အတင်း တိုးဝှေ့လိုက်သော လူအုပ်ရဲ့
အရှိန်ကြောင့် သူယိုင်လဲ တော့မလို ဖြစ်သွား သည်။ ဒါပေမဲ့ သံဆန်ခါကို
ဆုပ်ကိုင် ထားသော
သူလက်တို့ ပြုတ်မသွား။ တွဲကျနေသော အရေပြား၊ အရိုးသက် သက် သူလက်တို့မှာ
ဒီလောက် အားမာန် ကျန်နေဦးမည် (သို့မဟုတ်)ဒီလောက် ခွန်အား သစ်ထုတ် ရမည့်
အချိန် ရောက်လာဦးမည်ဟု မတွေးဖူး ခဲ့ပါ။ လက်ထဲ ရောက်လာ သော လျှောက်လွှာ
စာရွက်ကို ကျစ်ကျစ် ဆုပ်ရင်း မိတ္တူ ဆိုင်ရှေ့က သူ့လိုပင်သက်တူရွယ်တူ
ပင်စင်စား တွင်းဆုံးကျ လူအုပ်ထဲက တွန်းတိုက် ထွက်လာ ခဲ့သည်။
မိုးတဖွဲဖွဲကျနေသော မှိုင်းညှို့ညှို့
ရန်ကုန်မနက်ခင်းအောက်တွင် တိုးမြှင့်ပင်စင်လစာ တောင်းခံလွှာ စာရွက်
ကိုယ်စီဖြင့် ထီးဆောင်းရန်ပင် မေ့လျော့နေကြသော နိုင်ငံ
ဝန်ထမ်းဟောင်းအဖိုးအို၊ အမယ်အို များမှာ သူတို့ ကံကြမ္မာအား
မည်သူ့လက်ဝကွက်အပ်ရဦးမည် မသိဟူသော ခံစားချက်များကို ဖော်ပြ
နေသလိုပင်။”ဒီလိုမျိုး မျှော်လင့်မထားဘူး။ ပိုက်ဆံရမယ့်ကိစ္စ ပဲ။
ပျော်တာပေါ့။ ၁၉၇၇ မှာပင်စင်ရတယ်။ တစ်ဝက်ကို ရောင်းထားတာ။ အခု ၁၁၈ ကျပ်
ပြား ၅ဝ ပေါ့။ အဲဒါကို တစ်နှစ် တစ်ခါစု ထုတ်နေရ တာ။ လမ်းစရိတ်ပါပဲ။
ခုလိုအမိန့်ထွက်လာတော့ ဘဝမှာ တစ်ခါမှအများ ကြီး မရဖူးတဲ့ ပိုက်ဆံ
ကိုင်ရပြီပေါ့လေ” ဟု တုန်ရင်တိုးလျစွာ ပြောနေသော ပန်းဘဲတန်းမြို့နယ်မှ
အသက် ၈၆နှစ်အရွယ် ကုန်သွယ်ရေးဝန်ထမ်းဟောင်းအဖိုးအို၏ စကားသံ ချည့်နဲ့မှုက
အသက်အရွယ် ကြောင့် ဖြစ်မည်ထင်ပါသည်။
၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်ထုတ် နိုင်ငံ
ပိုင်သတင်းစာနှင့် ရုပ်သံများ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဝန်ကြီးရုံး၊ အမိန့်ကြော်ငြာစာ အမှတ် (၁ဝ၆/၂ဝ၁၁)
၂ဝ၁၁ ခုနှစ်ဇွန်လ ၃ဝ ရက် ရက်စွဲပါ နိုင်ငံဝန်ထမ်းများ၏ပင်စင်လစာများ
တိုးမြှင့်သတ်မှတ်ခြင်းနှင့် နိုင်ငံရေးပင်စင်လစာများအား
တိုးမြှင့်သတ်မှတ်ခြင်း၊ ထုတ်ပြန် ချက်များ ဖော်ပြပါရှိလာပြီးနောက်
တစ်ကြိမ်တစ်ခါမှ အလေးထားအာရုံစိုက်ခံရခြင်းမရှိခဲ့သည့် ပင်စင်စားလောကအတွင်း
ဆူပွက်လှုပ်ခတ် သွားခဲ့သည်။ ယင်းကြော်ငြာ စာနှင့် ပူးတွဲပါရှိသည့်
ပင်စင်လစာစာအုပ်နှင့် ယခင်ပင်စင်လစာခွင့်ပြုခဲ့သည့် အမိန့်စာများယူဆောင်၍
သက်ဆိုင်ရာရုံးဌာနများသို့ ကိုယ်တိုင်အမြန်ဆုံး ဆက်သွယ် သတင်းပို့
ဆောင်ရွက်သွားကြရန် နှိုးဆော်ထားသည့်အတွက် သက်ဆိုင်ရာမြို့နယ်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့် ကုန်သည်လမ်းပေါ်ရှိ ပင်စင်ရေးရာ
ဌာနများတွင် ဇူလိုင်လ ၄ ရက် နံနက်ခင်းမှစ၍ အဖိုးအို၊ အမယ်အိုများ
စုရုံးလာရောက်ခဲ့ကြသည်။ တချို့ကတစ်ဦးတည်း၊ တချို့ကသားသမီးများဖြင့်
ကူကာတွဲကာ။ ပုံစံစာရွက်များ အခမဲ့ ထုတ်ယူနိုင်ပါသည်ဟု သက်ဆိုင်ရာရုံးဌာန
အဝင်တံခါးတွင် စာကပ်ထားသော်ငြား ရန်ကုန်မြို့၏လာဘ်မြင်သော
မိတ္တူဆိုင်များတွင် အဖိုးအဖွား များမှာ အသက်အရွယ်နှင့်မမျှ
တိုးကြိတ်ဝယ်ယူနေကြသည်။
ပင်စင်ရုံးအဝတွင်လည်း
သံဘာဂျာတံခါးအတင်းစေ့ပိတ်၍ မရအောင်အလုအယက် လျှောက်လွှာ ဝင်ယူ နေကြသူများ
အပြည့်အသိပ်။ သို့ပေသည့်အားလုံးက ဒီအနေအထားကို နှစ်ပေါင်းများစွာ
အလေ့အကျင့်ရနေပုံပင်။”လက်ရှိအစိုးရသစ်ရဲ့ ထူးခြားတဲ့ အပြောင်းအလဲ
လုပ်ဆောင်မှုပါပဲ။ အရမ်းကောင်းပါတယ်။
သက်ကြီးပင်စင်လောက်သာ ထင်ထားတာ။
ဒီအတိုင်းဆိုအရမ်းကောင်းပါတယ်။ ဘယ်လိုတွက်ချက်ပေးမယ်ဆိုတာတော့ မသိဘူး။
ခုခက်တာက လျှောက်လွှာထုတ်ပြီး ဘာ ဆက်လုပ်ရမလဲမသိတာပဲ။ မိခင်ဌာနကို
ဆက်သွယ်သတင်းပို့ရမယ် ဆိုတာလည်း တာဝန်ထမ်းခဲ့တဲ့နေရာလား၊ တိုင်းဒေသကြီးလား၊
နေပြည်တော်ပဲသွားရမှာလား ဘယ်သူမှ သေသေ ချာချာ မညွှန်ဘူး။” ဟု လျှောက်လွှာ
လာထုတ်သည့်အသက် ၆၉ နှစ်ရှိ ပြန်ကြားရေးဝန်ထမ်းဟောင်းတစ်ဦးက ဝေဖန်
သည်။ရန်ကုန်မြို့အကျယ်ကြီးထဲတွင် စိတ်ရောကိုယ်ပါ
မည်သည့်အာရုံနောက်မှအလွယ်တကူ မလိုက်နိုင်တော့ သော သက်ကြီးရွယ်အိုများအတွက်
တစ်နေရာမှတစ်နေရာအရွေ့က ခတ်ခဲပင်ပန်းလွန်းပါသည်။ တချို့ကလျှောက်
လွှာများကိုင်ရင်း ဘဏ်များသို့ပြေးသည်။ ဟိုလူ့မေးဒီလူ့မေး
ဟိုနေရာတစ်စုဒီနေရာတစ်စု။ လက်ရှိအသားကျ လည်ပတ်နေသော ယန္တရားကြီးကတော့
အပြောင်းအလဲမရှိ ရွေ့လျားဆဲ။”ဒါနဲ့ပဲ ကြွေးထပ်တင်ဦးမယ် ထင်ပါရဲ့”ဟု
ကုန်သည်လမ်း ပင်စင်ဌာနရုံးမှ သက်ဆိုင်ရာဌာနသို့ သွားရန်ကားငှားနေသည့်
လမ်းလျှောက်တုတ်ဖြင့် တစ်လှမ်းချင်း မှေးလျှောက်နေရသော အသက် ၈၄ နှစ်ရှိ
ဆက်သွယ်ရေးဌာနမှ အငြိမ်းစားအရာရှိဟောင်း ဦးအုန်းမြင့်ကဆိုသည်။ ”
အဘက ပင်စင်နှစ်ခုပါ။
ဆက်သွယ်ရေးကပင်စင်ရယ်၊ တာဝန်ပေးချက်အရ မင်္ဂလာတောင်ညွှန်မြို့နယ်မှာ
မြို့နယ်တရားသူကြီးအဖြစ် ၈ နှစ်ထမ်းဆောင်ခဲ့တဲ့ တရားသူကြီး တာဝန်အတွက်
နိုင်ငံရေးပင်စင်ရယ်ပေါ့။ ဆက်သွယ်ရေးက ပင်စင် ၁၄ဝဝ ရတယ်။ နိုင်ငံရေးပင်စင်က
၅ဝဝ ရတယ်။ ဝန်ထမ်းဘဝတစ်လျှောက်လုံး ရိုးရိုးသားသားပဲ လုပ်ခဲ့တော့
အခုဆင်းရဲနေတာပေါ့။ အဘတို့က အခွင့်အရေးကို ဘာမှ မတောင်းခဲ့ဘူး။
မော်ကွန်းဝင်အဆင့်လည်းရခဲ့ပေမယ့် ဒါတွေနဲ့ပတ်သက်လို့ မခံစားခဲ့ရဖူးပါဘူး။
ဒါကတော့ ၁၉၉၁ ပင်စင်ယူခဲ့တဲ့နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးထူးထူးခြားခြား
ခံစားရတော့မယ့်အနေအထားပါ”ဟု အဘကအပြုံးဖြင့် ပြောသည်။
သေချာတာကတော့ အားလုံးပျော်နေကြသည်။
တက်ကြွနေကြသည်။ တစ်ချိန်တစ်ခါက တိုင်းပြည်၏တာဝန်များကို ကျရာကဏ္ဍအသီးသီးမှ
သူတို့ ထမ်းပိုး ထမ်းခဲ့ကြပြီးပြီ။ ကာလများစွာလည်း ငြိမ်သက် တိတ်ဆိတ်စွာ
သူတို့ ရှင်သန်နေခဲ့ကြ ပြီးပြီ။ထိုနေ့က … ပလက်ဖောင်း ပေါ်မှာ၊
လက်ဖက်ရည်ဆိုင်တွေမှာ၊ လမ်းပေါ်မှာ ဘဝတူတွေချင်း မိတ်ဖွဲ့ ကြ၊ မေးကြ၊
မြန်းကြ၊ ရနိုင်မည့် ငွေကြေးပမာဏကို အချင်းချင်း ငြင်း
ခုံဆွေးနွေးနေကြသည်မှာ ဘဝ တစ်လျှောက်လုံး မျိုသိပ်ထားကြရသမျှ
အကုန်ဖွင့်ထုတ်နေကြသလား ဟုပင် ခံစားမိသည်။”ဝန်ထမ်းဘဝနဲ့ မိသားစုကို
လုပ်ကျွေးခဲ့တာပါ။ ကုန်သွယ်ရေး အောက်က ပစ္စည်းဖြန့်ဖြူးရေးဌာနမှာ
စာရေးကြီးပေါ့။ ဒါပေမဲ့ ပင်စင်လစာနဲ့ မိသားစုကို
ဘာမှပြန်မလုပ်ပေးနိုင်ခဲ့ဘူး။ လူပိုတစ်ယောက်လိုနေခဲ့ရတယ်။
ခုတော့သင်္ချိုင်းခြေတစ်ဖက်လှမ်းချိန်ရောက်မှ မိသားစုအတွက် ပြန်
ထောက်ပံ့ပေးနိုင်တော့မယ်ထင်ပါတယ်။ ပင်စင်က ၃ဝဝ ကျော်ပါ။ အခု
ဘယ်လောက်ရမလဲမသိဘူး။ ကျန်းမာရေးလည်းမကောင်းတော့ သိပ်မလှုပ်ရှားနိုင်ပါဘူး။
မနည်းအားတင်းလာရတာ။ ကလေးတွေ ကလည်းမအားကြတော့ တစ်ယောက်တည်းလာတာ။
ဝမ်းသာပါတယ်။ မသေခင်လက်မတင်လေး ကံထတာထင်ပါရဲ့”ဟု လှည်းကူးမြို့နယ်မှ အသက်
၇ဝရှိ အဘိုးတစ်ဦးကလည်း ရင်ဖွင့်ခဲ့သည်။
အရွယ်နှင့်မလိုက်အောင် ဖျတ်လတ်တက်ကြွနေသော
အဘိုးအဘွားများကိုငေးရင်း ပင်စင်ဌာနရုံး ရှေ့မှာ ကျွန်တော်ကိုယ်တိုင်
ဝမ်းသာနေမိသည်။ သောင်းဂဏန်း၊ သိန်းဂဏန်း ခံစားခွင့်ရနေသော
ပင်စင်သမားများအတွက် မသိသာဟုဆိုနိုင်သော်လည်း ရာဂဏန်း၊ ထောင်ဂဏန်းနှင့်
လမ်းစရိတ် သာသာခံစားနေခဲ့ရသော ချို့တဲ့နိုင်ငံ့ဝန်ထမ်းဟောင်းများစွာ
အတွက်တော့ မင်္ဂလာတရားက ကိုယ် ထင်ပြသလိုပဲ ဖြစ်ပါလိမ့်မည်။”
လက်ရှိအနေအထားမှာ ဒီလို ရာဂဏန်း၊
ထောင်ဂဏန်းသမားတွေ လစဉ်ဖြစ်ဖြစ်၊ ပေါင်းပြီးဖြစ်ဖြစ်လာထုတ်နေတယ်ဆိုတာ
သူတို့ဒီအပေါ်မှာမှီခိုနေရဆဲမို့လို့လို့ တွေးလို့ ရပါတယ်။ တကယ့်ကို
လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်တာပါပဲ။ အခက် အခဲရှိတဲ့သူအတွက်
သိပ်ကိုအကျိုးရှိပါတယ်။ စဉ်းစားရမှာက ဒီကစီးပွားရေးဈေးကွက်အရ
လူတွေပိုရလာပြီး လစာတွေ တိုးပြီဆိုရင် ကုန်ဈေးနှုန်းတွေတက်လာမလား။ အဲဒီလို
စိုးရိမ်နေကြတာတွေလည်း ရှိကြတယ်။
အခုကဒီပင်စင်စားတွေဘယ်လောက် ရှိတယ်။
သူတို့ကိုပေးမယ့် ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးပမာဏဘယ်လောက် ရှိမယ်ဆိုတာ
တိတိကျကျမသိတော့ အစိုးရအနေနဲ့ လည်း ဒီအပိုင်းကို စဉ်းစားထားမယ်ထင်ပါတယ်” ဟု
ယခုအပြောင်းအလဲတွင် ခံစားခွင့်ရသူတစ်ဦးဖြစ်သည့် အငြိမ်းစားစီးပွားရေး
ပါမောက္ခဆရာမကြီးတစ်ဦးက သုံး သပ်သည်။ လက်ရှိအစိုးရသစ်အနေဖြင့်
နိုင်ငံဝန်ထမ်းများနှင့် ပင်စင်စားများ၏လစာကို လိုအပ်သည့်အချိန်တွင်
ထိုက်သင့်သလို တိုးမြှင့်ဆောင်ရွက်ပေးမည်ဟု ဆိုခဲ့သည့် ကတိကဝတ်ကို
အကောင်အထည်ဖော်ခဲ့သည့်နည်းတူ လစာတိုးတိုင်း ကုန်ဈေးနှုန်းများလိုက်ပါ
မြင့်တက်နေသည့် အသားကျကစားပွဲများကိုလည်း အဆုံးသတ်ချိန်တန်ပြီဟု
ဆိုချင်ပါသည်။
အစိုးရသစ်နှင့်အတူပေါ်ထွန်း လာပြီဖြစ်သော
အကြံပေးအဖွဲ့များမှ ပညာရှင်များကလည်း လက်ရှိတိုင်းပြည်၏ တစ်ဦးချင်း
ဝင်ငွေနှင့် ကိုက်ညီသော၊ လက်လှမ်းမီသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများ
တည်ငြိမ်စေရေးဆောင်ရွက်ရန် အကြံပေးနိုင်တော့မည်ဟု မျှော်လင့်ပါသည်။
”ကျွန်မတို့ ပညာရေးလောကမှာတော့
နှစ်တိုင်းကိုယ့်တပည့်တွေ ကန်တော့ကြတာကလည်း ပင်စင်ထက်ပိုရပါတယ်။ ကိုယ်ကလည်း
ရှေ့ကဆရာ၊ ဆရာမကြီးတွေကို ကန်တော့နေ ကျပါ။ ပြောရမယ်ဆိုရင် အရင်တုန်းကတည်းက
တောက်ခဲ့တဲ့တိမ်တွေလည်း ရှိပါတယ်။ ဒီအချိန်မှာ လက်ရှိဝန်ထမ်းတွေရော
လစာတိုးမှာလား၊ ပုဂ္ဂလိက တွေရော တိုးမှာလား ဆိုတာကတော့ ခုခေတ်သူ့ဟာနဲ့သူ
ပေးနေကြတဲ့အတိုင်း အတာလည်းများကြပါတယ်။ ဒီပင်စင်စားတွေတိုးတာနဲ့တော့
မဆိုင်ပါဘူး။ ကျွန်မအနေနဲ့တော့ ခု ဇူလိုင်ကစပြီး
ပထမဆုံးတိုးမြှင့်ခံစားရမယ့်ပင်စင်ကို သူတစ်ပါးလည်း ဝမ်းမြောက်ရအောင်
ပင်စင်လိုခံစားခွင့်လည်းမရှိတဲ့ အမှီအခိုနည်းတဲ့ ဝန်ထမ်းတစ်ဦးဦးကို
လှူဒါန်းဖို့ စိတ်ရှိပါတယ်” ဟု ဆရာမကြီးက ဆက်လက်ပြောသည်။
ကျွန်တော်လည်း ဝမ်းသာပါသည်။
နောက်ကြိုဆိုပါသည်။ သို့သော် စလုံးရေ သည် အခုမှစခြင်းသာ။ ‘စောင့်ကြည့်ပါ’
ဟု ဆိုခဲ့ သည့် အစိုးရသစ်၏ သုံးလတာသက်တမ်းအတွင်း ပထမဆုံးသိသာ ထင်ရှားသည့်
လုပ်ဆောင်ချက်တစ်ခုအဖြစ်တော့ သမိုင်းကလက်ခံရပေလိမ့်မည်။
လက်ခုပ်တီးသင့်ချိန်တွင်တော့ ကျွန်တော်တို့
လက်ခုပ်တီးရပါလိမ့်မည်။အာမခံချက်၊ ကာကွယ်စောင့်ရှောက်မှုနှင့်
လုံခြုံမှုအပြည့်ရှိ သော လူ့ဘောင်သစ်တစ်ခုအတွက် ကျွန်တော်တို့
ရှေ့ဆက်တိုးရဦးမည်။ အရာရာတိုင်းတွင် အဆုံးသတ်ရှိသော်ငြား
နေဝင်ချိန်တိုင်းတော့ တိမ်မတောက်တတ်ပါ။
အကျည်းတန်သူများပင် လှသည်ဟုဆိုကြသော
တိမ်တောက်ခြင်းများထဲ၌ လက်ငါးချောင်းမပြည့်သော ခံစားခွင့် အနည်းငယ်ဖြင့်
ချို့တဲ့နွမ်းပါးစွာ ရှင်သန်နေခဲ့ရသော နိုင်ငံ့ဝန်ထမ်း ဟောင်းများ အတွက်
ယခု နေညိုချိန် တိမ် တောက်ခြင်းကတော့ အလှဆုံးဖြစ် မည်ဟု ကျွန်တော်
ယုံကြည်နေမိသည်။
အောင်ခွန်းဆက် (ပေါ်ပြူလာ)