xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မှန်ကန်ဖြောင့်မတ်တည်ကြည် Licence for Honesty

Wednesday, July 6, 2011

မှန်ကန်ဖြောင့်မတ်တည်ကြည် Licence for Honesty

ကချင်ပြည်နယ် ဘက် KIA အဖွဲ့နဲ့ တပ်မတော် စစ်ကြောင်းတွေ နည်းနည်း ကလေး ထိတွေ့ကြတာကို အရပ်မျိုးစုံက ရောက်လာတဲ့ သတင်းတွေအရ ကြားရပါရဲ့။ သတင်းရလာတဲ့နေရာတွေ မျိုးစုံ သလောက် သုံးသပ်ချက် မျိုးစုံကလည်း ပိန္နဲသီးတစ်လုံးက ဆူးတွေ များသလောက်ကို များပါ့ဗျား။ သတင်းရပ်ကွက် တစ်ခုကတော့ ပြောလာရဲ့။ မြန်မာစစ်တပ်က အရည်အသွေး ညံ့လို့ ဖြစ်လိုက်တိုင်း တပ်ကချည်းပဲ ကွဲသွား သတဲ့လေ။ ဒီလိုနဲ့ ကျုပ်မလည်း ရပ်ကွက်ထဲ ခြေလှမ်း ကျဲကျဲနဲ့ တပ်ထဲကနေ ဆေးရုံတက်ရင်း ခွင့်ပြန်လာတဲ့ လက်မောင်းမှာ ပတ်တီးနဲ့ ရဲဘော်လေးကို အပြေးကလေး စကား ဆိုမိပါရဲ့။ သူ့စကားထဲ ပါတဲ့ အတိုင်းဆို နိုင်ငံတော်က ကိုယ့်တိုင်းရင်းသားချင်း သဘောထား မရှင်းလို့ မပြေမလည် ဖြစ်ကြရတာ ခဏတာမို့ ရေအားလျှပ်စစ် စီမံကိန်းလေး ဘေးကင်းရုံ လောက်သာ လုပ်တာ ဖြစ်သမို့ ရှိသမျှ အစွမ်းနဲ့ အကုန် မကြမ်းခိုင်းဘဲ ကန့်သတ်စစ်ပဲ ဆင်နွှဲခိုင်းတယ် တဲ့ဗျား။ ရှိသမျှ လက်နက်ကြီးတွေ အကုန် မသုံးခိုင်းတာမှ အမြောက်တပ်ကဆို ပစ်ဖို့ကို အမိန့်မရဘူး တဲ့လေ။ အင်း---ကျုပ်လည်း စစ်အကြောင်း နည်းနည်းလေး လေ့လာဖူး လေတော့ နားလည်ခဲ့ရပါ ပေါ့ဗျား။ ပြောက်ကျားစစ်မှာ အင်အား အကုန် မသုံးဘဲ ကန့်သတ်လိုက်ပြီ ဆိုတာနဲ့ အင်အား များတဲ့ဘက်က ထိခိုက်မှု ပိုတတ်တာ မျိုးလေ။ ရှိစေတော့၊ နိုင်ငံတော်ရဲ့ ကိုယ့်တိုင်းရင်းသားတွေ အပေါ် သက်ညှာတဲ့ စေတနာကြောင့် ယာယီမှာ နည်းနည်းပါးပါး အထိအခိုက် ပိုတာမျိုးကိုး။ သို့သော် ဒါကိုပဲ တပ်မတော်က လုံးဝ ရှုံးနိမ့်သလိုမျိုး မရိုးမသား သတင်းတွေ ထုတ်လို့ မခံချင်စိတ်ကိုဆွ၊ အကွဲအပြဲကို ပိုဟစေဖို့ လုပ်နေတာ ကတော့ ယုတ်လှပါပေါ့ဗျား။ သို့သော် နိုင်ငံတော် ကတော့ ဒီအဆင်တွေကို မြင်လို့ ငြိမ်းချမ်းရေး ရင်ခွင်ထဲကို အယူလွဲသူတွေ အယူ ပြန်တည့်လို့ ဝင်လာနိုင်ရေး စိတ်အေးအေး ထားလို့ ကြိုးစားနေတုန်း ပါပဲဗျား။
သူ့ထက် ဆိုးတာကတော့ ထုံးစံနဲ့ အညီ VOA BBC RFA စတဲ့ စကားမညီ သွားမညီ အဖွဲ့တွေ ရဲ့ အာပုပ်ရည် စီးကြောင်းမှာ ပလုပ်ပလောင်းနဲ့ အလိမ်အညာ လောင်းလှေကိုစီး အကြီးအကျယ် လိမ်ညာနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် KWAT ခေါ် ကချင် အမျိုးသမီး အဖွဲ့ပါတဲ့။ ကျုပ်တို့ သိဖူးသလောက် ပေါင်းဖူးသလောက် ကချင် တိုင်းရင်းသား တွေဟာ ရိုးသား လိုက်တဲ့အမျိုး ပါးစပ်ထဲ စားစရာ ထိုးထည့်တာတောင် မစားခင် အရင်ကြည့်လို့ ပိုင်ရှင်သိမှ စားကြတဲ့ အမျိုးပါဗျ။ အခုတော့ဗျာ။ တပ်မတော်က အခု ထိတွေ့မှု ဖြစ်နေတဲ့ နေရာတွေမှာ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေကို စနစ်တကျ ကျူးလွန်နေပါ သတဲ့ဗျား။ သူတို့ခမျာ ပလီစိချောက်ချက် အရှက်မရှိ ပြောနေတဲ့ ဟာများ ကချင် တိုင်းရင်းသူမှ ဟုတ်ပါလေစ တွေးရခက်ရ လောက်အောင်ပါ။ ထုးခြားတာက သူတို့စကား ယုံစားသူ နည်းလွန်းသမှ သူတို့ကလွဲလို့ ပြည်တွင်းမှာ ဘယ်သူမှမရှိ။ အဲ--- မြန်မာကို ထိပါးစကား ပြောမှ စားရ သောက်ရမယ့် အနောက်က လွှတ်တော် အဖွဲ့တွေကသာ ကြားသမျှ စကား မြန်မာအစိုးရကို ထိပါးတာ မှန်သမျှ ကိုယ်တိုင်ပဲ သိသလိုလို ဟန်မူပိုပိုနဲ့ ဝိုင်းအုံဖဲ့ ကြတော့တာ။ ဒါမှသာ ခေတ်စား သတဲ့လေ။

ဒီတစ်ခါတော့ ကျုပ်ခမျာ ဟိုဘက် လမ်းထဲမှာ နေတဲ့ တပ်ကနေ ထောင်ကျ ထွက်လာတဲ့ စီးနေကျ ကျုပ်ရဲ့ ဆိုက်ကား ဆရာဆီ ပြေးရပြန်ပါရော။ အမော တကောနဲ့ ကိုယ့်ဆရာ ဘာတွေ အတွက်များ ထောင်နဲ့ နှစ်ပါး သွားခဲ့သလဲ မေးမိတော့ သူ့အဖြေပေါ့လေ။ ကျုပ်မှာ စိတ်တွေ ဝေလေလေတောင် ဖြစ်ခဲ့ရပါရဲ့။ သူ့ခမျာ ရပ်ကွက်ထဲက သူ့ရည်းစား အလောင်း အလျာကို ဈေးမှာတွေ့တုန်း စိတ်နှလုံး မငြိမ်မသက် ဖြစ်လို့ ဖက်နမ်းမိလို့ ပါတဲ့ဗျား။ အဲဒီမှာတွင် ဆရာသမား သံတိုင်ကြား တစ်နှစ်တာ အပြစ်ကို ဆေးရ ရှာသတဲ့လေ။ ကဲဗျား---- မုဒိမ်းမှုများဆို သေရွာကိုတောင် အပို့ခံရမလား စိတ်များတောင် ပူမိပါရဲ့။ အော်--- တပ်ဆိုတာ ဒီလိုကိုး။ သူ့အပြော ထောင်ထဲမှာ သူတွေ့ခဲ့တဲ့၊ သင်တန်းမှာ ၂၄ နာရီ တွေ့ကရာ လျှောက်သွားမိလို့ စို့စို့ပို့ပို့ တစ်နှစ် ထောင်ကျခဲ့တဲ့ အရာရှိလေး တစ်ယောက် အကြောင်းလည်း ကြားမိပါရဲ့။ ဒီလို တင်းကြပ်လှတဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်ထားတဲ့ တပ်မတော်မှာ KWAT က ဇာတ်ပျက်မတွေ ပြောသလို Licence to rape တို့၊ Licence to kill တို့ ဘယ့်နှယ်လုပ် ရှိနိုင်ဖို့တုန်း။ ဒီလိုမှ ဥပဒေနဲ့ စနစ်တကျ မကိုင်တွယ် ဘဲနဲ့ရော ဒီလောက် အင်အား ကြီးမားလှတဲ့ တပ်မတော်ကြီးကို ဘယ်လိုလုပ် တည်ဆောက် နိုင်မတုန်း။ တကယ်တော့ ဒင်းတို့မလည်း၊ ပြောသာ ပြောနေရ သက်သေက ဘယ်မှာ မှန်းမသိ၊ နာမည်မသိ လိပ်စာမရှိ ရှာကြည့်ဖို့ စဉ်းစားရင် ရူးချင်ချင် ဖြစ်သွား နိုင်လောက်အောင် Data တွေက ခပ်ကြောင်ကြောင်ဗျ။
တပ်မတော်သား တွေလည်း လူသားတွေ ပဲလေ၊ ရန်သူအပေါ် နေလိုမီးလို ကျင့်နေရပေမယ့် ပြည်သူ အပေါ်တော့ ရေလိုလလို ဆက်ဆံကြတာ ကျုပ်တို့အမြင်ပါ။ ရန်သူဘဝက အသွင် ပြောင်းလာတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တွေနဲ့လည်း ပခုံးချင်းဖက်ဖို့ ဝန်မလေး သူတွေပါ။ စိတ်ကြမ်းလူကြမ်း နေရပေမယ့် သူတို့မှာလည်း ပတ်သက်သူတွေ ကိုယ်စီ၊ မေတ္တာဖွဲ့ ဇာတ်လမ်းလေးတွေ ကိုယ်စီနဲ့ပါ။ ဒီလို လူယဉ်ကျေးတွေ ကြားထဲ မလွဲသာ မကင်းသာ ပါလာတဲ့ ခပ်ချာချာ “မ”တစ်ထောင်သားတွေ အတွက်လည်း Military Act ဆိုတဲ့ စစ်ဥပဒေ စာအုပ်က အထူကြီး။ လာများ မစမ်းနဲ့ ဗို့အား တစ်သန်းနဲ့ မိသလို ဖြစ်ဖို့ပါဗျား။
ကဲ---ပြောနေ၊ လေများတောင် ရှည်ပါပေါ့။ ဒီလောက် သက်တမ်းရှည်ကြာ ပြည်သူ့ကြားမှာ နေရာရလာတဲ့ အဖွဲ့အစည်း၊ စည်းကမ်း မရှိဘဲ ရပါဖို့လား။ တကယ်လို့သာ သူတို့ပြောတဲ့ ဖြစ်စဉ်တွေ ရှိများ ရှိခဲ့ရင်လည်း တပ်ကို သိက္ခာချဖို့ မသမာသူတွေက လုပ်ကြံ ကြတာသာ ဖြစ်ဖို့ပါဗျ။ ဒီလိုဆို တော့လည်း အရှင်းသား၊ ခွင့်စေ့လို့ ပြန်သွားမယ့် မောင်မင်းကြီးသား တပ်မတော်သားလေးဆီ ချီတက်ရင်း ဘေးရန်ကင်းရေး သတိလေး ထားဖို့အပြင် တပ်မတော်ကို သိက္ခာချဖို့ ကြံနေတဲ့ မသမာသူတွေရဲ့ ထောင်ချောက်ဆင် လုပ်ကြံမယ့် ခွင်ကိုလည်း စိတ်ထဲ မေ့မထားဖို့ မှာရဦးမှာ ပါလားဟရို့။
အောင်ဘု