xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အတွေးများပြီး အရေးမမှားစေလို

Monday, July 4, 2011

အတွေးများပြီး အရေးမမှားစေလို

(NLDပါတီကိုအစိုးရကသတိပေးသည့်စာထုတ်ပြန်ပြီးနောက်NLDမှ ဒေါ်စုကြည်လက်မှတ်ရေးထိုးထုတ်ပြန်သည့် စာတစ်စောင် အား ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ပါသည် ထိုစာအပေါ် အစိုးရ၏သဘောထားကိုထင်ဟတ်စေသော ဇူလိုင်လ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများပါ ဆောင်းပါးရှင်ကိုကိုအောင်၏ ဆောင်းပါးဖြစ်ပါသည်။)

ယနေ့ မြန်မာနိုင်ငံသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံး ဆောင်ရွက်နိုင်ရန် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နိုင်ငံတော်၏ ဥပဒေပြုရေး အာဏာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ပြည်သူများက ရွေးကောက် တင်မြှောက်လိုက်သော ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော် အသီးသီးက လည်းကောင်း၊ အုပ်ချုပ်ရေး အာဏာကို လွှတ်တော်က အတည်ပြု တင်မြှောက်လိုက်သည့် အစိုးရအဖွဲ့အသီးသီးက လည်းကောင်း၊ တရားစီရင်ရေး အာဏာကို လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်း လိုက်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော် အသီးသီးတို့က လည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက် ရှိပေပြီ။ ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များကို အနက် အဓိပ္ပာယ် ဖွင့်ဆိုရန်နှင့် အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို စိစစ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို အခြေခံ ဥပဒေအရ ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။ အလားတူ နိုင်ငံတော်၏ နိုင်ငံသားတိုင်း လွှတ်တော်များသို့ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးကြ ရာတွင် ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ပေးရန်နှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေး ပါတီများ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်နိုင်ရေး၊ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးရေး တို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း လွှတ်တော်၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်း ပေးထားပြီးဖြစ်သည်။
တစ်နည်း ဆိုရသော် နိုင်ငံတော် အချုပ်အခြာ အာဏာသုံးရပ်ကို တာဝန်ယူ ဆောင်ရွက်ကြမည့် ဤ အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များ အရသာ ဖွဲ့စည်း ပေါ်ပေါက်ခဲ့ခြင်းကြခြင်း ဖြစ်ပေသည်။
 
သို့သော် ယခုအချိန်အထိ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာဖတ်ရှုမှု အားနည်းသည်လား၊ မိမိ၏ စိတ်ဆန္ဒစွဲဖြင့် အဓိပ္ပာယ်ဖွင့်ဆိုမှုလွဲမှား သည်လား မဆိုနိုင်။ ထင်ကြေးဖြင့် ကောက်ချက်ဆွဲကာ အတွေးများပြီး အရေးမှားသူများ ရှိနေသည်ကို တွေ့မြင်နေရသည်။

၂၉-၆-၂ဝ၁၁ ရက်စွဲပါ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ် ရေးထိုးပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံသို့ လိပ်မူပေးပို့သည့် စာကို အင်တာနက်တွင် အမှတ်မထင် ဖတ်လိုက် မိသောအခါ အဟောဝတ သြချလောက်သည်ဟု ဆိုရပေမည်။ ယင်းစာတွင် ''အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဥပဒေအမှတ် ၄/၈၈ ဖြစ်သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တွင် မှတ်ပုံတင်ခဲ့ပြီး တရားဝင် ရပ်တည်နေသော နိုင်ငံရေး ပါတီ တစ်ခုဖြစ်ကြောင်း၊ ၂ဝဝ၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်း လိုက်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄ဝ၉ တွင် ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံရေး ပါတီများနှင့် စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်ဟု ပါရှိသဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြည်ထောင်စု လွှတ်တော်ကသာ ပြဋ္ဌာန်းခွင့်ရှိကြောင်း၊ ၂ဝ၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဥပဒေ အမှတ်(၂/၂ဝ၁ဝ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသည် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခြင်း မဟုတ်၍ မူလကပင် ပျက်ပြယ်ကြောင်း၊ ယင်းဥပဒေ ပုဒ်မ ၂၅ အရ ရက်ပေါင်း (၆ဝ)အတွင်း ကော်မရှင်သို့ ပြန်လည် လျှောက်ထားခြင်း မရှိသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဥပဒေအရ အလိုအလျောက် ပျက်ပြယ်သည် ဆိုခြင်းမှာ မမှန်ကြောင်း၊ ထိုသို့ ပျက်ပြယ်ခြင်း မရှိကြောင်း'' စသည်ဖြင့် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
 
ဤ ရေးသားချက်များကို ဖတ်ရှုမိသဖြင့် ထိုစာကို ရေးသားသူသည် ဥပဒေ၏ အခြေခံ သဘောကို နားမလည်၍လား၊ သို့မဟုတ် အတွေးများပြီး အရေးမှားခြင်း ပေလားဟု တွေးတောကာ စိတ်မကောင်း ဖြစ်မိသည်။ 
 
ဆိုရသော် နိုင်ငံတော်ရှိ ပြဋ္ဌာန်း ဥပဒေ (Statue Law) အားလုံးသည် အတည်ပြု ထုတ်ပြန် ပြဋ္ဌာန်းလိုက်သည်နှင့် ထိုနေ့မှစ၍ အာဏာ တည်သည်ဟု တစ်သမတ်တည်း နားလည်ထားပုံ ရသည်။ ပြဋ္ဌာန်း ဥပဒေများသည် သက်ဆိုင်ရာ ဥပဒေ၌ အာဏာတည်သည့် နေ့ရက်ကို သီးခြား ဖော်ပြမထားပါက ယင်းဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းသည့် နေ့မှစ၍ အာဏာတည်သည်မှာ မှန်ပါ၏။ သို့သော် အချို့သော ပြဋ္ဌာန်းဥပဒေ များသည် ယင်းဥပဒေမှာပင် ဥပဒေစတင် အာဏာတည်ရမည့် နေ့ရက်ကို သီးခြားပြဋ္ဌာန်း ဖော်ပြသည်များ ရှိတတ်သလို အချို့ဥပဒေများ သည် အမိန့်ကြော်ငြာစာ၊ အမိန့်တစ်ရပ်ရပ် ထပ်မံထုတ်ပြန်၍ ဥပဒေအာဏာ တည်သည့်နေ့ရက်ကို သတ်မှတ်ခြင်းမျိုးလည်း ရှိတတ်ကြောင်း သတိပြု အပ်ပေသည်။
 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်) သည် ပြည်သူ တစ်ရပ်လုံး၏ တစ်ခဲနက် ထောက်ခံမှုဖြင့် ၂၉-၅-၂ဝဝ၈ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းကြောင်း ကြေညာခဲ့သည်မှာ မှန်ပါ၏။ သို့ရာတွင် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၁ တွင်...... ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ နိုင်ငံ တဝန်းလုံး၌ အာဏာတည်သည်ဟု အတိအလင်း ပြဌာန်းထားသည်။ ထို့ကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ တည်သည့် နေ့ရက်မှာ ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ဖြစ်ကြောင်း ပြည်သူအများ သိရှိကြပြီး ဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ကို ရေးဆွဲခဲ့သော ပုဂ္ဂိုလ်များသည် တပ်မတော်အစိုးရနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာမည့် နိုင်ငံတော် အဖွဲ့အစည်းများ၏ အကူးအပြောင်း ကာလတွင် မလိုလားအပ်သော အချုပ်အခြာအာဏာ ကွင်းဆက် ပြတ်မှု မဖြစ်ပေါ်စေရေး မြော်တွေးလျက် အခြေခံ ဥပဒေ၏ အခန်း(၁၄) တွင် ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်များကို ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်း ခြဲ့ကသည်။ ယင်း အခန်း (၁၄) ၏ ပုဒ်မ ၄၄၂ တွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာမတည်မီ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဆက်လက်ကျင့်သုံး ဆောင်ရွက်ရမည်ဟု အတိအလင်း အာဏာအပ်နှင်း ထားသည်။
 
ထို့အပြင် အခြေခံဥပဒေ ပုဒ်မ ၄၄၃ တွင် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာတည်သည့် နေ့မတိုင်မီ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကောင်အထည် ဖော်ရေး အတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ဆက်လက် ပြဋ္ဌာန်းထားသည်။ 
 
ယင်း ပြဋ္ဌာန်းချက်များ အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေစတင် အာဏာတည်သည့် (၃၁-၁-၂ဝ၁၁) ရက်နေ့ မတိုင်မီတွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ဟူသည့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ သုံးရပ်လုံးကို ကျင့်သုံး ဆောင်ရွက်ခွင့် ရှိကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကပင် အာဏာ အပ်နှင်းထားခြင်း ဖြစ်သည်။ 
 
ဤသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ (Constitutional Provissions) ဖြစ်၍ ထိုအချိန်က နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဥပဒေပြုခွင့် အာဏာကို ကျင့်သုံးခွင့် ရှိသည်နှင့် အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အငြင်း မပွားနိုင်ပါ။ 
 
ဖော်ပြပါအတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် အပ်နှင်းသည့် အခွင့် အာဏာအရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင်အထည် ဖော်ရေးအတွက် လတ်တလော မရှိမဖြစ် လိုအပ်သည့် ဥပဒေအချို့ကို ၂ဝ၁ဝ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ခြင်း ဖြစ်သည်။ ယင်းပြဋ္ဌာန်းခဲ့သည့် ဥပဒေများအနက် ဥပဒေအမှတ် (၂/၂ဝ၁ဝ) ဖြစ်သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေလည်း တစ်ခုအပါအဝင် ဖြစ်သည်။
 
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဥပဒေပြုရေး အာဏာကို ကျင့်သုံး ဆောင်ရွက်ခွင့် ရှိသည့် ကာလအတွင်း နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဥပဒေအမှတ် (၂/၂ဝ၁ဝ) နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းခဲ့ခြင်း၊ ယင်းဥပဒေ ပုဒ်မ ၂၇ အရ ယခင် ဥပဒေ (နဝတ ဥပဒေ ၄/၈၈) ကို ရုပ်သိမ်းခဲ့ခြင်း တို့မှာ ဥပဒေနှင့် မညီဟု ဆိုနိုင်ပါမည်လော။ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခြင်း မဟုတ်၍ (ပြည်ထောင်စု လွှတ်တော် မပေါ်သေး၍) ထိုသို့ ဥပဒေ ပြဋ္ဌာန်းခွင့် မရှိဟု ပြောနိုင်ပါမည်လော။ အတွေးများ၍ အရေး မှားခြင်းသာ ဖြစ်နိုင်ပါသည်။ 
 
ထို့ကြောင့် ၂ဝ၁ဝ ပြည့်နှစ် မတ်လ ၈ ရက်နေ့က ထုတ်ြပန် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ဥပဒေ ပြုခွင့်ရှိသည့် အဖွဲ့အစည်းက ဥပဒေ ပြုခဲ့ခြင်းသာဖြစ်၍ ထိုဥပဒေသည် တရားဝင်အတည် ဖြစ်သည်မှာ ထင်ရှားသည်။ ဤသို့ဆိုလျှင် ယင်းဥပဒေပုဒ်မ ၂၅ အရ ..... ဤဥပဒေ ပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆ဝ အတွင်း ကော်မရှင်သို့ လျှောက်ထားရမည်။ .....ယင်းသို့ လျှောက်ထားခြင်း မရှိပါက နိုင်ငံရေး ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဆိုသော ဥပဒေ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာရန်သာ ရှိပေသည်။ မလိုက်နာပါက ဥပဒေအရ အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်ကြောင်းကို လက်ခံရမည် ဖြစ်သည်။ ထို့ကြောင့် ပုဒ်မ ၂၅ အရ လျှောက်ထားခြင်း မရှိကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပါတီဟောင်း (၅) ခုလုံးကို နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ဖျက် လိုက်ကြောင်း ယင်းဥပဒေပုဒ်မ ၂ဝ အရ ကော်မရှင်က ကြေညာချက် အမှတ် (၉၇/၂ဝ၁ဝ) ဖြင့် ဆုံးဖြတ် ကြေညာခဲ့ခြင်း မှာလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ လက်ခံရမည်သာ ဖြစ်ပါသည်။ 
 
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၄၄၆ တွင် တည်ဆဲဥပဒေ များသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်သမျှ အတည် ဖြစ်သည်ဟု ပြဋ္ဌာန်းထားကြောင်း တွေ့ရသည်။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြဋ္ဌာန်းခဲ့သည့် တည်ဆဲဥပဒေ တစ်ရပ်ဖြစ်သော ဥပဒေ အမှတ် (၂/၂ဝ၁ဝ) နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ယနေ့အထိ ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း ပြုသည်ဟု မကြားမိသေးပါ။ ပုဒ်မ ၄ဝ၉ အရလည်း ပြည်ထောင်စု လွှတ်တော်က နိုင်ငံရေး ပါတီများနှင့် စပ်လျဉ်းသည့် ဥပဒေ အသစ်တစ်ရပ် ထပ်မံပြဋ္ဌာန်းခြင်း မရှိသေးပါ။ ထို့ကြောင့် ယင်းဥပဒေသည် ယနေ့တိုင် အာဏာ တည်လျက်ရှိပြီး ယင်းတည်ဆဲ ဥပဒေအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များသည်လည်း တရားဝင် အတည်ဖြစ်လျက် ရှိပေမည်။
 
ဤသည်ကိုပင် ဥပဒေအား လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူပြီး ၄င်းတို့ အဖွဲ့ချုပ်သည် နဝတဥပဒေ အမှတ် (၄/၈၈) နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ(ရုပ်သိမ်းပြီးဖြစ်၍ မရှိတော့သည့် ဥပဒေ) အရ ယခင် ကော်မရှင် (ရုပ်သိမ်းပြီး ဖြစ်သော ဥပဒေအရ တည်ရှိခဲ့သည့် ကော်မရှင်) တွင် မှတ်ပုံတင်ထားသဖြင့် တရားဝင် ရပ်တည်နေကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၄င်းတို့အဖွဲ့ချုပ်ကို ပါတီ မှတ်ပုံတင် ပယ်ဖျက်ခွင့် မရှိကြောင်း တွင်တွင်ငြင်းဆိုနေခြင်းမှာ ''ကျားကျား၊ မီးယပ်'' ဆိုသကဲ့သို့ ဖြစ်နေပေသည်။
 
တစ်ဖန် ဖော်ပြပါ ပြည်ထဲရေး ဝန်ကြီးထံသို့ ပေးပို့သည့်စာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးဟု ဖော်ပြ လက်မှတ် ရေးထိုးလျက် ဒေါ်အောင်ဆန်းစုကြည်က ရေးသားရာ၌ ''၄င်းတို့ အဖွဲ့ချုပ်သည် တရားဥပဒေ စိုးမိုးရေးကို လိုလားသည့် အလျောက် ဥပဒေနှင့် အညီ ဆက်လက် ရပ်တည်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် အဖွဲ့ချုပ်ကို ဖျက်သိမ်းခြင်းမှာ တရားမဝင်ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၅(က)၊ (ဇ) တို့အရ တရား ရုံးချုပ်သို့ လျှောက်ထားခဲ့သော်လည်း တရားရုံးချုပ် (နေပြည်တော်) မှ၎င်းတို့၏ လျှောက်ထားချက်ကို ပယ်ခဲ့ကြောင်း၊ ထိုသို့ ပယ်လိုက်သည်မှာ ဥပဒေနှင့် ညီညွတ်ခြင်းမရှိ၍ လက်မခံနိုင်ကြောင်း'' ဖော်ပြရေးသား ထားသည်ကို တွေ့မြင်ရပါသည်။ အမှန်မှာ ယင်းစာကို လက်မှတ်ရေးထိုးသူ ဒေါ်အောင်ဆန်း စုကြည်သည် ၄င်းတို့ အဖွဲ့ချုပ် ဟုဆိုသည့် NLD ၏ ၁၁-၁၂-၁၉၉၁ ရက်စွဲပါ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ NLD အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီးသူ ဖြစ်ပါသည်။ ယင်းအချက်ကို NLD ၏ ဥက္ကဋ္ဌ ဦးအောင်ရွှေ ကိုယ်တိုင် လက်မှတ်ရေးထိုး တင်ပြသည့် စာအထောက်အထားများ အခိုင်အမာ ရှိကြောင်း လေ့လာသိရှိ ရပါသည်။ ထို့ကြောင့် သူမသည် NLD ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ဖော်ပြ လက်မှတ် ရေးထိုးခွင့် ရှိမည် မဟုတ်ပါ။ 
 
အင်တာနက်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်တို့ ရေးသားသော စာ၏ရှေ့ပိုင်းတွင် နိုင်ငံတော်၏ ဥပဒေပြုအာဏာကို တရားမဝင်ပါဟု ဝေဖန်ပုတ်ခတ်ပြီး တစ်ဖန် နိုင်ငံတော်၏ တရား စီရင်ရေး အာဏာကိုလည်း ဥပဒေနှင့် ညီညွတ်ခြင်း မရှိဟု ဆန့်ကျင် ရေးသားပြန်ပါသည်။ ယခင် သူမ၏ ဆောင်ပုဒ်အတိုင်း ''အာဏာဟူ သမျှ၊ ဆန့်ကျင်ကြ''ဟု ဆက်လက် ခံယူကျင့်သုံး နေရော့သလား။ တစ်ချိန်တည်းတွင် တရားဥပဒေ စိုးမိုးရေးကို လိုလားပါသည်ဟု ပြောသူမှာလည်း သူမပင် ဖြစ်နေပြန်သည်။ မည်သို့ နားလည်ရ ပါမည်နည်း။
 
တရားရုံးချုပ် (ယခု ပြည်ထောင်စု တရားလွှတ်တော်ချုပ်) သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံး ဖြစ်သည်။ နိုင်ငံတော်၏ တရားစီရင်ရေး အာဏာကို ကိုင်တွယ် ကျင့်သုံးရသည့် အမြင့်ဆုံး အဖွဲ့အစည်းလည်း ဖြစ်ပါသည်။ နိုင်ငံတော် အမြင့်ဆုံး တရားစီရင်ရေး အဖွဲ့အစည်း တစ်ရပ်၏ တရားဥပဒေနှင့် အညီ စီရင် ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဟု ဆိုပါလျှင် ၄င်းကဲ့သို့ပင် အများပြည်သူ နိုင်ငံသားများက နိုင်ငံတော်၏ တရားစီရင်ရေး အာဏာကို လက်မခံ ငြင်းဆန်နေပါက မင်းမဲ့စရိုက်မျိုးနှင့် ကြုံတွေ့ရမည်သာ မဟုတ်ပါလော။ အဘယ်မှာ တရားဥပဒေ စိုးမိုးရေး ရှိနိုင် ပါဦးမည်နည်း။ စဉ်းစားမိလျှင် ရင်လေးဖွယ်ရာ ဖြစ်ပါသည်။
 
အကယ်၍ ၄င်းတို့ ထင်မြင်ယူဆ သကဲ့သို့ ဥပဒေအမှတ် (၂/၂ဝ၁ဝ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ရေးဆွဲထားသော ဥပဒေ မဟုတ်ဟု ၄င်းတို့အထင်ဖြင့် ယူဆလျှင်လည်း အခြေခံ ဥပဒေအရ ဥပဒေပြုခွင့်၊ ပြင်ဆင်ခွင့်၊ ပယ်ဖျက်ခွင့် အာဏာရှိသည့် လွှတ်တော်များ၌သာ ဆွေးနွေး အဖြေ ရှာရမည့် ကိစ္စဖြစ်သည်ဟု ရိုးသားစွာ ယုံကြည်မိပါသည်။
မည်သို့ဖြစ်စေ ကျွန်ုပ်တို့၏ နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖြစ်သည်။ ကျွန်ုပ်တို့သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ နိုင်ငံသား အားလုံးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄၇ အရ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေ အရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေသကဲ့သို့ ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးထားပါသည်။ Nobody above the Law ဆိုသကဲ့သို့ ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိရပါ။ မည်သူ၏ သားသမီးဖြစ်သည်၊ မည်သည့် အဆင့်အတန်း ဖြစ်သည်... စသည်မခွဲခြားဘဲ ဥပဒေ အရာတွင် တန်းတူ အခွင့်အရေး ရှိသကဲ့သို့ ဥပဒေကို လေးစား လိုက်နာရာတွင်လည်း တန်းတူပင် ဖြစ်ရပါမည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၈၄ တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် များကို လိုက်နာ စောင့်ထိန်းရန် တာဝန်ရှိသည် ဟု အတိအလင်း ပြဋ္ဌာန်းထား ပါသည်။
 
ယခုကဲ့သို့ အင်တာနက် စာမျက်နှာပါ ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဥပဒေပြု အာဏာ ကျင့်သုံးဆောင်ရွက်ခဲ့ခြင်းကို တရားမဝင်ကြောင်း၊ ဥပဒေ ထုတ်ပြန် ပြဋ္ဌာန်းခွင့် မရှိကြောင်း၊ ယင်းသို့ ထုတ်ပြန် ပြဋ္ဌာန်းထားသည့် တည်ဆဲ ဥပဒေ (၂/၂ဝ၁ဝ) အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်သည် ဥပဒေအရ လုပ်ပိုင်ခွင့် မရှိသည်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် အမြင့်ဆုံး တရားစီရင်ရေး အဖွဲ့၏ ဆုံးဖြတ်ချက် အမိန့်ကို လက်မခံနိုင်ကြောင်း ဖော်ပြ ရေးသားချက်များ ပါရှိနေသဖြင့် ထိုရေးသားချက်များ ကပင် ဥပဒေ ချိုးဖောက်ရာ ရောက်စေမည်ကို စိုးကြောက်မိပါသည်။
 
''ဟန်ကိုယ့်ဖို့၊ မာန်သူ့ဖို့'' ဟု ရှေးစကား အလာ ရှိပါသည်။ မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်မဆို မာန်မာနများ ထောင်လွှားလာပါက အမှန်ကို မမြင်တော့ဘဲ မောဟ ဖုံးလွှမ်း တတ်ပါသည်။ မောဟကြောင့် တွေဝေ မိန်းမောပြီး အတွေးများ ချာချာလည် တတ်သည်မှာလည်း လောက နိယာမသဘော ဖြစ်ပါသည်။ ထိုသို့လျှင် အတွေး များလာပါက ...ဤသို့လျှင် အရေးအသားလည်း မှားယွင်းတတ်ကြောင်း သတိပြု ဆင်ခြင်ဖွယ် တင်ပြလိုက်ရ ပါသည်။

ကိုကိုအောင်