xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အထူးစီးပွားရေးဇုန်များ၌ လုပ်ငန်းကျွမ်းကျင်ရန် မလိုသည့်နေရာများ တွင် မြန်မာနိုင်ငံသားများကိုသာ ခန့်ထားရမည် ကျွမ်းကျင်မှုဆိုင်ရာ နေရာများတွင်လည်း သတ်မှတ်ထားသည့် ရာခိုင်နှုန်းအလိုက် နိုင်ငံ သားဝန်ထမ်းများ ခန့်ထားရမည်ဟု သိရ

Wednesday, February 16, 2011

အထူးစီးပွားရေးဇုန်များ၌ လုပ်ငန်းကျွမ်းကျင်ရန် မလိုသည့်နေရာများ တွင် မြန်မာနိုင်ငံသားများကိုသာ ခန့်ထားရမည် ကျွမ်းကျင်မှုဆိုင်ရာ နေရာများတွင်လည်း သတ်မှတ်ထားသည့် ရာခိုင်နှုန်းအလိုက် နိုင်ငံ သားဝန်ထမ်းများ ခန့်ထားရမည်ဟု သိရ

မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေ အရ အထူးစီးပွားရေး ဇုန်များ၌ လုပ်ငန်း ကျွမ်းကျင်ရန် မလိုသည့် အလုပ်နေရာများ၌ မြန်မာနိုင်ငံသားများကိုသာ ခန့်ထားရန် သတ်မှတ်ထားကြောင်း သိရသည်။

လုပ်ငန်းကျွမ်းကျင် နေရာများတွင်လည်း သတ်မှတ်ထားသည့် ရာခိုင်နှုန်းအလိုက် နိုင်ငံသားများ ထည့်သွင်းခန့်ထားရမည် ဖြစ်ပြီး နိုင်ငံသားများ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရန် အတွက်လည်း လေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်းများ စီစဉ် ဆောင်ရွက်ပေးရန် သတ်မှတ်ထားကြောင်း သိရသည်။

''မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ အခန်း ၁၁၊ ပုဒ်မ ၅၁၊ ပုဒ်မခွဲ(ဂ) အရ ကျွမ်းကျင်မှု မလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်လို့ ဖော်ပြထားတယ်။ အဲဒီပုဒ်မရဲ့ ပုဒ်မခွဲ(က)မှာ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအတွက် နိုင်ငံ သား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ၀န်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမငါးနှစ် ကုန်ဆုံးသည့် အချိန်တွင် နိုင်ငံသား အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယငါးနှစ် ကုန်ဆုံးသည့်အချိန်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယငါးနှစ် ကုန်ဆုံးသည့် အချိန်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့် ထားရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီအတွက် ကျွမ်းကျင်လုပ်သား နေရာမှာလည်း မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်ရဖို့ ရှိနေပါတယ်''ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ပုဒ်မ ၅၁၊ ပုဒ်မခွဲ (ခ) တွင် ပုဒ်မခွဲ(က)အရ ခန့်ထားနိုင်ရန် နိုင်ငံသား ၀န်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရေး အတွက် လေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်း တို့ကို စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အဆိုပါပုဒ်မ ၅၁  အောက်တွင် ပါဝင်သော အခြားပုဒ်မခွဲများ၌ ကျွမ်းကျင်မှု မလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်၊ အလုပ်သမား စုဆောင်းခြင်းကို အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေး ရုံးမှလည်းကောင်း၊ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး ကိုယ်စားလှယ်များမှ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူ၏ အစီအစဉ်ဖြင့် လည်းကောင်း ဆောင်ရွက်ရမည်၊ နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ၀န်ထမ်းများ ခန့်ထားရာတွင် တည်ဆဲ အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက် စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည်ဟု ပါဝင်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်များ တည်ဆောက်လျက် ရှိနေပြီး အဆိုပါ တည်ဆောက်မှုများတွင် မြန်မာနိုင်ငံသားများ အတွက် အလုပ် အကိုင် အခွင့်အလမ်း ရှိနေသည့်အပေါ် ''ဒီဥပဒေအရဆိုရင် လက်ရှိ တည်ဆောက်နေတဲ့ အပိုင်းမှာ မြန်မာနိုင်ငံသား လုပ်သားတွေကိုပဲ ခန့်ရမယ်။ ကျွမ်းကျင်လုပ်သား နေရာတွေမှာလည်း သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းအတိုင်း ခန့်ထားရတော့မှာပေါ့။ မဟုတ်ရင်တော့ ဥပဒေနဲ့ မကိုက်ညီဘဲ ဖြစ်တော့မှာလေ''ဟု အထူးစီးပွားရေးဇုန် ဥပဒေကို လေ့လာထားသည့် လုပ်ငန်းရှင်တစ်ဦးလည်း ရှင်းပြခဲ့သည်။

နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ၀န်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်း စတင်သည့်နှစ်မှ ပထမငါးနှစ် ကုန်ဆုံးသည့် အချိန်တွင် နိုင်ငံသား အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယငါးနှစ် ကုန်ဆုံးသည့် အချိန်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယငါးနှစ် ကုန်ဆုံးသည့် အချိန်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့် ထားရမည်လို့ ပြဋ္ဌာန်းထားပါတယ်။
Credit : Eleven Media