးတော့ တစ်ချို့ကတိုင်းပြည်လူထုကို မျှော်လင့်ချက်အမှားတစ်ခုနဲ့သွေးဆောင်ဖြားယောင်းပြီး လမ်းလွဲကိုပို့ဆောင်ပေးနေကြတာတွေ့ရပါတယ်။ အစိုးရက သခင်သန်းထွန်းနဲ့မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောလိုက်ရင်ပဲ ပြည်တွင်းငြိမ်းချမ်းရေးကြီး အခုချက်ချင်းပဲရတော့ မလိုလို တိုင်းပြည်ကိုလွဲမှားတဲ့ မျှော်လင့်ချက်တွေပေးပြီး လမ်းလွဲကို ညွှန်ပြနေကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာ မျက်လှည့်ပြသလို လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ စိတ်ကူးယဉ်တာမျိုးကိုလက်မခံနိုင်ဘူး။ တကယ်လက်တွေ့ကျကျစဉ်းစားစေချင်တယ် . . . '' 

                                                                        ဗိုလ်ချုပ်ကြီးနေ၀င်း
             သတ္တမအကြိမ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ပြည်သူ့လွှတ်တော်ပါလီမန်ဒုတိယနေ့အစည်းအဝေး
                                                     1958 ခုနှစ်၊ အောက်တိုဘာလ(31)ရက်


(မှတ်ချက်။          ယင်းသို့ပြောကြားခဲ့သော်လည်း ဗိုလ်ချုပ်ကြီးနေ၀င်းသည် 1963 ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအား ကျင်းပပေးခဲ့ပြီးအောင်မြင်မှု မရခဲ့ပေ။ သခင်သန်းထွန်းမှာမူ 1965 ခုနှစ် အရောက်၌ ပဲခူးရိုးမတောတွင်းတစ်နေရာတွင် အချင်းချင်းပစ်ခတ်ခံရပြီး ကျဆုံးသွားခဲ့ရှာသည်။)