xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထားဝယ်ဆိပ်ကမ်း အလားအလာ

Tuesday, February 15, 2011

ထားဝယ်ဆိပ်ကမ်း အလားအလာ

ထားဝယ် ရေနက်ဆိပ်ကမ်းသည် ယခုအခါ နိုင်ငံတကာမှ အာရုံစိုက်ခံနေရသော မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် ဖြစ်လာမှုနှင့်အတူ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်သော နှစ် ၆၀ စီမံကိန်းအရ တည်ဆောက်ဆဲ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ မြန်မာနိုင်ငံသားများအတွက် မည်သည့်အခွင့်အလမ်းနှင့် အကျိုးအမြတ်များ ရရှိလာနိုင်မည်ဖြစ်သည်ကို ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းအတွင်း လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီတစ်ခုမှ အကြံပေးအရာရှိဖြစ်သူ ဦးကျော်မျိုးဝင်း  နှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
မေး - ထားဝယ်ရေနက် ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းရဲ့ အားသာချက်တွေကို သိပါရစေ။
ဖြေ - မြန်မာနိုင်ငံရဲ့ပထ၀ီအနေအထားအရ ထားဝယ်ရေနက်ဆိပ်ကမ်း ဟာ အရှေ့တောင်အာရှ ရေနက်ဆိပ်ကမ်းတွေထက် အားသာချက်တွေရှိတယ်။ ပြီးတော့ ဆိပ်ကမ်းတွေထဲမှာမှ ထားဝယ်ရေနက်ဆိပ်ကမ်း ရဲ့ရေဆူးဟာ ၁၆၊ ၁၇မီတာရှိတယ်။ စူးအက်နဲ့ စင်ကာပူဆိပ်ကမ်းက ရေဆူးနဲ့တူညီနေတယ်။ နိုင်ငံတကာက သင်္ဘောကြီးတွေ ၀င်ထွက်သွားလာနိုင်တယ်။ သင်္ဘော ၂၅ စင်း တစ်ပြိုင်တည်း ရပ်နားနိုင်တဲ့ အပြင် လက်ရှိစူးအက်နဲ့ တောင်တရုတ်ပင်လယ်၊ အိန္ဒိယသမုဒ္ဒရာဘက်ကနေ စင်ကာပူကို တိုက်ရိုက်သွားနေတဲ့ သင်္ဘောကြီးတွေဟာ ထားဝယ်ဆိပ်ကမ်းမှာ နားလိုက်ခြင်းဖြင့် သယ်ယူခနဲ့အချိန်ကို အများကြီး သက်သာသွားစေတယ်။ စင်ကာပူကို သွားမယ့်နေရာမှာ ထားဝယ်ကို ၀င်လိုက်ခြင်းဖြင့် နော်တီကယ်မိုင်၅၀၀၊ ၆၀၀ လောက်သွားရမယ့်ခရီးကို သက်သာစေတယ်။ သင်္ဘောကြီးတွေကုန်ကျမယ့် အမေရိကန်ဒေါ်လာ နှစ်သိန်း ကနေ သုံးသိန်းကြား သက်သာစေမယ့် Cost Centre ဖြစ်လာစေတာဟာ ထားဝယ် ရဲ့အားသာချက်ပါ။
မေး - စီးပွားရေးအရရော ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာစေမှာ လဲဆိုတာ ပြောပြပေးပါဦး။
ဖြေ - သူ့ရဲ့တည်ဆောက်ရေး စီမံကိန်းမှာကိုက အထူးစီးပွားရေးဇုန် ဖြစ်လာမယ်။ စီးပွားရေးဇုန်ဖြစ်လို့ လာတဲ့ကုန်မှန်သမျှကို တစ်ခါတည်း စက်မှုလုပ်ငန်းတွေထဲ စီးဆင်းသွားစေမှာ ဖြစ်တဲ့အပြင် ကိုယ့်နိုင်ငံကို မ၀င်ဘဲ တခြားနိုင်ငံကို တစ်ဆင့်ဖြန့် ဖြူးပေးနိုင်မယ့် Distribution Centre သဘောမျိုးလည်း အသုံးပြုလို့ရတယ်။ အဲဒီမှာ ဆိပ်ကမ်းရဲ့ ၀န်ဆောင်မှုက အရမ်းကို အရေးပါသွားပြီ။ သင်္ဘောတစ်စင်း ၀င်လာတာနဲ့ သူ့အတွက်အချိန်ကို လုံးဝသက်သာစေနိုင်မယ့် နည်းလမ်းမျိုးတွေ ဆိပ်ကမ်းက လုပ်ပေးနိုင်ဖို့ အရေးကြီးတယ်။

မေး - လက်ရှိစီမံကိန်း အနေအထားအရ ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်မှာ ဘယ်လိုကုန်ပစ္စည်းတွေ ၀င်ရောက် လာနိုင်မလဲ။
ဖြေ - အဓိကကတော့ ကုန်ကြမ်းတွေ ၀င်လာနိုင်သလို Semi-Finished Goods တွေလည်း ဖြစ်လာနိုင်တယ်။ လက်ရှိအနေအထားအရ ပြောရရင် ကွန်တိန်နာဆိုလည်း Dry တွေပဲဖြစ်ဖို့များတယ်။ အဓိကက ဘယ်သင်္ဘောမဆို ဘယ်ပစ္စည်း တင်လာလာ ဆိပ်ကမ်းက ကိုယ့်အလုပ်ကိုယ် ပီပြင်စွာလုပ်နိုင်ဖို့ပဲ လိုပါတယ်။
မေး - ဒီစီမံကိန်းရဲ့ အကျိုးဆက်နဲ့ အလားအလာတွေ ဘယ်လိုရှိလာနိုင်မလဲဆိုတာ ရှင်းပြပေးပါဦး။
ဖြေ - အကျိုးအမြတ်ကတော့ များပါတယ်။ ပြောရရင် ဒီစီမံကိန်းက မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံးနဲ့ ပထမဦးဆုံးပါ။ နိုင်ငံတကာအဆင့်မှာ မြန်မာဟာ ၀င်ဆံ့လာနိုင်ပြီဖြစ်သလို လူ့စွမ်းအားရင်းမြစ်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာနိုင်တယ်။ သူများနိုင်ငံမှာ သွားအလုပ်လုပ်နေရတဲ့ သူတွေလည်း ကိုယ့်နိုင်ငံထဲမှာတင် လုပ်ကိုင်လာနိုင်မှာဖြစ်သလို အဲဒီလို လုပ်ခွင့်တွေလည်း ဒီကပေးသွားနိုင်ဖို့လိုတယ်။ ဒေသတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း နိုင်ငံတကာ Level  တွေနဲ့ ယှဉ်လာကြရတဲ့အခါမှာ အတွေးအခေါ်ပိုင်းတွေကအစ ပိုပြီးပွင့်လင်းလာမှာပဲ လေ။
မေး - မကြာသေးမီက ပြဋ္ဌာန်းလိုက်တဲ့ အထူးစီးပွားရေးဇုန် ဥပဒေကရော စီမံကိန်းအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာစေမှာလား။
ဖြေ -  အထူးစီးပွားရေးဇုန် ဥပဒေဆိုတာ အဓိကကတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အခွင့်အလမ်းတွေ ချပြပေးတဲ့သဘောပါပဲ။ ကိုယ့်နိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေ၊ ဒါမှမဟုတ် Local က သူတွေအတွက် ဒီဇုန်မှာလာလုပ်ရင် Special အခွင့်အရေးတွေ ပေးတဲ့သဘောပဲ။ သူတို့တွေအတွက် အထူးအခွင့်အရေးတွေ ဖြစ်သလို Investors တွေကို မက်လုံးပေးတယ် ဆိုရင်လည်း မမှားပါဘူး။ ပရိုမိုးရှင်းလုပ်တဲ့သဘောပါပဲ။
မေး - စီမံကိန်းဇုန်အတွင်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားအခွင့်အရေး ကာကွယ်မှု ဥပဒေတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းချုပ်မှုတွေ ဘယ်လိုရှိထားလဲဆိုတာ သိပါရစေ။
ဖြေ - စီးပွားရေးဇုန်မှာ လာလုပ်မယ့် ကုမ္ပဏီတွေအများစုဟာ High Technology တွေနဲ့ ဓာတုဗေဒပစ္စည်းတွေ ထုတ်လုပ်မှာဖြစ်တဲ့အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ရှိစေမှာပဲ။ အစိုးရဘက်က ဒါတွေကို အပြည့် အ၀ထိန်းချုပ်မှုပေးနိုင်မယ့် စည်းမျဉ်းဥပဒေသတွေ လိုအပ်ပါတယ်။
မေး - ဆိပ်ကမ်း စတင်တည်ဆောက်တဲ့ အချိန်မှာပဲ နိုင်ငံတကာက ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့ အပေါ်မှာရော ဘယ်လိုသုံးသပ်မိပါလဲ။
ဖြေ - ဒါက ရှင်းပါတယ်။ ဘယ်သူ မှ မလုပ်ချင်လို့၊ မလုပ်နိုင်လို့ လုပ်နိုင်တဲ့သူကလာလုပ်တယ်။ ဒီအတွက် အကျိုးအမြတ် ရှိပါ့မလား၊ လွတ်လပ်ပါ့မလားဆိုတဲ့ မေးခွန်းတွေ၊ ဝေဖန်တာတွေထက် ရင်းနှီး မြှုပ်နှံတဲ့သူဆိုတာကလည်း သူ့အတွက် အကျိုးအမြတ်ကို ချိန်ဆပြီးမှ လုပ်ကြတာပါ။
မေး - ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တွေ ရှိလာပြီဆိုရင် ဈေးကွက်ယှဉ်ပြိုင်မှုတွေ မလွဲမသွေ ဖြစ်ပေါ်လာမယ်။ အဲဒီအခါမှာ ဘယ်အချက်တွေက အရေးကြီးလာမလဲဆိုတာ ဆရာ့အမြင်ကို ပြောပြပေးပါဦး။
ဖြေ - ဈေးကွက်မှာ အပြိုင်အဆိုင်ရှိလာပြီဆိုရင် အရေးကြီးတာ မျှတတဲ့မူဝါဒဖြစ်ဖို့ စီမံခန့်ခွဲတဲ့သူတွေ က လုပ်ပေးနိုင်ရမယ်။  monopolize စနစ်တွေ ရှိမလာဖို့လည်း အရေးကြီးတယ်။ မျှတတဲ့ဈေးကွက် ယှဉ်ပြိုင်မှုတွေကို ခွင့်ပြုပေးဖို့ လည်းလိုတယ်။ ပြီးတော့ ဆိပ်ကမ်းအနေနဲ့ သူ့ဆီကိုဝင်လာမယ့် သင်္ဘောတွေ၊ Owners တွေ၊ Cargos တွေကို သူကြိုက်တာ ရွေးချယ်ခွင့်ပေး နိုင်ဖို့လည်း လိုတယ်။ ဆိပ်ကမ်း ဆိုတာ သင်္ဘောလိုင်းရယ်၊ သင်္ဘော ရယ်၊ Cargos တွေအတွက် တစ်ခုတည်းသော ပေါင်းကူးအနေနဲ့ပဲ ဖြစ်သင့်တယ်။ ၀င်လာတဲ့သင်္ဘောတိုင်းကို ထိန်းချုပ်ဖို့မဖြစ်သင့်ပါဘူး။                  
Credit: Eleven Media