xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပိတ်ဆို့မှုရှင်းတမ်း ( ၁ )
Tuesday, February 15, 2011
ပိတ်ဆို့မှုရှင်းတမ်း ( ၁ )
ဖေဖော်ဝါရီလ (၈) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် NLD ၏ "မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုများ" ဟု ခေါင်းစဉ် တပ်ထားသော စာတမ်းအပေါ် ကျွန်တော်၏ လေ့လာဆန်းစစ် တွေ့ရှိချက် အချို့ကို "ပိတ်ဆို့မှု၊ ဒေါ်စုကြည်နှင့် NLD" ဆို သော ဆောင်းပါးဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဩစတေးလျနှင့် နယူးဇီလန် စသော အနောက်နိုင်ငံများက ချမှတ် ထားသော ပိတ်ဆို့မှုများနှင့် ပတ်သက်၍ သဘောထား အမျိုးမျိုး ထွက်ပေါ်လာနေသည်ကို တွေ့ရ၏။ မြန်မာနိုင်ငံ၌ စစ်ဘက်က အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူအများ ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီ အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာနေပြီ ဖြစ်ရာ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဦးတည် ရည်ရွယ်ချမှတ်ထားပါသည် ဆိုသည့် ပိတ်ဆို့မှုများကို ဖယ်ရှားသင့်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းများဖြစ်သည့် အာဆီယံ နိုင်ငံများက လည်းကောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တရားဝင် နိုင်ငံရေး ပါတီများကလည်းကောင်း တောင်းဆိုခဲ့ကြသည်။ မှတ်သား ဖွယ်ကောင်းသည်မှာ ပိတ်ဆို့မှုကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည့် နိုင်ငံရေး ပါတီများမှာ လွှတ်တော် ကိုယ်စားလှယ်နေရာ အများစု ရရှိထားသည့် နိုင်ငံရေး ပါတီကြီးနှင့် လည်းကောင်း၊ အစိုးရအဖွဲ့နှင့် လည်းကောင်း နီးစပ်ခြင်း မရှိသည့် အပြင် အစိုးရနှင့်လည်း သဘောထားချင်း အမြဲတိုက်ဆိုင်သည်ဟု မဆိုနိုင်သော ပါတီများ ဖြစ်နေခြင်းပင်။ ထို့အပြင် ယင်းပါတီများ တွင် တိုင်းရင်းသား လူမျိုးစုပါတီများ လည်းပါဝင်နေ သည်ကို တွေ့ရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားသင့်ကြောင်း သဘောထားအမြင် ရှိသူများမှာ မြန်မာ အစိုးရ အာဏာပိုင် အဖွဲ့တစ်ခုတည်းသာ မဟုတ်ဘဲ မြန်မာ့နိုင်ငံရေး အခြေအနေကို နီးနီးကပ်ကပ် လေ့လာသိရှိ ရသော ဒေသတွင်း အိမ်နီးချင်း နိုင်ငံများ၊ မြန်မာနိုင်ငံအတွင်း ဒေသအသီးသီး၊ တိုင်းရင်းသား လူမျိုးစု အသီးသီး၊ လူတန်းစားအလွှာ အသီးသီး၊ နိုင်ငံရေးအမြင် အသီးသီးကို ကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်နေကြသည် ဖြစ်ရာ ကျယ်ပြန့်သော အခြေခံ (Broad Based) ရှိသည့် အမြင်တစ်ရပ် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဦးဆောင်ချမှတ်သည့် နိုင်ငံဖြစ်သော အမေရိကန်က ပိတ်ဆို့မှုများ ကို ဆက်လက်ထားရှိဦးမည်ဟု ထုတ်ဖော်ပြောကြားခဲ့သကဲ့သို့ ယခုအခါ ဥပဒေကြောင်းအရ တရားဝင် ရပ်တည်ခွင့် မရှိ တော့ပြီ ဖြစ်သည့် NLD ကလည်း အထက်တွင် ဖော်ပြခဲ့သည့် စာတမ်းတစ်စောင်ကို ထုတ်ပြန်ကာ ပိတ်ဆို့မှုဘက်မှ ကာကွယ်ပြောကြားခဲ့သည်ကို တွေ့ရပြန်သည်။
ဤသို့ ပိတ်ဆို့မှုနှင့်ပတ်သက်၍ ဆက်ထားသင့်သည်၊ ဖယ်ရှားသင့်သည်ဟု ငြင်းခုံနေကြရာတွင် အများပြည်သူများအတွက် မိမိတို့ကိုယ်တိုင် ယထာဘူတကျစွာ စဉ်းစားဆင်ခြင် သုံးသပ်နိုင်ရန် သိရှိနားလည်ထားသင့်သော အချက်များကို "ဆိုရေးရှိ က ဆိုအပ်လှ၏" ဆိုသကဲ့သို့ ဤဆောင်းပါးဖြင့် ဆက်လက်တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
ပိတ်ဆို့မှု၏ အခြေခံ အတွေးအခေါ်သဘောတရား
ဤနေရာ၌ ပိတ်ဆို့မှုသည် ကောင်းသော လုပ်ရပ်တစ်ခု ဟုတ်သည် မဟုတ်သည်ကို ဝိဝါဒကွဲ၍ ငြင်းခုံကြရန် မရှိပါ။ လူတစ်ဦး တစ်ယောက်ကိုဖြစ်စေ၊ လူအများကိုဖြစ်စေ စားဝတ်နေရေး၊ စီးပွားရေး အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းများ၌ လုပ်ကိုင်ခွင့်မရအောင်အခက်အခဲ အကျပ်အတည်း ဖြစ်အောင် ပိတ်ဆို့တားမြစ် တားဆီးထားခြင်းသည် မကောင်းသော အပြုအမူ ဖြစ်သည်ကို လူမှန်းသိတတ်စ ကလေးသူငယ် အရွယ်များပင်လျှင် နားလည်ကြပါသည်။
သို့စင်လျက် နိုင်ငံ တစ်နိုင်ငံက အခြားနိုင်ငံအပေါ် Economic Sanction ဟု ခေါ်သည့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများကို ချမှတ်ကြပါသည်။ ဤနေရာ၌ စီးပွားရေး ပိတ်ဆို့မှုကို စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး စသည့် ကဏ္ဍ အသီး သီးတွင် သုံးစွဲမှုများ ရှိကြသော်လည်း နိုင်ငံတကာ ဆက်ဆံရေး သို့တည်းမဟုတ် နိုင်ငံခြားရေး ကဏ္ဍ၌ သုံးစွဲမှုကိုသာ ရွေး ထုတ်၍ လေ့လာတင် ပြပါမည်။
စီးပွားရေး ပိတ်ဆို့မှုကို နိုင်ငံခြားရေး မူဝါဒ၏ လက်နက်ကိရိယာ (Instrument of Foreign Policy) တစ်ခုအဖြစ် အသုံးပြု လေ့ ရှိကြပါသည်။ ထိုသို့ အသုံးပြုခြင်းမှာလည်း ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စစ်အေးကာလမှ စ၍ သိသိသာသာ ပိုမိုများ ပြားလာခဲ့ပြီး ယင်းတို့အနက် အများစုမှာ အမေရိကန် နိုင်ငံက ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။
ယေဘုယျ အားဖြင့် စီးပွားရေး ပိတ်ဆို့မှုကို အင်အားကြီးသော နိုင်ငံက အင်အားငယ်သော နိုင်ငံအပေါ် ချမှတ်ဆောင်ရွက်ပြီး ပစ်မှတ်နိုင်ငံ၏ အပြုအမူ၊ မူဝါဒ တစ်ရပ်ရပ်အား ပိတ်ဆို့သူ နိုင်ငံ၏ အလိုကျ ဖြစ်စေရန် အတွက်သော်လည်းကောင်း၊ အန္တိမ ရည်မှန်းချက် အနေဖြင့် ပိတ်ဆို့သူ နိုင်ငံနှင့် အဆင်မပြေသော၊ ဆန့်ကျင်သော၊ အောက်ကျို့တပည့်ခံခြင်း မရှိသော ပစ်မှတ် နိုင်ငံ၏ အစိုးရ ပြုတ်ကျပြီး ၎င်းတို့ အလိုကျ အစိုးရတစ်ရပ်နှင့် ပြောင်းလဲအစားထိုးရန် (Regime Change) အတွက်သော် လည်းကောင်း ပြုလုပ်လေ့ရှိကြသည်။
ထိုသို့ လုပ်ဆောင်ရာ၌ နည်းလမ်းအဖြစ် အတင်းအကျပ် ဖိအားပေးမှု (Coercion)ကို အသုံးပြုသည်။ အတင်းအကျပ် ဖိအား ပေးမှု ဆိုသည်ကို ပွင့်ပွင့်လင်းလင်းနှင့် ရှင်းရှင်းပြောရလျှင် ပစ်မှတ်နိုင်ငံမှ ပြည်သူများကို ငတ်ပြတ်ဆင်းရဲအောင် အတင်း အဓမ္မ လုပ်ဆောင်ပြီး ယင်းပြည်သူတို့က လက်ရှိအစိုးရအပေါ် မကျေမနပ်ဖြစ်ကာ ဆူပူအုံကြွအောင် လုပ်ဆောင်မည်။ ပစ်မှတ်အစိုးရက ယင်းဆူပူမှုဒဏ်ကို မခံနိုင်၍ ပြုတ်ကျလျှင် ပြုတ်ကျ၊ ပြုတ်မကျလျှင်လည်း ပိတ်ဆို့သူ အလိုကျ လိုက် လျော အလျှော့ပေးစေရမည် ဟူသော အခြေခံ သဘောတရားဖြစ်သည်။ လိုရင်းဆိုရလျှင် ပြည်သူကို အထိနာအောင် လုပ် ပြီးမှ အစိုးရကို ထိန်းချုပ် / ဖြုတ်ချမည့် သဘောပင်တည်း။ တစ်နည်းဆိုသော် သားသမီး၏ လည်မျိုကို ဓားဖြင့်ထောက် ၍ မိဘ ကို အကျပ်ကိုင်သည့် နိုင်ငံရေး ပြန်ပေးဆွဲ အနိုင်ကျင့်မှု (Political Blackmail) ပင် ဖြစ်လေသည်။ ထို့ကြောင့် ပိတ်ဆို့ မှုဟူသည် ပြည်သူနာမှ ထိရောက်နိုင်သည်။
သို့သော် ဤအခြေခံသဘော ထင်ရှားလှသော်လည်း ပိတ်ဆို့သည့် နိုင်ငံများကမူ မည်သည့်အခါမျှ ထိုသဘောတရားကို လူသိရှင်ကြား ထုတ်ဖော်လေ့ မရှိပေ။ ယင်းအစား မိမိတို့၏ ပိတ်ဆို့မှုသည် ပစ်မှတ်နိုင်ငံမှ ပြည်သူလူထုကို မထိခိုက်ပါ။ သို့မဟုတ် ထိခိုက်မှု အလွန် နည်းပါသည်ဟု ဆိုလေ့ရှိကြသည်။ လူသားခြင်းစာနာသူတို့က ပိတ်ဆို့မှုများသည် အပြစ်မဲ့ပြည်သူများနှင့် ကလေးသူငယ် များကို ဆိုးရွားစွာ ထိခိုက်စေကြောင်း(အီရတ်စစ်ပွဲနောက်ပိုင်း၌) ခိုင်ခိုင်မာမာ လေ့လာဖော်ထုတ် သက်သေပြ ကန့်ကွက်လာ ကြသောအခါ ပိတ်ဆို့သူများက လေသံပြောင်းသွားပြီး မိမိတို့၏ ပိတ်ဆို့မှုသည် ပစ်မှတ်ရွေးချယ် ပိတ်ဆို့မှု ဖြစ်ပါသည်။ မသက်ဆိုင်သူများကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားထား ပါသည်ဟု ဆိုကြပြန်သည်။ သို့ရာတွင် အထက်ဖော်ပြ ခဲ့သည့် ပိတ်ဆို့မှု၏ အခြေခံ သဘောတရားအရ မည်သည့် ပိတ်ဆို့မှုမျှ ပြည်သူမနာလျှင် မထိရောက်နိုင်ပေရာ ယင်းတို့၏ ပစ်မှတ်ရွေးချယ် ပိတ်ဆို့မှုဟူသည်မှာလည်း “ကတ္တီပါ အိတ်စွပ်ထားသော သံတုတ်” မျိုးသာ ဖြစ်လေ့ရှိပြီး တစ်နည်းနည်းဖြင့် ပြည်သူကို ထိခိုက်စေသည်သာဖြစ်ကြောင်း လေ့လာသူ ပညာရှင်များက ကောက်ချက် ချလေ့ရှိကြသည်။ ဤအချက်များကို ဆက်၍ လေ့လာသွားပါမည်။
ပိတ်ဆို့မှုက မြန်မာပြည်သူများကို မည်မျှထိခိုက်၍ ပိတ်ဆို့သူအတွက် မည်မျှ ထိရောက်မှုရှိသနည်း
NLD ၏ စာတမ်း ပထမအပိုဒ်၌ မေခွန်းအချို့ ပါရှိရာ ယင်းမေးခွန်းများကို အုပ်စုခွဲပါက ပိတ်ဆို့မှုကြောင့် မြန်မာပြည်သူများ အပေါ် ထိခိုက်မှု ရှိ/မရှိ ဟူသောအချက်နှင့် ပိတ်ဆို့မှုက ပိတ်ဆို့သူ၏ ရည်ရွယ်ချက်ကို ထိရောက်စွာ ဖြည့်စွမ်းနိုင်မှု (တစ်နည်း) ထိရောက်မှု ရှိ/မရှိဟူသော အချက်ဟူ၍ အုပ်စုနှစ်စု ခွဲနိုင်ပါသည်။
အဆိုပါ မေးခွန်း အုပ်စုနှစ်စုနှင့် ပတ်သက်၍ ယင်းစာတမ်း၌ ပိတ်ဆို့မှုကြောင့် မြန်မာ လူထုအပေါ် ထိခိုက်မှုမရှိ (သို့မဟုတ်) အနည်းအကျဉ်း ရှိခဲ့သည့်တိုင်အောင် မဆိုသလောက်မျှသာဖြစ်သည်ဟု ကာကွယ် ပြောကြားထားပြီး ပိတ်ဆို့မှုသည် မည်မျှ ထိရောက် အောင်မြင်သည် ဟူသောအချက်ကို“ဆင်ဝှေ့ရန်ရှောင်” ပြုကာ ဖုံးဖုံးဖိဖိ လုပ်ထားသည်ကို တွေ့ရပါသည်။
ပိတ်ဆို့မှုကြောင့် မြန်မာလူထုအပေါ် ထိခိုက်မှု
ဤကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ ပိတ်ဆို့မှုများ၏ ထိခိုက် သက်ရောက်မှုအပေါ် စနစ်တကျ လေ့လာထားသော အနောက် နိုင်ငံမှ ပညာရှင် ကျွမ်းကျင်သူ ပုဂ္ဂိုလ်တစ်စု၏ အစီရင်ခံစာမှ ထုတ်နုတ်၍ တင်ပြလိုပါသည်။ NLD ၏ စာတမ်း၌ “အများ၏ လေးစားမှုကို ခံယူရရှိပြီုးဖြစ်သော ပညာရှင်အဖွဲ့တစ်ခုက စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးအပြစ်များကို လေ့လာ ဆန်းစစ်နိုင်မည် ဆိုပါလျှင် အဆိုပါ ဆွေးနွေးမှုများကို များစွာ အထောက်အကူပြု အကျိုးရှိ စေမည်ဖြစ်ပါသည် ” ဟူ၍ ပါရှိရာ ယခုတင်ပြမည့် ပညာရှင်အုပ်စု၏ သဘောထားကို အလေးထား နိုင်လိမ့်မည်ဟု ယူဆပါသည်။
ယင်းပညာရှင် အုပ်စုမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်ရာတွင် ပါဝင်သည့် ဗြိတိန်နိုင်ငံမှ ဖြစ်ပြီး သာမန် အနုညာတ ပုဂ္ဂိုလ်များ မဟုတ်သကဲ့သို့ ယင်းတို၏ လုပ်ငန်းတာဝန်မှာလည်း ဗြိတိသျှအစိုးရကို မူဝါဒရေးရာ အကြံပြုခြင်းဖြစ်ရာ မြန်မာ အစိုးရအပေါ်၌ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း မရှိနိုင်သကဲ့သို့ အစီရင်ခံစာ၏ သုံးသပ် ဖော်ထုတ်ချက်များ တိကျမှန်ကန် လေးနက်မှု တန်ဖိုး အပေါ်၌လည်း အငြင်းပွားဖွယ် ရှိမည်မထင်ပါ။
ယင်းအစီရင်ခံစာ၏ ခေါင်းစဉ်မှာ “The Impact Economic Sanction” (စီးပွားရေးပိတ်ဆို့ ပြဋ္ဌာန်းမှုများ၏ ထိခိုက်သက် ရောက်မှု) ဖြစ်ပြီး အီရတ်၊ အီရန်၊ မြောက်ကိုရီးယား၊ မြန်မာ၊ ကျူးဘား စသောနိုင်ငံများ၌ အနောက်အုပ်စု နိုင်ငံများက ချမှတ်ထားသည့် ပိတ်ဆို့မှုများ၏ ထိခိုက် သက်ရောက်မှုများကို စနစ်တကျ လေ့လာ သုတေသန ပြုထားသော အစီရင်ခံစာ ဖြစ်ပါသည်။
အစီရင်ခံစာ ပြုစုသည့် အဖွဲ့အစည်းမှာ ဗြိတိသျှ အထက်လွှတ်တော် စီးပွားရေးရာ အထူးကော်မတီ(House of Lords, Slect committee on Economic Affairs) ဖြစ်ပြီး ယင်းကော်မတီ ဥက္ကဋ္ဌမှာ Lord Wakeham ဖြစ်ပါသည်။ Lord Wakeham သည် ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ လက်ထက်မှ စ၍ အောက်လွှတ်တော် အမတ် လူများစု ခေါင်းဆောင်၊ ဘဏ္ဍာရေး ဝန်ကြီး စသည့် နိုင်ငံရေး ရာထူးတာဝန်များကို နှစ်ရှည်လများ ထမ်းဆောင်ခဲ့သူဖြစ်ကာ အထက်လွှတ်တော်၌လည်း အထက်လွှတ်တော် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး ကိစ္စ၌ ခေါင်းဆောင်အဖြစ် ယုံကြည်စွာ တာဝန်ပေး ခံခဲ့ရသူဖြစ်ရာ အများလေးစား ခံရမှု၌ ဆိုဖွယ်ရာ မရှိသူ ဖြစ်ပါသည်။ ယင်းကော်မတီ၌ လူလေးစားခြင်း ခံရသည့် အထက်လွှတ်တော် အမတ်(၁၆)ဦး ပါဝင်ခဲ့ပြီး ကျွမ်းကျင်သူ ပညာရှင်ဖြစ်သည့် အရစ္စတိုးလ် တက္ကသိုလ်မှ ပါမောက္ခဒေါက်တာ အီရစ်ဟာရင်း (DR. Eric Herring)ကလည်း အထူးအကြံပေး ပညာရှင်အဖြစ် ထောက်ကူထားသည့် အတွက် ပညာရပ်ပိုင်း ဆိုင်ရာ၌လည်း လစ်ဟာမှုမရှိဟု ဆိုနိုင်ပါသည်။
ယင်းကော်မတီသည် လူပုဂ္ဂိုလ် သက်သေအဖြစ် တက္ကသိုလ်ကြီးများမှ ပါမောက္ခများ၊ ထင်ရှားသော နိုင်ငံတကာ သုတေသီ များ၊ အငြိမ်းစား သံတမန်များ၊ ကုလသမဂ္ဂ အရာထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ လွှတ်တော် အမတ်များ၊ လူသားချင်း စာနာမှုဆိုင်ရာ ကျွမ်းကျင်သူများ၊ အစိုးရ မဟုတ်သော ပရဟိတ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း သုံးဆယ် နီးပါးခန့်နှင့် စာရွက်စာတမ်းများ၊ အီးမေးလ်၊ တယ်လီဖုန်း စသည်ဖြင့် မေးမြန်းမှုများ ကျယ်ပြန့်စွာ ပြုလုပ် ခဲ့ပြီးမှ ပြုစုရေးသားခြင်း ဖြစ်၍ အကြောင်းအရာ ခိုင်လုံမှု၌လည်း အားကိုးအားထား ပြုနိုင်ပါသည်။
ယင်းကော်မတီ၏ ၂၀၀၇ ခုနှစ် မေလ (၉) ရက်နေ့တွင် ထုတ်ဝေသည့် အစီရင်ခံစာမှ အကျဉ်းချုပ် ကောက်ချက် (Abstract) ၌ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖော်ပြချက် အချို့ကို အောက်၌ ဖော်ပြလိုက်ပါသည်။
“In the case of Burma, Sanctions are said to be targeted but are nevertheless wide enough in their impact to hurt the general population”.
အထက်ပါ စာကြောင်းအား အလွတ်သဘော ဘာသာပြန်ဆို ဖော်ပြရမည် ဆိုပါက ‘‘မြန်မာနိုင်ငံကိစ္စတွင် ပိတ်ဆို့ ပြဋ္ဌာန်း မှုများသည် ပစ်မှတ် ရွေးချယ်ပြီးမှ ဆောင်ရွက်ခဲ့သည်ဟု ဆိုသော်ငြားလည်း လူထု တစ်ရပ်လုံးကို ထိခိုက် ခံစားရစေနိုင် လောက်အောင် ယင်းပိတ်ဆို့မှုများက ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှု ရှိခဲ့သည်’’ ဟု ဖြစ်၏။ အသေးစိတ် တွေ့ရှိဖော် ထုတ်ချက်များကို သိရှိလိုပါက အင်တာနက်ပေါ်တွင် ဤအစီရင်ခံစာကို အလွယ်တကူ ရှာဖွေ ကြည့်ရှုနိုင်ပါသည်။
မြန်မာနိုင်ငံကို ပိတ်ဆို့ထားမှုများသည် မြန်မာ ပြည်သူလူထုအပေါ် အမှန်တကယ် ထိခိုက် သက်ရောက်စေခဲ့ကြောင်း သက်သေရှာမည်ဆိုလျှင် ခပ်ဝေးဝေး၌ ထပ်မံ၍ ရှာစရာမလိုပါ။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားသည့် အနောက် နိုင်ငံများမှ နိုင်ငံခြားရေးဌာန တာဝန်ရှိသူများကိုယ်တိုင် ၀န်ခံထားပြီး ဖြစ်ပါ၏။
Mr. Daley က ဆက်လက်၍ ပြောကြား ထွက်ဆိုခဲ့ရာတွင် ‘‘ပိတ်ဆို့မှုသည် ကံဆိုးလှစွာပင် သာမန် ပြည်သူလူထုကိုလည်း ထိခိုက်စေခဲ့ကြောင်း၊ ယခု ဒုက္ခရောက်နေသော ပို့ကုန်လုပ်ငန်းများ အထူးသဖြင့် အထည်ချုပ် လုပ်ငန်းများ ဖျက်သိမ်းရမှု ကြောင့် အလုပ်လက်မဲ့များ သိသိသာသာ တိုးပွားလာစေမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌လည်းကောင်း၊ နယ်စပ်ကို ကျော်၍ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် လည်းကောင်း တရားမ၀င် ဥပဒေမဲ့ အလုပ်များကို ရှာဖွေရသူ အရေအတွက် ရုတ်ချည်း တိုးမြင့် သွားနိုင်ကြောင်း၊ နိုင်ငံတကာ အစိုးရ မဟုတ်သော ပရဟိတ အဖွဲ့များ၏ စိုးရိမ်စွာ ပြောကြားမှုကို မှတ်သားမိပါကြောင်း၊ ပိတ်ဆို့မှုများ စတင်သည့် ပထမ လမှာပင် အထည်ချုပ် လုပ်ငန်းမှ အလုပ်အကိုင်ပေါင်း လေးသောင်းကျော် ဆုံးရှုံး သွားခဲ့ရ သည်ဟု မိမိတို့ ခန့်မှန်းမိပါကြောင်း၊ ရေရှည်တွင် အထည်ချုပ် လုပ်ငန်းမှ စုစုပေါင်း အလုပ်အကိုင် တစ်သိန်းခန့် ဆုံးရှုံးဖွယ်ရှိပြီး ယင်းအလုပ်တွင် လုပ်ကိုင်နေခဲ့သူ အများစုမှာ အမျိုးသမီးငယ်များ ဖြစ်ကြောင်း၊ ဤအမျိုးသမီးများ၏ ကံကြမ္မာနှင့် ပတ်သက်၍ အချို့သော ပရဟိတ အဖွဲ့များ၏ စိုးရိမ် ပူပန်မှုများမှာ အမှန်ခိုင်မာမှု ရှိကြောင်း ယုံကြည်ရသည့် အစီရင်ခံစာများကို ကျွန်ုပ်တို့ ရရှိခဲ့ပြီး ယင်းအမျိုးသမီးများ အနက်မှ အချို့မှာ ငွေရလွယ်သော လိင်မှုနှင့် ဖျော်ဖြေရေး လုပ်ငန်းများသို့ ရောက်ရှိသွားခဲ့ ကြောင်း’’ ၀န်ခံခဲ့ပါသည်။
(ဤကိစ္စနှင့် ပတ်သက်၍ NLD ၏ စာတမ်း၌ မလွှဲသာ၍ ၀န်ခံခဲ့သော်လည်း ယခုအခါ ဘာမျှ အရေးမကြီးတော့ လေဟန်ဖြင့် ခပ်ဖော့ဖော့ ရေးသားထည့်သွင်းခဲ့ကြောင်း တွေ့ရပါ၏၏ ယင်းအချက်များကို နောက်ပိုင်းတွင် ထပ်မံ စိစစ် လေ့လာတင်ပြ သွားပါမည်။)
သို့ဖြစ်ရာ ပိတ်ဆို့များသည် မြန်မာပြည်သူလူထု အခြေခံ လူတန်းစားများကို မည်သို့မည်ပုံ ထိခိုက်စေခဲ့သည်ကို အနောက် နိုင်ငံမှ ပညာရှင်များ၊ လူအများ လေးစားလောက်သည့် ပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများ ကိုယ်တိုင် ထုတ်ဖော်ခဲ့ပြီးဖြစ်၍ အနောက်ဘက်က ပြောမှ ယုံကြည်နိုင်သောသူများ လက်မခံ လိုသည့်တိုင် ငြင်းရခက် နေပေတော့ မည်ဟု ထင်မိပါ၏။
ရန်ကြီးအောင်
(ဆက်လက်ဖော်ပြပါမည်။)
(၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ထုတ်၊ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၈)မှ ဆောင်းပါးရှင် ရန်ကြီးအောင်၏ ဆောင်းပါးအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)