(၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ တွေ့ဆုံမေးမြန်းခန်း
ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ မီဒီယာ မူဝါဒအသစ်များ အပေါ် ဝေဖန်
သုံးသပ်ထားမှုများ ဖြစ်ပါတယ်။ ဒီလို ဝေဖန်မှုမျိုးကို တင်ထုတ်စာစောင် ဖြစ်တဲ့
ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခွင့်ရတဲ့ အခြေအနေဟာလည်း သတိပြုသင့်တဲ့ အချက်
ဖြစ်ပါတယ်။ )
မေး
- ကျွန်တော်တို့ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်သူများ မှတ်ပုံတင်နှင့်
စာပေ စိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ဟာ
ပုံနှိပ်သူနှင့် ထုတ်ဝေသူများ လိုက်နာ ကျင့်သုံးရမယ့် စာပေစိစစ်ရေးမူများ
ဆိုတာကို ထုတ်ပြန် လာပါတယ်။ အဲဒီစာအုပ် နိဒါန်းမှာ 'မြန်မာနိုင်ငံ
လွတ်လပ်ရေး ရရှိပြီး ပါလီမန် ဒီမိုကရေစီ စနစ်ဖြင့် လျှောက်လှမ်းခဲ့သော
၁၉၄၈-၆၂ ခုနှစ် ကာလများတွင် ပုံနှိပ်မီဒီယာ လောကသားများသည် ဝါဒရေး၊
ပါတီရေး၊ ပုဂ္ဂိုလ်ရေးနှင့် ငွေကြေးကိစ္စများ အပေါ် အခြေခံ ဆောင်ရွက်ခဲ့မှု
များကြောင့် မဏ္ဍိုင် ၃ ရပ်အား ထိန်းကျောင်းရမည့် ရင့်ကျက် တည်ငြိမ်သော စတုတ္ထ
မဏ္ဍိုင်အဖြစ် မှန်မှန် ကန်ကန် ရပ်တည်နိုင်စွမ်း မရှိခဲ့ဘဲ အထိန်းအကွပ်မဲ့
ပရမ်းပတာပုံစံ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်' ဆိုပြီး ဖော်ပြထား ပါတယ်။ ဆရာက အဲဒီခေတ်ကို မီလိုက်သူ ဆိုတော့ အဲဒီခေတ်ကို ဆရာ ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ - အဲဒီ သုံးသပ်ချက်ကို ကျွန်တော် သဘောမတူပါဘူး။
'ရင့်ကျက် တည်ငြိမ်သော စတုတ္ထ မဏ္ဍိုင်အဖြစ် မှန်မှန် ကန်ကန်
ရပ်တည်နိုင်စွမ်း မရှိခဲ့ဘဲ အထိန်းအကွပ်မဲ့ ပရမ်းပတာပုံစံ ဖြစ်ခဲ့သည်ကို
တွေ့ရှိရပါသည်' လို့ ဆိုလိုတာ အချို့ပဲ။ အားလုံးလို့ ပြောရင်တော့ ကျွန်တော်
သဘောမတူဘူး။ ဝါဒရေး ပါတီ နောက်ခံကြောင့် တစ်ဖက်နဲ့ တစ်ဖက် ပုတ်ခတ်ပြီး
ရေးတဲ့ သတင်းစာ အချို့ ရှိခဲ့ပါတယ်။
မေး -
လက်ရှိ စာပေစိစစ် ကြီးကြပ်မှု ဗဟိုအဖွဲ့က ကျွန်တော်တို့ လိုက်နာဖို့
ချမှတ်ထားတဲ့ မူ ၁၂ ချက်ထဲမှာ '(ဋ) ပြည်သူ တစ်ဦးချင်း၏ ကိုယ်ပိုင်
လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာကို ထိခိုက် ရေးသား ဖော်ပြခြင်း မပြုရ' ဆိုပြီး
ပါပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သတင်းလုပ်ငန်း လုပ်နေသူတွေ
ကြားမှာ အတော် ဆွေးနွေး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ့အမြင်ကို
သိလိုပါတယ်။
ဖြေ - ကိုယ်ပိုင်
လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုမလဲ ဆိုတာ
ကွာခြားလိမ့်မယ်။ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်
ဥပမာ လူတစ်ယောက်ဟာ ကိုယ်ပိုင် လွတ်လပ်ခွင့် ဆိုပြီး အကျင့်စာရိတ္တ
ဖောက်ပြန်မယ်။ အဲဒီလူမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ရာထူး တာဝန်တွေ
ရှိနေတယ် ဆိုရင် ဒီအကြောင်းကို လွတ်လပ်တဲ့ စာနယ်ဇင်းက ဖော်ထုတ်ရမယ်။
သူသည် အများပြည်သူနဲ့ သက်ဆိုင်တဲ့လူ ဖြစ်နေတဲ့ အတွက် သူ့ရဲ့ ကိုယ်ပိုင်
လွတ်လပ်ခွင့်က အတိုင်းအတာ တစ်စုံတစ်ရာအထိ အများ ပြည်သူနဲ့ ဆိုင်သွားပြီ။
၁၉၇၇ ခုနှစ်လောက်က ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ပြဲထရူးဒိုးရဲ့ မိန်းမ မာဂရက်
ထရူးဒိုးက ရိုးလင်းစတုန်း ဂီတအဖွဲ့က အဖွဲ့ဝင် တစ်ယောက်နဲ့ လိုက်သွားတယ်။
အဲဒါကို သတင်းထောက် တွေက စုံစမ်း မေးမြန်းတော့ သူက 'ဒါက ငါ့ရဲ့ ကိုယ်ရေး
ကိုယ်တာ ကိစ္စ စာနယ်ဇင်းတွေနဲ့ ဘာမှ မဆိုင်ဘူး' ဆိုပြီး ပြောတယ်။
စာနယ်ဇင်းတွေက ရေးတယ်။ စာနယ်ဇင်းတွေနဲ့ သူ ပြဿနာ ဖြစ်တယ်။ ပြဿနာက ဒါကို
ရေးသင့်လား မရေးသင့်ဘူးလား ဆိုတာ ဖြစ်လာတယ်။ ကျွန်တော်က အဲဒီအချိန်
ကနေဒါကို ရောက်နေတာ။ နောက်ဆုံးကျတော့ မာဂရက်ထရူးဒိုးက ဝန်ကြီးချုပ် ကတော်
ဖြစ်နေတဲ့အတွက် အများ ပြည်သူနဲ့ ဆိုင်တယ်။ တိုင်းပြည်က စံနမူနာယူရမယ့်
အမျိုးသမီး တစ်ယောက် ဖြစ်တယ်။ သူနဲ့ ပတ်သက်တဲ့ ကိုယ်ရေး ကိုယ်တာသည်
အများပြည်သူ သိသင့်တဲ့ ကိုယ်ရေး ကိုယ်တာ ဖြစ်တာကြောင့် ဖော်ပြခွင့် ရှိတယ်
ဆိုပြီး သတင်းစာ ဆရာအသင်းက ဆုံးဖြတ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ၁၉၆၁
ဝန်းကျင်က တက္ကသိုလ် ပါမောက္ခချုပ် တစ်ယောက် နောက်ထပ် မိန်းမအငယ် ယူတယ်။
မိန်းမအငယ်နဲ့ ခရီးသွားတယ်။ ဒါကို သတင်းထောက်တွေက လိုက်ပြီး ဓာတ်ပုံတွေ
ရိုက်တယ် စုံစမ်းတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အငြင်းပွား စရာ ဖြစ်တယ်။
ကျွန်တော့်ထက် ဝါရင်တဲ့ စာနယ်ဇင်း ဆရာကြီးတွေကို မေးတော့ သူတို့က ဒီကိစ္စ
ကျောင်းသား ကျောင်းသူတွေ စံနမူနာ ယူရမယ့် ဆရာကြီး တစ်ယောက် ဒီလိုမျိုး
ဖြစ်တယ်ဆိုတာ အများ ပြည်သူနဲ့ ဆိုင်တယ်၊ သတင်းဖော်ပြခွင့် ရှိတယ်ဆိုပြီး
ဖြေတယ်။ ဂုဏ်သိက္ခာလို့ ပြောရင် ဆိုက်ကားသမား တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ
နိုင်ငံအဆင့် သူဌေးကြီးရဲ့ ဂုဏ်သိက္ခာကို ကျွန်တော်တို့ ဘယ်လို တိုင်းမလဲ။
ဖွင့်ဆိုတဲ့ အဓိပ္ပာယ်ပေါ်မှာ မူတည်တယ်။ ထိခိုက် ရေးသားခြင်း မပြုရ ဆိုတော့
ဘယ်လောက် အတိုင်းအတာထိ ရေးရင် ထိခိုက် ရေးသားတယ်လို့ ပြောနိုင်မလဲ။ ဥပမာ
ကျွန်တော်တို့က တနင်္လာနံနဲ့ စပြီး အင်္ဂါနံနဲ့ဆုံးတဲ့ မင်းသမီးတစ်ယောက်ဟာ
ကြာသပတေးနံရှိတဲ့ မြို့တစ်မြို့မှာ ဗုဒ္ဓဟူးနံရှိတဲ့ မင်းသားနဲ့ စနေနံရှိတဲ့
ဟိုတယ် တစ်ခုမှာ ချိန်းတွေ့တယ်လို့ အဲဒီလို ရေးရမှာလား။ အဲဒီလိုသာ
ရေးရမယ်ဆိုရင် ကျွန်တော်တို့ စာနယ်ဇင်း လောကက ပစ်ရပြီ။ အဲဒီလိုမျိုးလည်း
ကျွန်တော်တို့ မရေးချင်ဘူး။ ကျွန်တော်တို့က
ခိုင်မာတဲ့ အထောက် အထားရှိရင် တိုင်းသူ ပြည်သားတွေ သိသင့်တယ်လို့
သုံးသပ်တဲ့ သတင်းမျိုးဆိုရင် ဖော်ပြမယ်။ အဲဒါကိုမှ ကန့်ကွက်မယ်
တရားစွဲမယ်ဆိုရင် ကျွန်တ်ာတို့ဘက်က ခိုင်လုံရင် တရားဥပဒေအရ ရင်ဆိုင်မယ်။
အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။
မေး -
ပြီးခဲ့တဲ့ အချိန်တွေတုန်းက ဖြစ်ခဲ့ပါတယ်။ မင်းသမီး၊ မင်းသား ထင်ရှားသူ
သူတို့တွေက သူတို့ ကိုယ်ရေး ကိုယ်တာတွေ ရေးရင် ခွင့်မပြုဖို့
စာပေစိစစ်ရေးကို သွားတင်ပြထားရင် စာပေစိစစ်ရေးကလည်း ဒါကို ဆောင်ရွက်ပေးလေ့
ရှိပါတယ်။ လက်ရှိတော့ အဲလို ရှိ မရှိ မသိပါဘူး။ ဒီလို ဆောင်ရွက်မှုတွေ အပေါ်
ဆရာ့အမြင် ပြောပြပေးပါဦး။
ဖြေ
- အဲဒါမျိုးကို ကျွန်တော် မှန်တယ်လို့ မယူဆပါဘူး။ ဒါနဲ့ ပတ်သက်ပြီး
ဥပမာတစ်ခု ပြောချင်တယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ကျွန်တော် မြန်မာ့အလင်း
သတင်းစာမှာ ညပိုင်းတာဝန်ခံ အယ်ဒီတာ လုပ်တယ်။ အဲဒီအချိန် ထင်ရှားတဲ့
ပုဂ္ဂိုလ် တစ်ယောက်ရဲ့ သမီးက ကျူရှင်ဆရာနဲ့ လိုက်ပြေးတယ်။ သူက ဘာသာခြား
ဖြစ်တယ်။ နောက်တော့ အမျိုးသမီး ဆေးရုံမှာ အဲဒီမိန်းကလေးဟာ ကလေးမီးဖွားတယ်။
သူ့ခင်ပွန်းသည်က မိန်းမကို ထမင်းချိုင့် လာလာပို့ရတယ်။ သူ့သမီးရှိတဲ့
နေရာကို အဲဒီပုဂ္ဂိုလ်ကြီးက သဲလွန်စ ရသွားတယ်။ သူက တာဝန်ရှိတဲ့ သူတွေနဲ့
ပူးပေါင်းပြီးတော့ ဆေးရုံမှာ သူ့သမီးနဲ့ ကလေးကို လာခေါ်သွားတယ်။
ထမင်းချိုင့် လာပို့တဲ့ ကျူရှင် ဆရာလေး ရောက်တော့ ဆေးရုံမှာ သူ့မိန်းမရော၊
ကလေး ရော မရှိတော့ဘူး။ ကျူရှင် ဆရာလေးက လိုက်မေးတော့လည်း ဘယ်သူမှ မဖြေဘူး။
ဆိုတော့ ကျူရှင် ဆရာလေးက သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ အဲဒီသတင်းက
ကျွန်တော့်ဆီကို တက်လာတယ်။ အဲဒီသတင်းကို ကျွန်တော်က ထည့်လိုက်တယ်။
အဲဒီပုဂ္ဂိုလ်ကြီးက မြန်မာ့အလင်း သတင်းစာမှာ ဒီသတင်း ထည့်လိုက်တယ် ဆိုတာ
သိတယ်။ ဒါနဲ့ ညဥ့်နက်ကြီးမှာ ရောက်လာတယ်။ ပထမတော့ သူတို့ ကိုယ်ရေး ကိုယ်တာ
ဖြစ်တဲ့အတွက် မထည့်ပါနဲ့ဆိုပြီး ပြောတယ်။ ကျွန်တော်က သတင်းစာ ရှင်းလင်းပွဲ
လုပ်ထားတယ် ကျန်တဲ့ သတင်းစာတွေလည်း ရထားတယ်။ ကျန်တဲ့ သတင်းစာတွေလည်း
ထည့်မှာပဲဆိုပြီး ပြောတော့ ကျန်တဲ့သတင်းစာတွေကို မထည့်ဖို့
တောင်းပန်ပြီးပြီလို့ ပြောတယ်။ ကျွန်တော်က အဲဒီ သတင်းက မဟုတ်ဘူးလားလို့
မေးတော့ သူက အကုန်လုံးတော့ မဟုတ်ဘူး။ သမီးနဲ့ ကလေးကို ဆေးရုံက
ပြန်ခေါ်သွားတာက ဟုတ်တယ် ပြောတယ်။ ကျွန်တော်ကတော့ မရဘူး။ အဲဒီသတင်းကို
ထည့်မယ် ပြောတယ်။ သူ ကျွန်တော့်ကို ခြိမ်းခြောက်တယ်။ နောက်ဆုံး ကျတော့
အဲဒီသတင်းက ဘယ်သတင်းစာမှာမှ မပါဘူး။ မြန်မာ့အလင်းမှာပဲ ပါလာတယ်။ အဲဒီလိုတွေတောင်
ကျွန်တော်တို့ လုပ်ခဲ့တယ်။ တကယ်ဆိုရင် အဲဒီအချိန်မှာ မြန်မာ့အလင်း
သတင်းစာဟာ ပြန်ကြားရေးဝန်ကြီး လက်အောက်က ပြည်သူပိုင် သတင်းစာပဲ။ ဒါပေမယ့်
ကျွန်တော့်ကို ဘာမှ အရေးမယူဘူး။ အဲဒီပုဂ္ဂိုလ် ကလည်း ကျွန်တော့်ကို
တိုင်မှာပဲ။ ဒါပေမယ့် ကျွန်တော် ဘာမှ ပြဿနာ မတက်ခဲ့ဘူး။ ဒါမျိုးကို
ကျွန်တော်တို့ ဖြစ်စေချင်တယ်။ သတင်း မမှန်ဘူးဆိုရင် ကျွန်တော်တို့
ဒုက္ခရောက်ပြီလေ။
မေး - ခုဆို ကျွန်တော်တို့ လိုက်နာဖို့ ချမှတ်ထားတဲ့ 'အသေးစိတ် အခြေခံရမည့် အချက်များ'ထဲမှာ
(က) နိုင်ငံရေး။ ခေါင်းစဉ်အောက်မှာ
(၄)
အဂတိ လိုက်စားမှု၊ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှု၊ အဓမ္မ
လုပ်အားပေး ခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးစစ်သား စသော အကြောင်းအရာတို့နှင့်
ပတ်သက်၍ သတင်း အရင်းအမြစ် မခိုင်မာဘဲ ရေးသား ဖော်ပြခြင်းမပြုရ။
(ခ) စီးပွားရေး။ ခေါင်းစဉ်အောက်မှာ
(၂) သတင်း အရင်းအမြစ် မခိုင်မာသော စီးပွားရေး ဆိုင်ရာ အချက်အလက်များ၊ သတင်း၊ ဆောင်းပါးနှင့် ဓာတ်ပုံများအား ရေးသားဖော်ပြခြင်း မပြုရ။
(ဃ) အထွေထွေ။ ခေါင်းစဉ်အောက်မှာ
(၁)
'ဌာနဆိုင်ရာ လုပ်ငန်းများ၊ ပုဂ္ဂလိက လုပ်ငန်းများ၏ အားနည်းချက်များအား
ထောက်ပြ ဝေဖန်ရာတွင် အချိန်၊ နေရာ၊ အဖွဲ့အစည်းအမည် စသဖြင့် သတင်း
အရင်းအမြစ်နှင့် အထောက်အထား ခိုင်လုံစွာ ရေးသား ဖော်ပြရမည်'
ဆိုပြီး ပါပါတယ်။ ဒီစည်းကမ်းချက်တွေ အပေါ် ဆရာ့အမြင် ရှင်းပြစေချင်ပါတယ်။
ဖြေ - သတင်း
အရင်းအမြစ် ခိုင်မာမှ ရေးရမယ် ဆိုတာ ကျွန်တော်တို့ စာနယ်ဇင်း အလုပ်ထဲမှာ
ပါပြီးသား။ ခိုင်လုံတဲ့ သတင်း အရင်းအမြစ် ရှိရမယ်။ ခိုင်လုံတဲ့ သတင်း
အရင်းအမြစ် မရှိရင် ရေးလို့ကို မရဘူး။ ဒါမျိုး ဝါရှင်တန်ပို့စ်မှာ
ကြုံဖူးတယ်။ ဂျဲနက်ကွတ်ဆိုတဲ့ အမျိုးသမီး သတင်းထောက် တစ်ယောက် ဝါရှင်တန်မှာ
ဆယ်ကျော်သက်တွေ မူးယစ်ဆေးဝါး သုံးစွဲပြီး ပျက်စီး ဒုက္ခရောက်နေကြတယ်
ဆိုပြီး သတင်းတွေကို အခန်းဆက်ရေးတယ်။ သက်ဆိုင်ရာက ဒီကိစ္စ အရမ်းဆိုးနေတယ်
ဆိုပြီး စုံစမ်း စစ်ဆေးတော့ အဲဒီသတင်းတွေ အကုန်လုံးက လုပ်ကြံထားတဲ့
သတင်းတွေ ချည်းပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ သတင်းထောက်က ဒီသတင်းနဲ့ပဲ
သူတို့နိုင်ငံမှာ ဂုဏ်ယူ လောက်တဲ့ 'ပူလစ်ဇာ' သတင်း ထူးချွန်ဆုကို ရပြီး
သွားပြီ။ လိမ်တယ်ဆိုတာ သိသွားတော့ အဲဒီဆုကိုလည်း ပြန်ရုပ်သိမ်း လိုက်တယ်။
ဝါရှင်တန်ပို့စ်ကလည်း သူတို့ အခုလိုဖြစ်သွားတဲ့ အတွက် စာဖတ် ပရိတ်သတ်ကို
တောင်းပန်တယ်။ ကျွန်တော်တို့ စာနယ်ဇင်း လောကမှာ အဲဒီလိုမျိုးတွေတော့
ရှိတတ်ပါတယ်။ ကလေးတွေ မူးယစ်ဆေးဝါး သုံးစွဲပြီး ပျက်စီးနေတယ် ဆိုတာက အမှန်။
ဒါပေမယ့် သူ ဖန်တီးပြီး ရေးတဲ့ ဇာတ်လမ်းတွေက မမှန်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ဆီမှာ jana-fiction (သတင်းဝတ္ထု) ဆိုတဲ့ အသုံးအနှုန်းလေး တစ်ခုတောင် ပေါ်လာတယ်။
အဲ
ခုနက မေးခွန်းကို ပြန်ဖြေရရင် 'မပြုရ၊ မရေးရ' ဆိုတာတွေ စည်းကမ်းချက်တွေ
ထဲမှာ ပါလာတယ်။ ဒါနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ဆက်ဆံနေရတဲ့ စာပေစိစစ်ရေးက
ပုဂ္ဂိုလ်များနဲ့ ကျွန်တော်တို့ အပြန်အလှန် နားလည်မှု ရှိဖို့၊ ပူးပေါင်း
ဆောင်ရွက်ဖို့ လိုတယ်။ စာပေစိစစ်ရေး ဆိုတဲ့ အဖွဲ့အစည်းကြီး ရှိနေတဲ့အချိန်
ဖြစ်တဲ့အတွက် သူတို့လုပ်ငန်းကို သူတို့ လုပ်မှာပဲ၊ သူတို့ လုပ်ငန်းမှာ အခု
စည်းကမ်းတွေနဲ့ ပတ်သက်ပြီး ထပ်တိုးလာတယ်။ အမိန့် ကြေညာစာတွေ ထုတ်တယ်။
ကျွန်တော်တို့ကလည်း ဒါတွေကို လေ့လာရတယ်။ ဒီဝါကျက ဘာကို ဆိုလိုတယ်
ဘယ်အတိုင်းအတာထိ ရှိတယ် ဆိုတာ လိုတိုးပိုလျော့ သူတို့နဲ့ ညှိနှိုင်းဖို့တော့
လိုမယ်။ ဒီစည်းကမ်းတွေ ထွက်လာတော့ စာနယ်ဇင်း
သမားတွေက 'အရင်အတိုင်းကမှ ကောင်းပါ သေးတယ်' လို့ ပြောနေတာတွေ ကြားရတယ်။
ဒီလို အယူအဆ ရှိတာ မကောင်းဘူး။ ကျွန်တော်တို့က စာနယ်ဇင်း လွတ်လပ်ခွင့်
အတွက် ရှေ့ကို တိုးသွားနေကြတာ။ အဲဒီမှာ ကြုံရမယ့်၊ ရင်ဆိုင်ရမယ့် အခက်အခဲ
တွေကို ညှိညှိ နှိုင်းနှိုင်းနဲ့ ဖြေရှင်းသွာရမှာ။ ကျွန်တော်တို့က
စာပေစိစစ်ရေးကို တိုင်ပင်ဖော် တိုင်ပင်ဖက် အနေနဲ့ပဲ လုပ်သွားပြီးတော့
ရှေ့တိုးသွားရမယ်။ ဒါမှ ကျွန်တော်တို့ မျှော်မှန်းတဲ့ စာနယ်ဇင်း
လွတ်လပ်ခွင့်ကို ရမှာ။
မေး -
နောက် ကျွန်တော်တို့ ရေးသားတာနဲ့ ပတ်သက်ပြီး တိုင်ကြားသူရှိရင် ဒါမှမဟုတ်
အထောက်အထား မခိုင်လုံဘူး ဆိုပြီး စာပေစိစစ်ရေးက တောင်းဆိုလာရင်
ကျွန်တော်တို့က စာပေစိစစ်ရေးကို သတင်းရင်းမြစ် အမည်တွေ၊ အထောက် အထားတွေ
ပေးအပ် ဖြေရှင်းသင့်ပါသလား။
ဖြေ
- ဒါက ကျွန်တော်တို့ ဂျာနယ်လစ်ဇင်းရဲ့ တကယ့် အရေးကြီးတဲ့ အခြေခံ ကျင့်ဝတ်
စည်းကမ်းကြီးပဲ။ ကိုယ့်သတင်း၊ ဆောင်းပါးအတွက် သတင်းရင်းမြစ်တွေက
အချက်အလက်တွေ၊ သတင်းတွေ ပေးတယ်။ အဲဒါကို ကိုယ်က သူပေးလို့ ရေးရတာပါဆိုရင်
သတင်း အရင်းအမြစ်ရဲ့ အလုပ်ကို ထိခိုက်သွားမယ်။ ဒုက္ခ တွေ့သွားနိုင်တယ်။
အဲဒီလို ဖော်ထုတ် လိုက်တာမျိုးကို စာနယ်ဇင်း သမားတွေ၊ သတင်းစာ သမားတွေ
ဘယ်သော အခါမှ မလုပ်ရဘူး ဆိုတာ ကျွန်တော်တို့ရဲ့ ကျင့်ဝတ်ပဲ။ သတင်း
အရင်းအမြစ်ကို ဖော်ထုတ်ပေး ရမယ်ဆိုရင် ကျွန်တော်တို့က ငြင်းရမယ်။ ကိုယ်ပဲ
တာဝန်ယူရမယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့နဲ့ စာပေ စိစစ်ရေးနဲ့
ထိပ်တိုက်တွေ့ပြီ။ အဲဒီတော့ စည်းမျဉ်း စည်းကမ်းတွေ ညှိနှိုင်းကြတဲ့
အချိန်မှာ စာနယ်ဇင်းတွေ ဘက်က ပြောရေးဆိုခွင့် ရှိသူတွေ ပါသင့်တယ်။ စာပေနဲ့
စာနယ်ဇင်း အဖွဲ့အစည်းတွေ ရှိတယ် အဲဒီအဖွဲ့တွေကိုပါ ထည့်သွင်း စဉ်းစားဖို့
လိုမယ်။ စာနယ်ဇင်း သမားများ၏ အခွင့်အရေး ကာကွယ်သည့် ဥပဒေမျိုးတွေ
ပေါ်လာအောင် လုပ်ရမယ်။ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ထဲမှာကိုပဲ ကျွန်တော်တို့ရဲ့
ရှေ့ကနေပြီး ကာကွယ် ပေးနိုင်မယ့် အဖွဲ့အစည်း ဌာနခွဲမျိုး ရှိသင့်တယ်။
မဟုတ်ရင် ကျွန်တော်တို့က ဒါကိုပဲလုပ်၊ ဒါမလုပ်ရင် ဘာဖြစ်မယ် ဆိုတာပဲ
ရင်ဆိုင်နေရတယ်။
မေး - ဆရာ့အနေနဲ့ လက်ရှိ ပြောင်းလဲလိုက်တဲ့ စာပေစိစစ်ရေး မူဝါဒအပေါ် ဘာတွေများ ပြောလိုပါသေးလဲ။
ဖြေ
- ဒါနဲ့ပတ်သက်ပြီး ကိုယ်တွေ့တစ်ခု ပြောပြချင်တယ်၊ အုပ်စု(၁)မှာပါတဲ့
အင်မတန် ထင်ရှားတဲ့ မဂ္ဂဇင်းကြီး တစ်စောင်က ကျွန်တော့်ကို အင်တာဗျူးဖို့
အတွက် ရက်ချိန်း တောင်းတယ် ကျွန်တော်ကလည်း ဒီစည်းမျဉ်း စည်းကမ်းတွေ
မချခင်လေးကပဲ ရက်ချိန်းပေး လိုက်တယ်။ ဒါပေမယ့် အဲဒီမဂ္ဂဇင်းက အုပ်စု(၁)ထဲ
ရောက်သွားပြီလည်း ဆိုရော အယ်ဒီတာတွေက အိမ်ကိုလာပြီး အင်တာဗျူး
မလုပ်ဖြစ်တော့ကြောင်း တောင်းပန်တယ်။ ဘာဖြစ်လို့လဲ မေးတော့ ဆရာမောင်ဝံသနဲ့
အင်တာဗျူးရင် ကျွန်မတို့ စိတ်မချရဘူး။ စည်းမျဉ်း စည်းကမ်းတွေနဲ့
ငြိနိုင်တယ်လို့ ပြောတယ်။ ကျွန်တော်က 'ငါနဲ့ အင်တာဗျူးက လုပ်တောင်
မလုပ်ရသေးဘူး ငါလည်း ဘာမှ မဖြေရသေးဘူး ဘာဖြစ်လို့လဲ မေးတော့ ကျွန်မတို့လည်း
ဘာတွေဖြစ်မှန်း မသိတော့ ကြောက်နေတယ်၊ အဲဒီတော့ ကင်းကင်း ရှင်းရှင်း ပြဿနာ
မပေါ်နိုင်တာတွေပဲ ထည့်တော့မယ်' လို့ ပြောတယ်။ ဒါဟာ ကျွန်တော် အင်တာဗျူး
မလုပ်ရလို့ ပြောနေတာ မဟုတ်ဘူး။ သူတို့က တိုင်းပြည်က သိသင့် သိထိုက်တဲ့
အကြောင်း အရာလေးတွေကို သူတို့ ထည့်ချင်တဲ့ စိတ်ကူးလေးတွေ ရှိတယ်။ ဒါကို
ထည့်လိုက်ရင် သူတို့ ငြိစွန်းမယ်။ အန္တရာယ် ရှိနိုင်တယ်လို့ တွက်ဆတယ်
ဆိုကတည်းက ဒါ မဖြစ်သင့်ဘူး။ တွန့်ဆုတ်တာတွေ၊ နောက်တွန့် သွားတာတွေက
ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ မြင်တယ်။ အဲဒီ စိုးရိမ်ကြောင့်ကြတဲ့ အနေအထားက
ဘယ်လို လွန်မြောက်နိုင်မလဲ။ ကျွန်တော်တို့ စာနယ်ဇင်း သမားတွေ ဘယ်လိုလုပ်ရင်
စိတ်ချမ်းသာစွာနဲ့ အလုပ်လုပ်နိုင်မလဲ နည်းလမ်း ရှာသင့်တယ်လို့ ကျွန်တော်
ထင်တယ်။