(၂၀၁၁ခုနှစ်
ဇူလိုင်လ (၁၄) ရက်နေ့ထုတ် ပြည်သူ့ ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွေ့အကြုံ ဖြစ်ပါတယ်။)
ဦးခက်ထိန်နန်ဟာ
ကချင်ပြည်နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ပါတယ်။
ဒါတင်မက ဥပဒေကြမ်း ကော်မတီဝင် တစ်ဦလည်း ဖြစ်သလို ပြည်ခိုင်ဖြိုး ပါတီနဲ့
မဟာမိတ် ဖွဲ့ထားတဲ့ မြစ်ကြီးနား အခြေစိုက် စည်းလုံး ညီညွတ်ရေးနှင့်
ဒီမိုကရေစီ ပါတီ၊ ကချင်ပြည်နယ် (စဒက) ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
လတ်တလော မြန်မာ့ တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေတို့
အကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ မြန်မာ အစိုးရဘက်က
သွားရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ် အဖွဲ့မှာ ပါဝင် လိုက်ပါ သွားခဲ့သူလည်း
ဖြစ်ပါတယ်။ ယခု အင်တာဗျူးမှာတော့ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး
ရရှိနိုင်ရေး ကိစ္စတွေကို မေးမြန်း တင်ပြထားပါတယ်။
မေး -
လက်ရှိ မြန်မာ့ တပ်မတော်နဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကေအိုင်အေ ၊ ကေအိုင်အို
ဆိုတာ ဘယ်တုန်းက ပေါ်ပေါက် လာလဲ၊ ဘယ်လို အဖွဲ့အစည်းမျိုးလည်း
ရှင်းပြပေးပါလား။
ဖြေ - KIO (Kachin Independent Organization) ကချင်
လွတ်မြောက်ရေး အဖွဲ့၊ KIA (Kachin Independent Army) ကချင် လွတ်လပ်ရေး
တပ်မတော် ဆိုတာ ၁၉၆၁ ခုနှစ် ကတည်းက စရှိခဲ့တာ။ ဒီတစ်ခေါက် ပဋိပက္ခ ဖြစ်ရတာဟာ
လူကြီးပိုင်းက ပုံမှန် အနေအထား ရှိနေတဲ့ အချိန် အောက်ခြေမှာ တစ်ယောက်နဲ့
တစ်ယောက် အထင်လွဲကြပြီး ပစ်ကြ ခတ်ကြရင်းနဲ့ ဖြစ်သွားတာ။ အရင်တုန်း ကတော့
သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး၊ ကိုယ့်ယုံကြည်ချက်၊ သူ့ယုံကြည်ချက်နဲ့
ပဋိက္ခ ဖြစ်ကြတာ။ အခုလို ပစ်တာ ခတ်တာဟာ အားလုံးကို ဒုက္ခ ဖြစ်စေတယ်၊ သေကြေ
ပျက်စီးစေတယ်၊ အားလုံးလည်း အကျိုးမရှိဘူး ဆိုတာကို စစ်ပွဲဖြစ်လာတာ
နှစ်ပေါင်းများစွာ ကြာလာတော့ နှစ်ဖက်စလုံးက နားလည်ကြတယ်။ ကြားက
ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက ဦးဆောင်ပြီး ညှိနှိုင်းကြရင်းနဲ့
နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲပြီး ၁၉၉၄ မှာ ငြိမ်းချမ်းရေး ယူလိုက်ကြတာ။
အဲ့ဒီတုန်းကတော့ ဘုန်းတော်ကြီးတွေ ဖာသာကြီးတွေ သင်းအုပ် ဆရာကြီးတွေနဲ့
မြို့မိ မြို့ဖတွေက ဦးဆောင်ပြီး ဆောင်ရွက် ခဲ့ကြတာ။ ကချင် ပြည်နယ်ထဲမှာ
စစချင်း တုန်းကတော့ KIO တစ်ဖွဲ့တည်းပဲ။ ဦးဆခုန်တိန့်ယိန်း ဦးဆောင်တဲ့ NDA
(K) အဖွဲ့နဲ့ ရှမ်းပြည်နယ်ဘက်က ဦးမထုနော် အဖွဲ့ဆိုတာဟာ နဂိုမူလ
ကေအိုင်အို ကနေ ကွဲထွက်လာတဲ့ အဖွဲ့တွေ။
မေး - ဒီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားခဲ့သူ ဆိုတော့ အဲဒီမှာ ဘာတွေများ ပြောဆိုခဲ့လဲ။
ဖြေ - ၁၉၆၁ ကစပြီး KIO, KIA ရှိလာကတည်းက ၁၉၉၄ အထိ
နှစ်ပေါင်း ၃၀ ကျော် တောက်လျှောက် မြန်မာ့ တပ်မတော်နဲ့ စစ်ပွဲ
ဖြစ်လာခဲ့တာ။ အဲ့ဒီတုန်းက ပြည်သူတွေက တစ်နေရာမှာ ဖြစ်ရင် တခြား တစ်နေရာကို
ပြေးသွားလိုက်၊ နောက်တစ်နေရာ ဖြစ်ရင် တခြား တစ်နေရာကို ရှောင်သွား
လိုက်နဲ့ပေါ့။ နှစ်ဖက်စလုံးက အပစ်အခတ် ရပ်စဲပြီး
ငြိမ်းချမ်းရေး ယူပြီးတဲ့နောက် ဟိုအရင်တုန်းကနဲ့ ဘာမှ မဆိုင်တဲ့
အနေအထားမျိုး ရောက်လာတာ။ ၁၉၉၄ ကစပြီး အေးအေး ချမ်းချမ်း တည်တည် ငြိမ်ငြိမ်
ဖြစ်သွားတာ။ ၁၉၉၄ မှာ တပ်မတော် အစိုးရက နေမယ့် ဧရိယာနဲ့ KIO က နေမယ့် ဧရိယာ
ဆိုတာကို နှစ်ဦးနှစ်ဖက် သဘောတူပြီး နေရာလေးတွေ ခွဲထားတာကိုး။ အခုက
အဲ့ဒီနေရာလေးတွေ ထိစပ်နေတော့ ဟိုဘက် ဝင်သွား လိုက် ဒီဘက် ဝင်သွားလိုက်
လုပ်ရင်းကနေ သဘောထားလေးတွေ အထင်အမြင် လွဲမှားပြီး ပစ်ကြခတ်ကြ
ဖြစ်သွားတာပေါ့။ အခု ပြည်သူတွေကလည်း ငြိမ်းငြိမ်း ချမ်းချမ်း
နေချင်တယ်၊ ပြီးတော့ ပြည်သူတွေ ရွေးကောက်တဲ့ အစိုးရ ပါတီစုံ ဒီမိုကရေစီ
စနစ်နဲ့ သွားနေပြီး လွှတ်တော် အဆင့်ဆင့်လည်း ပေါ်ပေါက်နေပြီ ဆိုတော့
နိုင်ငံရေး အရ ဒါကို ဖြေရှင်းသွားရင် အဖြေကောင်း ရနိုင်တယ်။ ပစ်ကြ
ခတ်ကြရင်းနဲ့ ဆိုရင်တော့ ပြည်သူပဲ ဒုက္ခရောက်မယ်။ ဘာမှ အဖြေမရနိုင်ဘူး။
ဒါ့ကြောင့် ပစ်ကြ ခတ်ကြတာကို နားပြီး နိုင်ငံရေး အရပဲ ဖြေရှင်းသွားဖို့ကို
အဓိကထားပြီး ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ ကျွန်တော်က ပြောခဲ့တာပဲ။
မေး - လက်ရှိ ကေအိုင်အိုထဲက ခွဲထွက်ခဲ့တယ် ဆိုတဲ့ အဖွဲ့တွေရဲ့ အခြေအနေကရော ဘယ်လို ရှိပါသလဲ။
ဖြေ - KIO
ထဲက ခွဲထွက်သွားတဲ့ ဦးစခုန်တိန့်ယိန်းလည်း နယ်ခြားစောင့်တပ်ကို လက်ခံပြီး
လက်နက်နဲ့ ငြိမ်းချမ်းရေး ယူသွားပြီ၊ နောက်ပြီး ဦးမထုနော်လည်း
ငြိမ်းချမ်းရေး ယူသွားပြီ။ နောက်ဆုံး ခွဲထွက်တဲ့ ဦးလဆန်အောင်ဝါ ပြည်သူ့စစ်
အဖွဲ့ လည်း ငြိမ်းချမ်းရေး ယူသွားကြပြီ ဆိုတော့ ပင်မ KIO အဖွဲ့ပဲ
ကျန်တော့တယ်။ ဒေသခံတွေကတော့ KIO အပေါ်မှာရော အခု ပြည်သူတွေ ရွေးတဲ့
အစိုးရ အဖွဲ့အပေါ်မှာရော နှစ်ဖက်စလုံး ထာဝရ ငြိမ်းချမ်းပြီးတော့ အားလုံး
အတူတကွ လက်တွဲ ပြီး ကိုယ့်ဒေသ ကိုယ့်ပြည်နယ် ကျေးလက်ပါ မကျန် ဖွံ့ဖြိုး
တိုးတက်ရေး လုပ်ကြဖို့ အတွက် လိုလား နေကြတာပါ။ အခုစပြီး ဖြစ်ကာစမှာပဲ
နှစ်ဖက်စလုံးက လူကြီးတွေက ငြိမ်းချမ်းရေးကို လိုလားတယ်။ နိုင်ငံရေး အရလည်း
ဆွေးနွေးဖို့ သင့်တယ် ဆိုတာကို လူကြီးတွေက သူတို့ အတွေ့အကြုံ အရ ကနေ့ခေတ်
အနေအထားအရ သဘောပေါက်ပြီး စဖြစ်ကာစမှာပဲ အပစ်အခတ်ကို ရပ်စဲအောင် နှစ်ဖက်
ကြိုးစား လိုက်ကြတာပေါ့။ ရှေ့ဆက်ပြီး တည်တည် ငြိမ်ငြိမ် ငြိမ်းငြိမ်း
ချမ်းချမ်း ဖြစ်ပြီး နောက်တစ်ဆင့်တွေမှာ ထပ်ပြီး ဆွေးနွေး သွားကြမယ်၊
လက်နက်နဲ့ အဖြေမရှာဘဲ နိုင်ငံရေးအရ အဖြေ ရှာသင့်တယ်၊ တစ်ဆင့်ပြီး တစ်ဆင့်
ထပ်ဆွေးနွေး သွားသင့်တယ်လို့လည်း ထင်တယ်။
မေး - စစ်ပွဲတွေ ဖြစ်ခဲ့တုန်းက အခြေအနေကို ပြန်ပြောပြပေးပါလား။
ဖြေ - ဟိုးအရင်
ဖြစ်တုန်းကတော့ မြို့က လူတွေ အပြင်ထွက်လို့ မရဘူး။ နယ်ကို သွားလို့ မရဘူး။
ကျေးလက်က လူတွေ မြို့လာလို့ မရဘူး။ KIA တွေ နေတဲ့ နေရာက လူတွေ ဒီဘက်ကို
လာလို့ မရသလို ဒီဘက်က လူတွေလည်း ဟိုဘက်ကို သွားလို့ မရဘူး။ တွေ့တဲ့နေရာမှာ
သူတို့လည်း တိုက်ကြခိုက်ကြ သေကြ ကျေကြ ရွာတွေ မီးလောင်ကြ ပြေးလိုက်လွှား
လိုက်နဲ့ ပညာရေး ကျန်းမာရေးတွေက အစ အားလုံး ခက်ခဲပြီး လမ်းတံတားတွေ ကလည်း
အားလုံး ပျက်စီး ကုန်တယ်လေ။ အခု စဖြစ်တာတောင် ဒုက္ခတွေ ဆင်းရဲမူတွေ
ပျက်စီးမှုတွေ ဒီလောက်ဖြစ်ရင် ဟိုးလွန်ခဲ့တဲ့ အချိန်က နှစ် ၃၀ လောက်
စစ်ဖြစ်ခဲ့တာကို စဉ်းစားကြည့်ရင် သိပါတယ်။ အဲဒီတုန်းက
ကျွန်တော်တို့ကလည်း မြစ်ကြီးနားမြို့ကနေ ဟိုဘက်ကမ်းကို လည်း မသွားရဘူး။
ငြိမ်းချမ်းရေး ယူပြီးတော့ ညသန်းခေါင် အချိန် ဘယ်ကိုပဲ သွားသွား ဘယ်မြို့ပဲ
သွားသွား နယ်စပ်ပဲ သွားသွား ဘယ်အချိန်ပဲ ထွက်ထွက် လွတ်လွတ် လပ်လပ်
ဖြစ်သွားတာပေါ့။ အဲ့ဒါကတော့ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရ တန်ဖိုးပေါ့။
မြစ်ကြီးနားလည်း အများကြီး ဖွံ့ဖြိုးလာတယ်။ တိုးတက် လာတယ်။ လမ်းပန်း
ဆက်သွယ်ရေးတွေက အစ စီမံကိန်းကြီးတွေ မြောက်မြားစွာ ဖြစ်ပေါ်လာတဲ့
အချိန်မှာမှ တိုက်ကြ ခိုက်ကြမယ် အရင်လို အဖြစ်အပျက်မျိုး ပြန်ဖြစ်မယ်
ဆိုရင်တော့ ပြည်သူတွေလည်း မလိုလားဘူး။ တကယ်တမ်း ဖြစ်ကြမယ် ဆိုရင်
အစိုးရဘက်ကရော KIO ဘက်ကရော တကယ် စဉ်းစားတတ်တဲ့ လူတွေက မဖြစ်စေချင်ဘူး။ အခုက
အရင်ခေတ်နဲ့လည်း မတူတော့ဘူးလေ။ အရင်ခေတ်က တော့ သူ့အခြေအနေ အရ တပ်တော်က
ဦးဆောင်တာကိုး။ အခုက ပြည်သူတွေ ရွေးကောက်တဲ့ အစိုးရက ဦးဆောင်တယ် ဆိုတော့
ပြည်သူတွေကို ဦးစားပေးရမှာပေါ့။ အဲ့ဒါကြောင့် အခု အပစ်အခတ် ရပ်စဲပြီး
ပါတီစုံ ဒီမိုကရေစီလည်း ဖြစ်လာပြီ ဆိုတော့ ဒါကို နိုင်ငံရေးနည်း အရ
ဖြေရှင်း သွားမယ်လို့ ယုံကြည်တယ်။ ငြိမ်းချမ်းရေး ယူပြီးတော့ သူတို့လည်း
ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ သူ့ဒေသ ကိုယ့်ဒေသနေရာ သတ်မှတ်ပြီး နေခဲ့ကြတယ်။
ဘိုးဘွား လက်ထက် ကတည်းက ဒီမြေမှာ နေထိုင်လာတဲ့ တိုင်းရင်းသား အချင်းချင်း
ဖြစ်တဲ့ ကိစ္စဆိုတော့ ရန်ဖြစ်ကြတာ မောပြီ ဆိုတော့ သူ့နေရာ ကိုယ့်နေရာလေးမှာ
အေးအေး ဆေးဆေး နေချင်ကြတယ်။
မေး - အခု တစ်ကြိမ် ပဋိပက္ခတွေ ပြန်ဖြစ်လာတော့ရော ဘယ်လို အကျိုးဆက်တွေ ရှိလာသလဲ။
ဖြေ - အခုလို
ဖြစ်တယ်ဆိုတော့ သွားတာလာတာ လိုင်းကားက အစ အခက်အခဲ ဖြစ်သွားတယ်။ လူတွေကလည်း
သွားတာ လာတာ အခက်အခဲ ဖြစ်တယ်။ စားကုန်သောက်ကုန်က အစ အလိုလိုနေရင်း
သူ့ဟာနဲ့သူ ဈေးနှုန်းလေးတွေက တက်သွားတယ်။ လူတွေ ခရီးသွား တာလာတာ
ခက်ခဲသွားတော့ ကုန်ပစ္စည်း တင်ပို့တာလည်း ခက်ခဲသွားတယ် ဆိုတော့ မြစ်ကြီးနား
ဈေးထဲမှာ အရောင်း အဝယ်ကလည်း ပါးသွားတာပေါ့။ အဝတ်အထည်ဆိုင် အစား
အသောက်ဆိုင်တွေမှာလည်း ပါးသွားတယ်။ ဒါတောင်
ခဏလေး အဖြစ် အပျက်အတွင်းမှာ ဒီလောက် ဖြစ်သွားတာ ဆိုတော့ ရေရှည်မှာ
ဆိုရင်တော့ စဉ်း စား ကြည့်တော့ပေါ့။ ဟိုးအရင်တုန်းက ဒုက္ခခံခဲ့ရတဲ့ လူတွေက
အခု ပြန်ဖြစ်မယ် ဆိုတော့ လန့်ကုန်ကြတယ်။ လုံးဝကို မဖြစ်စေချင်ဘူး။ အခု
လူတွေက တည်ငြိမ်တယ်။ ဖွံ့ဖြိုးတယ်၊ တိုးတက်တယ် ဆိုတာကို အတိုင်းအတာ တစ်ခု အထိ ခံစား သိရှိလာပြီ ဆိုတော့ ပြန်ပြီး ဖြစ်မှာကို ဘယ်သူမှ မလိုချင်ဘူး။
ဒီအစိုးရသစ် အနေနဲ့လည်း စစချင်း တိုက်ပွဲတွေကို ပြန်ပြီး ကိုင်တွယ်ရတယ်
ဆိုတော့ လူကြီးတွေလည်း ဒါကို မဖြစ်စေချင်တဲ့ ဆန္ဒ အမှန်တကယ် ရှိမှာပဲ။
အဲ့ဒါကြောင့် အစိုးရနဲ့ KIO နဲ့ ဆွေးနွေးပွဲက အောင်မြင်မယ်လို့ ထင်ပါတယ်။
နှစ်ဖက်သော လူကြီးတွေကိုလည်း ယုံတယ်လေ။ ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး
ရပြီးတဲ့နောက် အခုပြန်ပြီး တိုက်ကြ ခိုက်ကြဖို့ ဖြစ်လာတာမှာ တည်ငြိမ်
အေးချမ်းရေး အတွက် ဆွေးနွေး ဆောင်ရွက်တာက အခု ပထမဦးဆုံးပဲ။
မေး - အခု ကိုယ်တိုင် သွားခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးခဲ့ပါသလဲ။
ဖြေ - ဆွေးနွေးပွဲမှာ
နံပါတ် ၁က KIO ဘက်ကလည်း ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်တာကို လိုချင်တယ်။
နံပါတ် ၂ က ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်ဖို့အတွက် အပစ်အခတ် ရပ်စဲတာကို
ခိုင်ခိုင်မာမာ ဖြစ်ချင်တယ်။ လွှတ်တော်မှာ နိုင်ငံရေးအရ ဆက်လက်
ဆွေးနွေးသွားဖို့ KIO ဘက်ကလည်း အလေးအနက်ထားတယ်။ အားလုံးဟာ
အပြုသဘောဆောင်တဲ့ ဆွေးနွေးချက် တွေပါပဲ။ ကျွန်တော်တို့ ဘက်တော့ အပစ်အခတ်ကို
နားမယ်၊ ပြီးရင် KIO ကလည်း အရင်လို ဆက်ဆံရေးရုံးတွေ ပြန်ထိုင်မယ်။ ပြီးရင်
နောက်တစ်ဆင့် ထပ်ဆွေးနွေးမယ်။ သူတို့ဘက်ကလည်း ပစ်တာ ခတ်တာ ရပ်နားတာကို
ခိုင်ခိုင် မာမာ ဖြစ်ဖို့၊ လွှတ်တော်မှာ နိုင်ငံရေးအရ ဆက်လက်
ဆွေးနွေးသွားဖို့ကို အလေးအနက် ထားတယ်။ စစချင်း တွေ့ဆုံတာ မှာတော့
တောင်းဆိုတာတွေ မပါသေးဘူး။ အတိုက်အခိုက်ကို ရပ်စဲပြီးမှ ဒုတိယအကြိမ်
နောက်တစ်ဆင့် တက်ဆွေးနွေး တော့မှ တောင်းဆိုတာတွေ ပါလာမယ် ထင်တယ်။
ဒီဆွေးနွေးပွဲကတော့ အတိုက်အခိုက် ရပ်စဲပြီး ငြိမ်းငြိမ်း ချမ်းချမ်း
ဖြစ်သွားပြီးရင် နောက်တစ်ကြိမ် ထပ်ဆွေးနွေးဖို့ကို အခြေခံထားတာပေါ့။
သူတို့ဘက် ကလည်း အစိုးရသစ်ကို အကောင်း မြင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ
ဘယ်လို ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့် နေကြဦးမှာပေါ့။ ပြည်သူတွေကလည်း
ဒီလိုပဲပေါ့။ အခု ပြည်သူတွေ ရွေးတဲ့ အစိုးရ၊ ဒီမိုကရေစီနဲ့ သွားမယ့်
ကျွန်တော်တို့ နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စဆွေးနွေးနေပြီလေ။
နောက် တစ်ဆင့်ပြီး တစ်ဆင့် နိုင်ငံရေးအရ ဆွေးနွေးသွားရင် ဒီစနစ်က အခု
အစိုးရသစ်မှာ ပထမဦးဆုံး ဆောင်ရွက်တဲ့ ကျွန်တော်တို့ ပြည်နယ်ရဲ့ ကိစ္စထဲက
တစ်ခု ဖြစ်တာပေါ့။
မေး - ကချင် ပြည်နယ်မှာ ငြိမ်းချမ်းရေးက ဘယ်လောက် အရေးကြီးပါသလဲ။
ဖြေ - ငြိမ်းချမ်းရေးကတော့ မရှိမဖြစ်ပဲ။ ငြိမ်းချမ်းရေး မရှိရင် ဘာအပင် စိုက်စိုက် ခက်ခဲတာပေါ့။
ငြိမ်းချမ်းရေး ရရှိပြီးမှပဲ အဲ့အပေါ်မှာ ပညာရေးလည်း ကောင်းနိုင်တယ်၊
ကျန်းမာရေးလည်း ကောင်းနိုင်တယ်၊ စီးပွားရေးလည်း ကောင်းနိုင်မယ်၊ အကုန်လုံးက
အဲ့ဒီ ငြိမ်းချမ်းရေးကတော့ တစ်နိုင်ငံလုံး အတွက်ရော ကျွန်တော်တို့ ပြည်နယ်
အတွက်ရော တည်ငြိမ် အေးချမ်းမှုက အရေးကြီးဆုံး ဖြစ်တယ်။ ဒီတည်ငြိမ်
အေးချမ်းမှုက အမြဲတမ်း တည်တံ့ခိုင်မြဲမှပဲ ကျွန်တော်တို့ နိုင်ငံ
ကျွန်တော်တို့ ပြည်နယ်လည်း သူများနဲ့ ရင်ပေါင်တန်းပြီး တိုးတက်နိုင်မယ်။
အပစ်အခတ် ရပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့နဲ့ နောက်တစ်ဆင့်
ထပ်ဆွေးနွေးဖို့ ဆိုတာကိုတော့ နည်းနည်းလေးတော့ အချိန်ယူရဦးမယ်။
ဘာလို့ဆိုဒါက လူနှစ်ယောက် တည်း စကားများပြီး ရန်ဖြစ်ကြသလို ချက်ချင်းကြီး
ဆွေးနွေးပြောင်းလဲနိုင်တာ မဟုတ်ဘူးလေ။ သမိုင်းနဲ့ ဖြစ်ပျက်လာ တာကို
ဆွေးနွေးနိုင်ဖို့က တစ်ဆင့်ပြီး တစ်ဆင့်သွားရမှာ။
ဇင်မာဝင်း