xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မလေးရှားတွင် အစိုးရဆန္ဒပြပွဲများဖြစ်ပွား ၊ ဆန္ဒပြသူ ၁၄၀၀ ကျော်အားဖမ်းဆီးထိန်းသိမ်းထားဟုဆို

Saturday, July 9, 2011

မလေးရှားတွင် အစိုးရဆန္ဒပြပွဲများဖြစ်ပွား ၊ ဆန္ဒပြသူ ၁၄၀၀ ကျော်အားဖမ်းဆီးထိန်းသိမ်းထားဟုဆို


မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လူ ၁,၄၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။  ရွေးကောက်ပွဲ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံ သားတွေ ကွာလာလမ်ပူမှာ ဒီကနေ့ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သတင်းရရှိပါတယ် ။

 
ရဲတွေက ဆန္ဒပြသူတွေကို နံပတ်တုတ်များ၊ မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးစတာတွေကို သုံးပြီး လူစုခွဲခဲ့ကြပါတယ်။မလေးရှားအတိုက်အခံ နိုင်ငံရေးပါတီတွေပြောတာက သူတို့ရဲ့ ခေါင်းဆောင်တချို့လည်း အဖမ်းခံခဲ့ရတဲ့ အထဲမှာ ပါသွားပြီး နံမည်ကြီး အတိုက်အခံ ခေါင်းဆောင်တဦး ဖြစ်တဲ့ အန်န၀ါ အီဗရာဟင်လည်း ဒဏ်ရာအနည်းအကျဉ်း ရခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူ တော်တော်များများက အ၀ါရောင် ဘောလုံးတွေနဲ့ ပန်းတွေကို ကိုင်လာပြီး ပြည်သူလူထု အဓွန့်ရှည်ပါစေ ဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။



 
ကွာလာလမ်ပူမြို့ထဲက အားကစားကွင်းကြီး တစ်ခုဆီကို ချီတက်လာကြတဲ့ ဆန္ဒပြသူတွေကို တားဆီးတဲ့အနေနဲ့ ရဲတွေက လမ်းမတွေ တော်တော်များများကို သံဆူးကြိုးတွေနဲ့ ပိတ်ဆို့ထားပါတယ်။ အတိုက်အခံ အုပ်စုတွေ စုပေါင်းထားတဲ့ ဘာရှစ် လို့ခေါ်တဲ့ ညွှန့်ပေါင်းအဖွဲ့က အခု ဆန္ဒပြပွဲကို အနောက်က ထောက်ခံပံ့ပိုးနေတာ ဖြစ်ပြီး ဒီကနေ့ဆန္ဒပြပွဲမှာ လူ ၅ သောင်း ပါဝင်ဆန္ဒပြတယ်လို့ အနောက်တိုင်းသတင်းများက ဆိုနေသော်လည်းရဲတွေကတော့ ဆန္ဒပြတဲ့သူက ၆ ထောင်နီးပါးပဲ ရှိတာလို့ဆိုပါတယ်။ အေပီသတင်းမှာတော့ လူ ၂ သောင်းကနေ ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းဖေါ်ပြထားပါတယ်။ 

 လာမယ့် ၂၀၁၃ ခုနှစ်ကျရင် ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေ မတိုင်ခင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လက်ရှိ အစိုးရအဖွဲ့က အကောင်အထည်ဖေါ်ဖို့ မဲဝယ်ယူတာတွေ မဲလိမ်တာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြ တာဖြစ်ပါတယ် ။ဒီကနေ့တရက်တည်းမှာပဲ အစိုးရကို ထောက်ခံတဲ့ဆန္ဒပြမှုလည်း ဆန့်ကျင်သူတွေနဲ့ တချိန်တည်းလိုလိုမှာ ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ် ။